အမေရိကန် ဒဏ်ခတ်ပိတ်ဆို့မှုက မြန်မာမှ ထိုင်းနှင့် တရုတ်သို့ ဓာတ်ငွေ့တင်ပို့မှုအတွက် အကျပ်အတည်းဖြစ်ပေါ်စေ

အမေရိကန် ဒဏ်ခတ်ပိတ်ဆို့မှုက မြန်မာမှ ထိုင်းနှင့် တရုတ်သို့ ဓာတ်ငွေ့တင်ပို့မှုအတွက် အကျပ်အတည်းဖြစ်ပေါ်စေ

စစ်ကောင်စီ၏ နိုင်ငံပိုင် မြန်မာ့ရေနံနှင့် ဓာတ်ငွေ့လုပ်ငန်း (MOGE) အပေါ် အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခြင်းက မြန်မာမှ ဓာတ်ငွေ့ကို ဝယ်ယူသည့် ထိုင်းနှင့် တရုတ်၏ သမားရိုးကျ ဘဏ်လုပ်ငန်းစနစ်များမှတဆင့် ငွေပေးချေမှုများ ပြုလုပ်နိုင်စွမ်းအပေါ် အကြီးအကျယ် ထိခိုက်စေနိုင်ပြီး မြန်မာတွင် ဓာတ်ငွေ့ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများကိုလည်း လျော့ကျစေနိုင်ကြောင်း ဥပဒေရေးရာ ကျွမ်းကျင်သူများနှင့် လုပ်ငန်းဆိုင်ရာ အမှုဆောင်များက ပြောသည်။

ဒဏ်ခတ်ပိတ်ဆို့မှုများသည် စစ်ကောင်စီထံ ငွေကြေးထောက်ပံ့မှုအတွက် မြန်မာ၏ ရေနံနှင့် ဓာတ်ငွေ့ တင်ပို့ရောင်းချမှုများအပေါ် ဝါရှင်တန်က ပထမဆုံးအကြိမ်အဖြစ် တိုက်ရိုက် ပစ်မှတ်ထားခြင်း ဖြစ်ပြီး ကမ္ဘာတဝန်း ဓာတ်ငွေ့ထောက်ပံ့ရောင်းချမှုပိုင်း ကျပ်တည်းနေချိန်တွင် ထိုင်းနှင့် တရုတ်တို့၏ စွမ်းအင်လုံခြုံမှု (ဖူလုံမှု) အပေါ် ထိခိုက်စေမည့် အလားအလာ ရှိသည်။

ရေရှည်တွင် ထိုင်းနိုင်ငံ၌ LNG တင်သွင်းမှုများအပေါ် ပိုမို အားကိုးသည့် ဓာတ်ငွေ့ မဟာဗျူဟာတရပ်ကို ပေါ်ပေါက်စေနိုင်သလို မြန်မာတွင် ထုတ်လုပ်မှုက အမြင့်ဆုံး ရောက်ရှိပြီး စတင်ကျဆင်းချိန်တွင် ပိုက်လိုင်းဖြင့် ပို့သည့် ဓာတ်ငွေ့များနေရာတွင် အစားထိုးရန် တရုတ်တောင်ပိုင်းတွင် အခြားရွေးချယ်စရာ လောင်စာ ရင်းမြစ်များဆီ ကူးပြောင်းမှုတခုကို ဖြစ်ပေါ်စေနိုင်သည်။ မြန်မာသည် အဓိက ကမ်းလွန် ဓာတ်ငွေ့လုပ်ကွက်များဖြစ်သည့် ရတနာ၊ ရဲတံခွန်နှင့် ဇောတိကတို့မှ ထုတ်လုပ်သည့် သဘာဝဓာတ်ငွေ့ အများစုကို ပြည်ပသို့ တင်ပို့ပြီး အကြမ်းဖျင်းအားဖြင့် သုံးပုံ နှစ်ပုံကို ထိုင်းသို့ တင်ပို့ကာ သုံးပုံ တပုံကို တရုတ်တောင်ပိုင်း ပြည်နယ်များသို့ တင်ပို့သည်။

အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန၏ နိုင်ငံရပ်ခြား ပိုင်ဆိုင်မှုများ ထိန်းချုပ်ရေးရုံး (OFAC) က အောက်တိုဘာ ၃၁ ရက်တွင် ဒဏ်ခတ်ပိတ်ဆို့မှုအသစ်များ ချမှတ်ခဲ့ရာ ချေးငွေများ၊ လွှဲပြောင်းမှုများ၊ အကောင့်များ၊ အာမခံ၊ ရင်းနှီးမြှုပ်နှံမှုများ၊ အာမခံ ခံဝန်ချုပ်များ၊ အာမခံပစ္စည်းများ၊ နိုင်ငံခြားငွေလဲလှယ်မှုများ၊ ငွေထုတ်ခွင့်ပေးစာများနှင့် (သွင်း၊ ပို့) ကုန် နည်းလမ်းများ အပါအဝင် MOGE အတွက် ဘဏ္ဍာရေး ဝန်ဆောင်မှုများကို ပိတ်ပင်ဟန့်တားခဲ့သည်။

OFAC ၏ ညွှန်ကြားချက်က အမေရိကန် လူပုဂ္ဂိုလ်များကို ရည်ရွယ်ပြီး ၂၀၂၃ ၊ ဒီဇင်ဘာ ၁၅ ရက်နောက်ပိုင်း အမေရိကန်လူပုဂ္ဂိုလ်တဦးက MOGE ၏ အကျိုးအတွက် သို့မဟုတ် MOGE ထံ ဘဏ္ဍာရေးဝန်ဆောင်မှုကို တိုက်ရိုက်ဖြစ်စေ၊ သို့မဟုတ် သွက်ဝိုက်ဖြစ်စေ ထောက်ပံ့ခြင်း၊ တင်ပို့ခြင်း သို့မဟုတ် ထပ်ဆင့် တင်ပို့ခြင်းအပေါ် ဟန့်တားပိတ်ပင်သည်။

“ညွှန်ကြားချက်က အမေရိကန် မဟုတ်တဲ့ သူတွေ MOGE နဲ့ လုပ်ငန်းလုပ်ကိုင်မှုကို တိုက်ရိုက် တားမြစ်ခြင်း မရှိပါဘူး။ ဒါပေမယ့် ဒီ ညွှန်ကြားချက်က အမေရိကန် မဟုတ်တဲ့ အဖွဲ့အစည်းတွေ (ထိုင်းနှင့် တရုတ်ကုမ္ပဏီများ အပါအဝင်) MOGE နဲ့ လုပ်ငန်းလုပ်ကိုင်မှုအပေါ်မှာ သွက်ဝိုက် အကျိုးဆက်တွေ ရှိပါလိမ့်မယ်” ဟု စင်္ကာပူအခြေစိုက် Kennedys Legal Solutions မှ partner ဖြစ်သည့် ကာနန် သီရူပတ်သီက ပြောသည်။

“ဘဏ်လုပ်ငန်း လမ်းကြောင်းတွေကနေတဆင့် ငွေပေးချေမှုတွေမှာ အမေရိကန်ဘဏ်တွေ (ယင်းတို့က တားမြစ်မှုများကို လိုက်နာရမည့် အမေရိကန်ပုဂ္ဂိုလ်များဖြစ်) ပါဝင်မှာဖြစ်တဲ့အတွက် MOGE နဲ့ ငွေပေးငွေယူမှုတွေမှာ အမေရိကန်ဒေါ်လာနဲ့ ပေးချေမှုတွေက လက်တွေ့မှာ မဖြစ်နိုင်သလောက်ဆိုသလို ဖြစ်ပါလိမ့်မယ်” ဟု သီရူပတ်သီက ပြောသည်။

အမေရိကန် မဟုတ်သည့် အဖွဲ့အစည်းများအနေဖြင့် တားမြစ်ချက်များကို ချိုးဖောက်ရာ ရောက်မည့် သို့မဟုတ် တိမ်းရှောင်မည့် ကြိုးပမ်းမှုများ ပါဝင်ပတ်သက်နေသည့် ငွေပေးငွေယူမှုတိုင်းတွင် မပါဝင်မိစေရေး သတိထားဂရုစိုက်ရန် လိုမည် ဖြစ်ပြီး ဥပမာအားဖြင့် တားမြစ်ပိတ်ပင်ချက်ကို ချိုးဖောက်လျက် MOGE ထံ အမေရိကန်ဘဏ်တခုက ငွေပေးချေမှု ပြုလုပ်မိသလို ဖြစ်စေရန် ငွေပေးချေမှု  ညွှန်ကြားချက်များနှင့်ပတ်သက်သည့် အချက်အလက်ကို လုပ်ငန်းအဖွဲ့တခုက မမှန်မကန် ထုတ်ဖော်ကြေညာသည့် ငွေပေးငွေယူမှုတခုတွင် ပတ်သက်ခြင်းမျိုးကို သတိထားဂရုစိုက်ရလိမ့်မည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

“နိုင်ငံတကာ ရောင်းချမှုတွေမှာ အခြားအစားထိုး ငွေကြေးတွေ အသုံးပြုမှုနဲ့ပတ်သက်လို့ ဆွေးနွေးမှုတွေ ကာလကြာကတည်းက ရှိပါတယ်။ နိုင်ငံတကာ ကုန်သွယ်မှုတွေမှာ (အမေရိကန်ဒေါ်လာအစား) အခြားငွေကြေးတွေ အသုံးပြုတာတွေ ရှိပါတယ်။ ဒါကြောင့် MOGE နဲ့ ငွေပေးငွေယူလုပ်မှုတွေနဲ့ ပါဝင်တဲ့ သက်ဆိုင်သူတွေအနေနဲ့ အမေရိကန်ဒေါ်လာအစား အခြားငွေကြေးတွေနဲ့ ပြောင်းလဲလုပ်ဆောင်မယ်ဆိုရင် အံ့အားသင့်စရာတော့ ရှိမှာမဟုတ်ဘူး” ဟု သီရူပတ်သီက ပြောသည်။
ထိုင်း၏ နိုင်ငံပိုင် ရေနံနှင့် ဓာတ်ငွေ့ကုမ္ပဏီ PTT က စုံစမ်းမေးမြန်းမှုကို တုံ့ပြန်ဖြေကြားခြင်း မရှိပေ။

ဖက်စပ်လုပ်ငန်းများ၊ ရင်းနှီးမြှုပ်နှံမှုများ
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အစိုးရကို စစ်တပ်က ဖြုတ်ချအာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်တွင် ထိုင်းသည် ယင်း၏ သဘာဝဓာတ်ငွေ့ အသုံးပြုမှု၏ ၃၂ ဒသမ ၂ ရာခိုင်နှုန်းခန့်ကို ပြည်ပမှ ဝယ်ယူတင်သွင်းခဲ့ပြီး ယင်းတွင် မြန်မာမှ ပိုက်လိုင်းဖြင့် တင်သွင်းမှုက ၁၅ ရာခိုင်နှုန်းနှင့် သင်္ဘောဖြင့်တင်ဆောင်သော LNG မှ ၁၈ ရာခိုင်နှုန်း ရှိကြောင်း တရားဝင် ဒေတာအချက်အလက်များက ပြသသည်။

၂၀၂၂ တွင် ပြည်တွင်း ထုတ်လုပ်မှု ကျဆင်းခြင်းနှင့်အတူ ထိုင်း၏ LNG အပေါ် အားကိုးမှုက ၂၂ ရာခိုင်နှုန်းနှင့် မြန်မာဓာတ်ငွေ့အပေါ် မှီခိုမှုက ၁၆ ရာခိုင်နှုန်းကို မြင့်တက်ခဲ့သည်။ တရုတ်အတွက် မြန်မာသည် စုစုပေါင်း ဓာတ်ငွေ့ သုံးစွဲမှု၏ ၁ ရာခိုင်နှုန်းဝန်းကျင်နှင့် ပိုက်လိုင်း ဓာတ်ငွေ့ တင်သွင်းမှု စုစုပေါင်း၏ ၆ ရာခိုင်နှုန်း စာရင်းပေါက်သည်။ ထို့ပြင် မြန်မာသည် ပိုက်လိုင်းများမှတဆင့် တရုတ်သို့ ရေနံ တင်ပို့သည်။
ဂျပန်၊ အမေရိကန်၊ ဩစတြေးလျနှင့် စင်္ကာပူကဲ့သို့ နိုင်ငံများသည် စစ်အာဏာသိမ်းမှုမတိုင်မီ မြန်မာတွင် စွမ်းအင်နှင့် အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုများကို တိုးမြှင့်ခဲ့သည်။

ရေနံနှင့် ဓာတ်ငွေ့ ရှာဖွေတူးဖော်သည့် စီမံကိန်းများက အာရှ၏ အဆင်းရဲဆုံးနိုင်ငံတနိုင်ငံဖြစ်သော မြန်မာအတွက် ဓာတ်ငွေ့ ထုတ်လုပ်မှုနှင့် တင်ပို့မှု ဝင်ငွေများကို ကူညီ တိုးမြင့်စေရန် ရည်ရွယ်ခဲ့သော်လည်း လက်ရှိတွင် ရင်းနှီးမြှုပ်နှံသူအများစုသည် မြန်မာမှ ပြန်လည်ထွက်ခွာသွားကြပြီဖြစ်သည်။ ယခုနောက်ဆုံး အရေးယူဒဏ်ခတ်မှုများက ရေနံနှင့် ဓာတ်ငွေ့ စီမံကိန်းများတွင် ရှေ့ကာလ ရင်းနှီးမြှုပ်နှံမှုမှန်သမျှကိုပိတ်ဆို့စေကြောင်း လုပ်ငန်းဆိုင်ရာ အမှုဆောင်များက ပြောသည်။

“MOGE က တိုက်ရိုက် ဒါမှမဟုတ် သွက်ဝိုက်ပြီးတော့ ၅၀ ရာခိုင်နှုန်းကျော် ပိုင်ဆိုင်တဲ့ ဖက်စပ်လုပ်ငန်းတွေနဲ့ လုပ်ငန်းခွဲတွေဟာ လက်ရှိမှာ ပိတ်ပင်တားမြစ်ချက်အသစ်တွေကြောင့် ပိတ်မိနေပါပြီ။ ဆိုတော့ မြန်မာမှာ လုပ်ငန်းလုပ်ကိုင်တဲ့ ကုမ္ပဏီတွေအနေနဲ့ သူတို့နဲ့ ဆက်ဆံပတ်သက်နေတဲ့ ကုမ္ပဏီတွေက တားမြစ်ပိတ်ပင်ချက်အသစ်တွေမှာ ပိတ်မိကျရောက်နေသလားဆိုတာကို စုံစမ်းစစ်ဆေးဖို့ လိုပါလိမ့်မယ်” ဟု သီရူပတ်သီက ပြောသည်။

MOGE နှင့် ဖက်စပ်လုပ်ငန်းများတွင် ပါဝင်သည့် နိုင်ငံခြားကုမ္ပဏီများအနေဖြင့် ဖက်စပ်လုပ်ငန်း ယန္တရားက ဒဏ်ခတ်ပိတ်ဆို့မှုအသစ်များကို နာခံလာရမည်လား ဆိုသည်ကို စဉ်းစားရန် လိုလိမ့်မည်ဟု ၎င်းက ပြောသည်။
“ဒါကြောင့် MOGE နဲ့ ဖက်စပ်လုပ်ငန်းတွေမှာ ပါဝင်တဲ့ (သို့မဟုတ် MOGE လုပ်ငန်းခွဲများတွင် ရှယ်ယာများ ရှိထားသည့်) ကုမ္ပဏီများအနေနဲ့ ပိတ်ပင်တားမြစ်ချက်အသစ်တွေကြောင့် ပိုပြီး အလေးအနက် ထိခိုက်ခံရဖွယ် ရှိတယ်” ဟု ၎င်းက ပြောသည်။