ရမ်းဗြဲကျွန်းတိုက်ပွဲ စစ်ကောင်စီတပ်သား ၄ ဦးသေဆုံး၊ လက်နက်ခဲယမ်းများ AA သိမ်းဆည်းရမိ

ဓါတု(မဇ္ဈိမ)။ ။ ရခိုင်ပြည်နယ်၊ ရမ်းဗြဲကျွန်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သား လေးဦးသေဆုံးပြီး လက်နက်ခဲယမ်းနှင့်အတူ စစ်အသုံးအဆောင်ပစ္စည်းအချို့ကို သိမ်းဆည်းရမိကြောင်း ရက္ခိုင့်တပ်တော်(AA)မှ ယမန်နေ့ ဒီဇင်ဘာလ ၁၈ ရက်နေ့ ညဥ့်နက်ပိုင်းတွင် ထုတ်ပြန်ထားသည်။

အဆိုပါ ရမ်းဗြဲမြို့နယ်၏တောင်ဘက် မီတာ ၂၀၀ ကျော်ခန့်အကွာအဝေးရှိ အောင်ချမ်းသာစေတီတည်ထားရာ တောင်ပေါ်တွင် ယမန်နေ့ နံနက် ၈ နာရီ ၁၃ မိနစ်၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် AAတို့ နှစ်ဘက်ထိတွေ့တိုက်ပွဲဖြစ်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီအနေဖြင့် တိုက်ပွဲအတွင်း ကြည်း၊ ရေ၊ လေတပ်များဖြင့် တန်ပြန်တိုက်ခိုက်ခဲ့ပြီး စစ်သင်္ဘောနှင့် ဒရုန်းများဖြင့် ပစ်ကူတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ယင်းတိုက်ပွဲသည် ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း ရမ်းဗြဲကျွန်းပေါ်၌ ပထမဆုံး နှစ်ဘက်ထိတွေ့တိုက်ပွဲဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့ကြောင့်တိုက်ပွဲအရှိန်အဟုန်သည် ရမ်းဗြဲမြို့အထိ စိမ့်ဝင်လာခြင်းဖြစ်သည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် ယမန်နေ့ နေ့လယ် ၁၂ နာရီ ခန့် က စစ်ကောင်စီတပ်သည် ရမ်းဗြဲမြို့နှင့် အနီးအနားရှိ ကျေးရွာများသို့ ဂျက်တိုက်လေယာဥ်၊ စစ်ရဟတ်ယာဉ် နှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ရမ်းဗြဲမြို့ပေါ်ရပ်ကွက်တွင်းမှ နေအိမ်အချို့နှင့် ဆီဆိုင်တန်း မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

ပျက်စီးဆုံးရှုံးမှုအရေအတွက်နှင့် နောက်ဆက်တွဲအခြေအနေအား မသိရသေးပေ။

ထို့အပြင် စစ်ကောင်စီပစ်ခတ်မှုကြောင့် ရမ်းဗြဲမြို့လောင်းချောင်းရပ်ကွက်မှ ‌သက်ကြီးပိုင်းအမျိုးသားတဦး ကျည်ဆန်မှန်၍သေဆုံးခဲ့သည်။ ထို့အတူ အဆိုပါရပ်ကွက်မှ အမျိုးသမီးကလေးသူငယ် နှစ်ဦးနှင့် ညောင်ပင်လှကျေးရွာမှ အမျိုးသားတဦးမှာ ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီအနေဖြင့် ယမန်နေ့တရက်တည်း၌ပင် မြောက်ဦးမြို့အခြေစိုက် ခြေမြန်တပ်ရင်း ခမရ(၅၄၀)တပ်ရင်းမှ အရပ်သားများနေထိုင်ရာ မြို့လယ်ခေါင်ဈေးရပ်ကွက်ရှိ ရွှေတောင်ဘုရားကြီးအောက်သို့ ၁၂၀ မမ လက်နက်ကြီး တကြိမ် ပစ်ခတ်ခြောက်လှန့်ခဲ့သည်။

ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်တော်(AA)၏ ထိုးစစ်ဆင်တိုက်ခိုက်မှု စတင်ခဲ့သော နိုဝင်ဘာလ ၁၃ ရက်မှစ၍ ယမန်နေ့ ဒီဇင်ဘာလ ၁၈ ရက်နေ့အထိ နှစ်ဖက်ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေပြီး ကျန်ရှိနေသေးသောစစ်ကောင်စီစခန်းများအား AA မှ သိမ်းပိုက်နိုင်ရေးအတွက် ရမ်းဗြဲမြို့၊ ပေါက်တောမြို့၊မြောက်ဦးမြို့၊ အမ်းမြို့နှင့်ချင်း-ရခိုင်နယ်စပ် ပလက်ဝမြို့များတွင် စစ်ရေးအရှိန်ပြင်းထန်နေသည်။

စာတည်း – သန့်ဇော်(သန်လျင်)