မန်ချက်စတာယူနိုက်တက်နဲ့ ပတ်သက်ပြီး မှတ်ချက်တွေက ‘မောက်မောက်မာမာ’ ပြောဆိုမှုလို့ ရွိုင်းကိန်းရဲ့ စွပ်စွဲချက်ကို ဗန်ဒိုက် ငြင်းဆို

လီဗာပူးလ်တို့ ဂိုးမရှိသရေကျပြီးနောက် မန်ချက်စတာယူနိုက်တက်နဲ့ ပတ်သက်ပြီး သူ့ရဲ့ မှတ်ချက်တွေက မောက်မာနေခဲ့တယ်လို့ဆိုတဲ့ ရွိုင်ကိန်းရဲ့ စွပ်စွဲချက်ကို ဗန်ဒိုက်က ငြင်းဆိုလိုက်ပါတယ်။

တနင်္ဂနွေနေ့က အန်ဖီးလ်မှာ ကစားခဲ့တဲ့ ပွဲအပြီးမှာတော့ လီဗာပူးလ်အသင်းခေါင်းဆောင် ဗန်ဒိုက်က “ပွဲကို အနိုင်ရဖို့ ကြိုးစားနေတဲ့ အသင်းက တသင်းတည်းပဲ ရှိတယ်”လို့ ပြောခဲ့တာပါ။

Sky Sports ရဲ့ ရုပ်သံသုံးသပ်သူအဖြစ် ဆောင်ရွက်နေတဲ့ ယူနိုက်တက်ကွင်းလယ်ကစားသမားဟောင်း ကိန်းက “[ဗန်ဒိုက်] သူဆီက မောက်မာမှုတွေ အံကျလာပြီး ယူနိုက်တက်ကို အဲဒီလို လှောင်ပြောင် ဝေဖန်ပြောဆိုမှုတွေ ရှိနေတာပါ”လို့ ပြောပါတယ်။

ဗန်ဒိုက်က ကိန်းရဲ့ ပြောဆိုမှုနဲ့ ပတ်သက်ပြီး “ကျနော် ရွိုင်းကိန်းကို ကြိုက်ပါတယ်၊ သူအခုလိုပြောဆိုရင်လည်း အဆင်ပြေပါတယ်”လို့ ဆိုပါတယ်။

“သူက မန်ချက်စတာယူနိုက်တက်ကစားသမားဟောင်းဖြစ်ပြီး သူဒီလိုတုံ့ပြန်တာကိုလည်း နားလည်ပေးနိုင်ပါတယ်၊ ဒါပေမယ့် ကျနော် ပြောခဲ့တဲ့ စကားတွေကို ကျနော့် ခံစားခဲ့တဲ့အတိုင်း ပြောခဲ့တာပါ။ အဲဒါမှာ မောက်မာမှုလုံးဝမရှိပါဘူး။

“ပွဲကိုကြည့်ရှုသူတိုင်းက တူညီတဲ့ခံစားချက်တွေ ရှိကောင်းရှိနိုင်ပါတယ်။ ကျနော်တို့ ဆက်လုပ်သွားမှာပါ။ ကျနော်တို့တွေ အခွင့်အရေးတွေရခဲ့ပြီး ဂိုးမသွင်းနိုင်ခဲ့လို့ ဒါက စိတ်ပျက်စရာအပိုင်းပေါ့။”

လီဗာပူးလ်အသင်းက ၆၉ ရာခိုင်နှိုင်း ဘောလုံးပိုင်ဆိုင်ခဲ့ပြီး ပွဲချိန်အတွင်း ခံစစ်ချဉ်းကပ်မှု ခံယူထားတဲ့ ယူနိုက်တက်အသင်းကို ဂိုးသွင်းယူနိုင်ခြင်းမရှိဘဲ စုစုပေါင်း ဂိုးကန်သွင်းခွင့်အရေအတွက် ၃၄ ကြိမ်အထိ ရရှိခဲ့ပါတယ်။

ဒါဟာ လီဗာပူးလ်တို့ ဒီရာသီမှာ နိုင်ပွဲမရခဲ့တဲ့ ပထမဆုံးအိမ်ကွင်းပွဲဖြစ်ပြီး ၁၇ ပွဲကစားအပြီးမှာ မာဆေးဆိုက်ဒ်တို့ဟာ ဘရိုက်တန်ကို အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ဦးဆောင်သူ အာဆင်နယ်နောက် တမှတ်ကွာမှာ ရပ်တည်နေပါတယ်။

Ref; BBC