မုံရွာမြို့နယ် တောပုကျေးရွာသို့ ရိက္ခာပို့ပြန်လာသည့် စစ်ကောင်စီကား တိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံး

Area 71 People Defense Force/ဓါတ်ပုံ – ပေးပို့

ပါခွီး(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ လိုက်ပါလာ‌သော ရိက္ခာပို့သည့် ကားအား တိုက်ခိုက်ခဲ့ရာ နှစ်ဦးသေဆုံးသွားကြောင်း Area 71 People Defense Force ထံမှ သိရသည်။

“ကျနော်တို့ သတင်းအရ ကြိုစောင့်နေကြတာပါ။ အရပ်သားကားနဲ့ မှားမှာစိုးလို့ စစ်ဆေးဖို့တားတာ သူတို့ က စပစ်ပြီးမောင်းပြေးလို့ အနောက်ကလိုက်ပြီး ပစ်ခဲ့ကြတာပါ” ဟု Area 71 People Defense Force မှ တာဝန်ရှိသူတဦးက မဇ္စျိမကိုပြောသည်။

မုံရွာမြို့ပေါ်မှ တောပုကျေးရွာရှိ ပျူစောထီးများအား ရိက္ခာပို့ဆောင်ပြီး အပြန်လမ်းတွင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ဖရဲသီးသတင်းပေးချက်အရ ပျူစောထီးခြောက်ဦး လိုက်ပါလာသော ရိက္ခာလာပို့သည့် Light Truck ကား ကို ဒီဇင်ဘာလ ၁၈ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု Area 71 People Defense Forceမှ တာဝန်ရှိသူတဦးက ပြောသည်။

မောင်းပြေးသည့်ကားနောက်မှ ဆိုင်ကယ်များဖြင့်လိုက်လံပစ်ခတ်ခဲ့ရာ ယာဉ်မောင်းဘေးမှတဦးနှင့် အနောက်ခန်းတွင်ပါလာသူ လေးဦးအနက်တဦး သေဆုံးသွားကြောင်း အနီးကပ်မြင်တွေ့ခဲ့ရသည်ဟု ကာကွယ်ရေးတာဝန်ရှိသူက ဆက်ပြောသည်။

တိုက်ခိုက်ခံသည့်ကားမှာ မုံရွာမြို့အတွင်းသို့ ဆက်လက်မောင်းပြေးသွားခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုအပြီး တောပုရွာ၌တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့က အနီးပတ်ဝန်းကျင်ရှိ ကျေး ရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်လျက်ရှိပြီး ထိခိုက်ပျက်စီးမှုအခြေအနေကို မသိရှိရသေးပေ။

တောပုရွာရှိပျူစောထီးများသည် အနီးပတ်ဝန်းကျင်ကျေးရွာများအား စစ်ကောင်စီတပ်ဖွဲ့က စစ်ကြောင်း ထိုးရာတွင်လိုက်ပါခြင်းနှင့် မုံရွာ-မန္တလေးလမ်းမပေါ်၌ ဂိတ်များဖွင့်လှစ်ပြီး ခရီးသွားများကို စစ်ဆေးလေ့ရှိ ကြောင်း သိရသည်။

ဒီဇင်ဘာလ ၂ ရက်နေ့က တောပုကျေးရွာမှ ပျူစောထီးများနှင့် စွမ်းရည်ထက်ဆီဆိုင်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်သား ၃၀ ခန့် ပူးပေါင်းပြီး ကြာပိုင်ကျေးရွာအားဝင်ရောက်စီးနင်း၍ အရပ်သား ၁၀ ဦးကို မီးရှို့သတ်ခဲ့ပြီး နေအိမ်အလုံး ၂၀၀ ခန့်မီးရှို့ ဖျက်ဆီးခဲ့သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်ကပြောသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ