ဒီပဲယင်းတွင် ၄ရက်အတွင်း ၁၀ရွာ စစ်ကောင်စီတပ်မီးရှို့ဖျက်ဆီး၊ ဒေသခံထောင်ချီ ဘေးလွတ်ရာတိမ်းရှောင်

ရွာမီးရှို့ဖျက်ဆီးခံရ၍ ထွက်ပြေးတိမ်းရှောင်လာသည့် ဒေသခံများ/ဓါတ်ပုံ၊ဒီပဲယင်းမြို့နယ်ညီနောင်များဖေ့စ်ဘွတ်ခ်

008(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ဒီပဲယင်းမြို့နယ်အတွင်း ရောက်ရှိနေသည့် စစ်ကောင်စီစစ်ကြောင်းက အရပ်သားများရှိသည့် ကျေးရွာများကို မီးရှို့ဖျက်ဆီးနေရာ လေးရက်အတွင်း ၁၀ရွာ ပျက်စီးထားပြီး ဒေသခံ အများအပြားထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရသည်။

အင်အား ၈၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းသည် ဒီဇင်ဘာ ၁၆ရက်နေ့မှစတင်၍ ဒီပဲယင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးခဲ့ခြင်းဟု ဒေသခံများကပြောသည်။ထိုနေ့မှာပင် မုတ်ဆီ၊ ညောင်လှ၊မူးဆုံ၊ပျော်ဘွယ်နှင့်မစိုးရိမ်ကျေးရွာတို့ကို မီးရှို့ခဲ့ရာ ဒေသခံများ၏ နေအိမ်များနှင့်ဆီဆိုင်အဟောင်းနှစ်ခု မီးလောင်ပျက်စီးခဲ့သည်ဟု သိရသည်။

အဆိုပါ စစ်ကြောင်းသည် ဒီဇင်ဘာ ၁၇ရက်တွင် ပင်စည်နှင့် အောင်ချမ်းကျေးရွာကို ဝင်ရောက် မီးရှို့ပြီး ဒေသခံများပိုင် ငွေကြေးနှင့်ရွှေထည်ပစ္စည်များကိုလည်း သိမ်းယူသွားကြောင်း၊ ဒီဇင်ဘာ ၁၈ရက်တွင် ခွင့်တောင်းနှင့်ပုဂံကျေးရွာတို့ကို မီးရှို့ဖျက်ဆီးခဲ့ပြီး ယနေ့ ဒီဇင်ဘာ ၁၉ရက်နံနက်ပိုင်းတွင် လတ်တီးကျေးရွာကို မီးရှို့နေကြောင်းသိရသည်။

“စစ်ကြောင်းထိုးပြီး တရစပ်ကိုရှို့နေတာ။ ဝင်ငြှိမ်းချိန်ကိုမရဘူး။ရှို့ပြီး မထွက်ဘူး။သေနတ်တွေဖောက်ပြီး ဆက်နေကြတယ်။တော်တော်လောင်မှ ထွက်သွားတယ်။နိုင်သလောက်သယ်ပြီး ထွက်ပြေးရတယ်”ဟု ညောင်လှရွာဒေသခံတဦးကပြောသည်။

အောင်ချမ်းသာကျေးရွာမှ ထွက်ပြေးလာသူတဦးကလည်း”ရွာက ကားလည်း အရှို့ခံရတယ်။အိမ်တွေထဲ ဝင်မွှေနှောက်ပြီး ကျွန်တော်တို့ရဲ့ စပါးရောင်းရငွေတွေနဲ့ ရွှေတိုရွှေစလေးတွေ အကုန်သိမ်းသွားတယ်။ဘာမှမကျန်ဘူး”ဟုပြောသည်။

စစ်ဘေးရှောင်များသည် လက်ရှိတွင် နေစရာအခက်အခဲရှိနေသလို ကလေးငယ်နှင့်သက်ကြီးရွယ်အိုများအတွက် စောင်နှင့် အဝတ်အထည်များ အရေးပေါ်လိုအပ်လျှက်ရှိကြောင်းသိရသည်။

“ဆက်တိုက်ရှို့နေတော့ ထွက်ပြေးလာတဲ့သူက ပြုံနေတယ်။စာရင်း အတိအကျတော့ ပြောဖို့ခက်နေသေးတယ်။လောလောဆယ် အခုကျွန်တော်တို့ လက်လှမ်းမီသလောက်တော့ ၂,၀၀၀ကျော် ၃,၀၀၀နီးပါးရှိမယ်။လွတ်ရာပြေးကြတော့ မစုမိသေးဘူး”ဟု စစ်ဘေးရှောင်များကို ကူညီပေးနေသူ တဦးကပြောသည်။

စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း ဒီပဲယင်းမြို့နယ်တွင် အိမ်ခြေ ၆,၀၀၀ကျော် မီးရှို့ဖျက်ဆီးခံထားရ​ကြောင်း ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့ ထံမှ သိရသည်။အဆိုပါစာရင်းတွင် လတ်တလော မီးရှို့ခံထားရသော နေအိမ်များမပါဝင်သေးပေ။

လတ်တီးကျေးရွာကို မီးရှို့ဖျက်ဆီးပြီး ထွက်ခွာသွားသောစစ်ကြောင်းသည် လက်ရှိတွင် ယင်းတွေကျေးရွာသို့ရောက်ရှိနေခြင်းကြောင့်အနီးပတ်ဝန်းကျင်ကျေးရွာများဖြစ်သည့် ငြိမ်းချမ်းရွာသစ်၊မဲသည်၊ဝပါ၊မှန်သာနှင့်အင်းတန်းကျေးရွာတို့မှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့ထံမှသိရသည်။

လတ်တလော စစ်ကောင်စီမီးရှို့ဖျက်ဆီးနေသည့် ကျေးရွာများသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ရှိသည့် ရွာများမဟုတ်ကြောင်း ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတဦးကပြောသည်။အဆိုပါ စစ်ကြောင်းကို ‌ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခြင်းများရှိခဲ့ပြီး ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲ မဖြစ်ခဲ့ကြောင်း ကာကွယ်ရေးရဲဘော်အချို့ကပြောသည်။

စာတည်း – အေးချမ်း