မြေပုံမြို့နယ်တွင် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲ၍ ၃ ဦးထိခိုက်ဒဏ်ရာရ

ဓါတု(မဇ္ဈိမ)။ ။ ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်တွင် ဒီဇင်ဘာလ ၁၇ရက်နေ့က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ကမ်းထောင်းကြီးမြို့က အမျိုးသမီးတစ်ဦးနှင့် အမျိုးသားနှစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံက သိရသည်။

လက်ရှိတွင် ထိခိုက်ဒဏ်ရာရရှိသူများမှာ ဆေးကုသမှုခံယူနေပြီး ဒဏ်ရာမပြင်းထန်ကြောင်း ဒေသခံများက ဆိုသည်။

အမ်းမြို့ရှိ ကဇူးကိုင်းတောဟိန်းတောင်တွင် အထိုင်ချထားသော စစ်ကောင်စီဗျူဟာကုန်းမှ မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့သို့ ဒီဇင်ဘာလ ၁၇ ရက် ည ၈နာရီ ဝန်းကျင်မှ ၉ နာရီ ၁၅ မိနစ်အထိ တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများကဆိုသည်။

လက်နက်ကြီးပစ်ခတ်‌သံကြောင့်အသက်၆၀အရွယ် အမျိုးသားတဦး အကြောက်လွန်ကာ နှလုံးရပ်၍ သေဆုံးခဲ့ပြီး နေအိမ်အချို့ ပျက်စီးမှုလည်းရှိခဲ့ကြောင်း ဒေသခံထံက သိရသည်။

“တောက်လျှောက်ပစ်တာ။သူကအသက်ကြီးပိုင်းထဲက နဂိုထဲကကျန်းမာရေးသိပ်မကောင်းဘူး လက်နက်ကြီးပစ်သံကြောင့် ကြောက်လန့်ပြီး ဆုံးသွားတာ၊ ကျန်တဲ့သူတွေကတော့ ခြေထောက်တွေထိပြီး ဒဏ်ရာရပါတယ်”ဟု ဒေသခံတဦးက မဇ္စျိမကိုပြောသည်။

ဒီဇင်ဘာလ ၁၇ ရက်နေ့က အမ်းမြို့နယ်တွင် စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားမှု နှင့် အင်အားဖြည့်တင်းမှုများ ပြုလုပ်ခဲ့၍ ရက္ခိုင့်တပ်တော် (AA) နှင့် ထိတွေ့တိုက်ပွဲအချို့ ရှိခဲ့ကြောင်းလည်း သိရသည်။

စစ်အင်အားဖြည့်တင်းလျက်ရှိသော ယင်းကဇူးကိုင်းကုန်းမှ ကမ်းထောင်းကြီးမြို့ အတွင်းသို့လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ ပေါက်ကွဲမှုကြောင့် ဒေသခံများထိခိုက်ခဲ့ကြောင်း ရက္ခိုင့်တပ်တော် AA က ထုတ်ပြန်ထားသည်။

ဒီဇင်ဘာလ ၁၇ ရက်နေ့ည ၉နာရီ နောက်ပိုင်းမှစ၍ လက်ရှိအချိန်အထိ လက်နက်ကြီးပစ်ခတ်မှုများ မရှိကြောင်းလည်း ဒေသခံထံက ‌သိရသည်။

ယင်းကမ်းထောင်းကြီးမြို့အား ဒီဇင်ဘာလ ၁၅ ရက်ကလည်း စစ်ကောင်စီတပ်ဖွဲ့က နံနက် အစောပိုင်းမှစ၍ ညနေ ၄ နာရီအထိ လက်နက်ကြီးများဖြင့် တနေကုန်ပစ်ခတ်နေကြောင်း ဒေသခံများက ဆိုသည်။

အဆိုပါမြို့နှင့် အနီးနားရှိ ကျေးရွာများအားလက်နက်ကြီးများဖြင့် ပစ်ခတ်နေသည့်အကြောင်းရင်းမှာ ရက္ခိုင့်တပ်တော် (AA) ကဒီဇင်ဘာလ ၁၄ ရက်တွင် ကြေညာခဲ့သည့် စခန်းသိမ်းတိုက်ပွဲစာရင်းများအရ ကမ်းထောင်းကြီးမြို့ပေါ်ရှိ ရဲစခန်းအား သိမ်းပိုက်သည့်စာရင်း ပါရှိသောကြောင့် ပစ်ခတ်ခြင်းဖြစ်နိုင်ကြောင်း ဒေသခံတဦးက ၎င်း၏အမြင်ကို ပြောသည်။

“အဲ့ဒီမှာ နှစ်ပွင့်ရဲထိုင်တဲ့ ရဲစခန်းအကြီးတခုရှိတယ် အရင်ထဲက တယောက်မှ အပြင်မထွက်ဘူး တိုက်ပွဲဖြစ်တော့လဲ ခုခံတုံ့ပြန်တာမရှိဘဲ အထဲမှာပဲ နေကြတာ AA ဘက်က (၁၄၂)စခန်းမှာ ကမ်းထောင်းကြီးရဲစခန်း ပါလာကြောင်း ကြေညာပြီးနောက်ရက်မှာ မဲပစ်တော့တာပဲ အဲ့ဒီကဘာနဲ့အလားသ‌ဏ္ဍာန်တူလဲဆိုတော့ ပေါက်တောမြို့ကို AAကသိမ်းလိုက်ပြီဆိုပြီးကြေညာပြီးတဲ့နောက် ပေါက်တောကိုအင်နဲ့အားနဲ့စစ်ကောင်စီက ချတော့တာပဲ အဲ့ဒီလိုပုံစံဖြစ်နေတယ်” ဟု ၎င်းကပြောသည်။

စစ်ကောင်စီတပ်ဖွဲ့က ဒီဇင်ဘာလ ၁၇ ရက် တရက်ထဲပင် မြေပုံမြို့နယ် အပါအဝင် ဘူးသီးတောင်၊ မောင်တော၊ ပေါက်တော၊မြောက်ဦးမြို့တို့အား လက်နက်ကြီးများဖြင့် အကြိမ်ကြိမ်ပစ်ခတ်ခဲ့ကြောင်း ရက္ခိုင့်တပ်တော်(AA)က ထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်တော်(AA)၏ ထိုးစစ်ဆင်တိုက်ခိုက်မှု စတင်ခဲ့သော နိုဝင်ဘာလ ၁၃ ရက်မှစ၍ ဒီဇင်ဘာလ ၁၇ ရက်နေ့အထိ နှစ်ဖက်ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေပြီး ကျန်ရှိနေသေးသော စစ်ကောင်စီစခန်းများအား AA က သိမ်းပိုက်နိုင်ရေးအတွက် ပေါက်တောမြို့၊မြောက်ဦးမြို့၊အမ်းမြို့နှင့် ချင်း-ရခိုင်နယ်စပ် ပလက်ဝမြို့ရှိ ဆမီးမြို့နယ်တို့တွင် စစ်ရေးအရှိန် ပိုမိုပြင်းထန်နေဆဲ ဖြစ်သည်။

စာတည်း။ ။ ဖူးသိမ်ကျ