မြဝတီ-ထို့ကော်ကိုးလမ်းအား အတက်၊ အဆင်း ၁ ရက်စီ သတ်မှတ်

မြဝတီ- ထို့ကော်ကိုးလမ်းတွင် ယာဉ်ပိတ်ဆို့မှု အခြေအနေ မြင်ကွင်း (ဓါတ်ပုံ- CJ)

YT(မဇ္ဈိမ)။ ။ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တဝိုက်တွင်ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် အသုံးပြုသူ များပြားလာသည့် မြဝတီ-ထို့ကော်ကိုးလမ်းအား အတက်၊ အဆင်း တရက်စီသက်မှတ်လိုက်ကြောင်း KNU/ KNLA PC တပ်ဖွဲ့ဝင်တဦးထံက သိရသည်။

ကော့ကရိတ်မြို့နယ်နှင့် သင်္ကန်းညီနောင်တဝိုက်တွင်ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် မြဝတီ-ကော့ ကရိတ် အာရှလမ်းနှင့် ဒေါနတောင်ပေါ်လမ်းတို့ အသုံးပြု၍မရသဖြင့် ခရီးသည်တင်ယာဉ်များ၊ ကုန်တင် ယာဉ်များနှင့် အိမ်စီးကားများသည် မြဝတီ-ထို့ကော်ကိုး တောလမ်းအား အသုံးပြုကာ ကူးသန်းသွားလာ ရေးပြုလုပ်နေရသည်ဟု ယာဉ်မောင်းများထံက သိရသည်။

ထို့ကော်ကိုးလမ်းသည် တောင်တက်လမ်း၊ လမ်းကျဉ်းဖြစ်ပြီး ယခုရက်ပိုင်းအတွင်း ယာဉ်အသွားအလာ များသဖြင့် ယာဉ်ပိတ်ဆို့မှုများ မကြာခဏဖြစ်ပေါ်နေ၍ ယနေ့ ဒီဇင်ဘာလ ၁၈ ရက်နေ့မှစကာ အတက်၊ အဆင်း တရက်စီ သတ်မှတ်လိုက်ခြင်းဖြစ်သည်ဟု KNU/ KNLA PC တပ်ဖွဲ့ဝင်က ဆိုသည်။

“နဘူးလမ်းကနေ ၁၂ ဘီးကားတွေ ကုန်ကားကြီးတွေ ပေးမသွားဘူး။ လမ်းကမြေနီလမ်းလေ၊ ကားကြီး တွေတက်တာများရင် လမ်းကပျက်သွားတာ။ ရေရှည်သုံးမရတော့ဘူး” ဟု ယာဉ်မောင်းတဦးကပြော သည်။

ယနေ့ ဒီဇင်ဘာလ ၁၈ ရက်နေ့သည် ဘားအံဘက်မှ မြဝတီဘက်သို့ အတက်ကားများ သွားနိုင်မည့် ရက်ဖြစ်ပြီး ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် မြဝတီဘက်မှ ဘားအံဘက်သို့ဆင်းမည့်ကားများ သွားလာရမည့် ရက်ဖြစ်ကြောင်း သိရသည်။

“လုံးဝ မသွားလာရတာထက်စာရင် အခုလို အတက်၊ အဆင်းလေးနဲ့ကျတော့ ပိုအဆင်ပြေတာပေါ့။ ထို့ကော်ကိုးလမ်းမှာက ဒီအာရှလမ်းတွေလို ဂိတ်တွေက အများကြီး သိပ်မရှိပါဘူး။ PC (KNU/KNLA PC) ဂိတ်တွေတော့ တွေ့တယ်။ တခြား ကရင်ဂိတ်တွေလည်းတွေ့တယ် ဘယ်အဖွဲ့တွေလည်းတော့ မသိဘူး။ ကျန်တာတော့ အေးဆေးပါပဲ သွားလာရတာ” ဟု ယာဉ်မောင်းတဦးက မဇ္ဈိမကိုပြောသည်။

ထို့ကော်ကိုးလမ်းပေါ်တွင် KNU/ KNLA PC နှင့် ကရင်နယ်ခြားစောင့်တပ်(BGF)များ ဂိတ် အထိုင်ချကာ စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း ယာဉ်မောင်းများထံက သိရသည်။

ကော့ကရိတ်မြို့နယ်တဝိုက်တွင် ဒီဇင်ဘာလ ၁ ရက်နေ့မှစ၍ ယနေ့ ဒီဇင်ဘာလ ၁၈ ရက်နေ့အထိ KNLA ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်ဖွဲ့တို့အကြား တိုက်ပွဲများဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က လေ ကြောင်းတိုက်ခိုက်မှုများပြုလုပ်သဖြင့် ဒေသခံ ၂၀ ကျော် ထိခိုက်သေဆုံးပြီး သောင်းနှင့်ချီ၍ နေအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ