ကော့သောင်းတွင်  သတင်းရဲတပ်ဖွဲ့ တပ်ကြပ်နှင့် ၎င်း၏ ဖခင်  ပစ်သတ်ခံရ

ပုံအညွှန်း- သေဆုံးသူ သားအဖ စီးနင်းလိုက်ပါလာသည့်ကား (ဓာတ်ပုံ-ပေးပို့)

ကိုရွှေမြိတ်

(မဇ္ဈိမ)  ။     ။   တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင် ၊ ခမောက်ကြီးမြို့၊  ဆိပ်ဖူးနှင့် မာရမ်းကျေးရွာ အကြားတွင် ယမန်နေ့ ဖေဖော်ဝါရီ ၁ ရက်နေ့ နံနက် ၁၀ နာရီ ၅၀ မိနစ်တွင် သတင်းရဲတပ်ဖွဲ့ဝင် တပ်ကြပ်နှင့် ၎င်း၏ဖခင် ဖြစ်သူ ပစ်သတ်ခံခဲ့ရကြောင်း သိရသည်။

၎င်းတို့ နှစ်ဦးသည်  အိမ်စီးကားဖြင့် ရောက်လာစဉ် ကော့သောင်းမြို့နယ် ပ.က.ဖ အဖွဲ့က ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။

သေဆုံးသူမှာ သတင်းရဲတပ်ဖွဲ့ဝင် တပ်ကြပ် နေစိုးဦးနှင့် ဖခင် ဖြစ်သူ ဦးစိုးတင့် တို့ဖြစ်ကြောင်း သိရသည်။

“မနေ့က မနက်ပိုင်းမှာ ပစ်ခတ် တိုက်ခိုက်ခံရတာပါ။ ကားက လမ်းဘေးကို ထိုးကျပြီး သားအဖနှစ်ယောက်လုံး သေနေတာ တွေ့ရတယ်”ဟု မာရမ်းကျေးရွာနေ ဒေသခံ တဦးက ပြောသည်။

သေဆုံးသူ တပ်ကြပ် နေစိုးဦးသည်  ၂၀၂၀ ခုနှစ်တွင် မာရမ်းကျေးရွာရှိ ရဲစခန်းတွင် တာဝန်ကျနေသူဖြစ်ပြီး ၎င်း၏  ဖခင် ဖြစ်သူမှာ  သာမန် အရပ်သား  ဖြစ်ကြောင်း ဒေသခံများ၏ ပြောဆိုချက်များ အရ သိရသည်။

ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူ တဦးက“ပစ်ခတ်ခံရတာကတော့ သေချာပါတယ်။  လောလောဆယ်တော့ ကျွန်တော်တို့ သတင်း မထုတ်ပြန်နိုင်သေးတာကြောင့် အသေးစိတ် မပြောနိုင်သေးဘူး”ဟု ပြောသည်။

အလောင်းများကို အခင်း ဖြစ်ပွားသည့် နေ့တွင် စစ်ကောင်စီ တပ်ဖွဲ့က လာရောက် သယ်ဆောင်သွားကြောင်း ဒေသခံများက ပြော သည်။

ခမောက်ကြီးမြို့ လုံးဖော၊ မာရမ်း၊ ဆိပ်ဖူးနှင့် ဖော့သုတ်ကျေးရွာတို့တွင် စစ်ကောင်စီက မကြာခဏ စစ်ကြောင်းထိုး ဝင်ရောက်မှု နှင့်  နှစ်ဖက် ပစ်ခတ်မှုကြောင့် ဒေသခံ ပြည်သူများသည် ထိုင်းဘက်ကို ထွက်ပြေး တိမ်းရှောင်နေရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး