အသေးစားလုပ်ငန်းများနှင့် ကြွေးတင်နေသူများအတွက် ကြွေးမြီဆိုင်ရာ ထောက်ကူပံ့ပိုးမှုအစီအစဉ်ကို ထိုင်းအစိုးရ အတည်ပြု

အောက်တိုဘာ ၁၆ ရက်က ဘန်ကောက်မြို့ရှိ စျေးတစ်ခုတွင် စျေးသည်များက ဖောက်သည်များကို စောင့်ဆိုင်းနေကြစဉ် / Photo; AFP

ရိုက်တာ

ထိုင်းအစိုးရအဖွဲ့သည် နိုင်ငံတွင် အသေးစား စီးပွားရေးလုပ်ငန်းများအတွက် ကြွေးမြီ ဆိုင်းငံ့မှုနှင့် လက်လီ ကြွေးတင်ရှိနေသူများအတွက် ထောက်ကူပံ့ပိုးမှုတို့ကို အတည်ပြုလိုက်ကြောင်း ဝန်ကြီးချုပ်က ဒီဇင်ဘာ ၁၉ ရက်တွင် ပြောသည်။ ယင်းသည် နိုင်ငံတွင် အခြေအနေပိုဆိုးလာသည့် ကြွေးမြီကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းသည့် အစိုးရ၏ နောက်ထပ် လုပ်ဆောင်ချက်လည်း ဖြစ်သည်။

ယခု ပရိုဂရမ်သည် ချေးငွေအတိုးပေးရန် ရုန်းကန်နေရသည့် လူ ၁၀ ဒသမ ၃ သန်းကို ကူညီမည့် အစီအစဉ်တရပ်၏ တစိတ်တဒေသလည်း ဖြစ်သည်။ ချေးငွေ အတိုးပေးဆပ်ရန် ရုန်းကန်နေရခြင်းက အရှေ့တောင်အာရှ၏ ဒုတိယအကြီးဆုံး စီးပွားရေးအတွက် အတားအဆီးတခုဖြစ်နေပြီး ယင်းနိုင်ငံတွင် အိမ်ထောင်စုကြွေးမြီသည် ဒုတိယသုံးလပတ်ကုန်က ဂျီဒီပီ၏ ၉၀ ဒသမ ၇ ရာခိုင်နှုန်း၌ ရပ်တည်နေသည်။

ထိုင်းအစိုးရအနေဖြင့် စွမ်းအင်စရိတ်များ ကူညီနည်းပါးစေရန်အတွက် ဒီဇယ်ဈေးနှုန်းများကို တလီတာလျင် ဘတ် ၃၀ ခန့် (ဒေါ်လာ ၀ ဒသမ ၈၆) နှင့် လျှပ်စစ်မီတာခများကို တယူနစ်လျင် ၄ ဒသမ ၂ ဘတ်အထိဖြင့် ဆက်ရှိနေစေရန် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း ဝန်ကြီးချုပ် ဆရတ်သာ သာဗင်ဆင်းက သတင်းထောက်များကို ပြောသည်။

ဒီဇယ်ဈေးနှုန်း ကန့်သတ်မှုက သုံးလကြာ ဖြစ်လိမ့်မည် ဖြစ်ပြီး ယင်းကို အခွန်အစီအမံများနှင့် အမျိုးသား ရေနံရန်ပုံငွေတို့ဖြင့် ထောက်ကူပေးထားကြောင်း စွမ်းအင်ဝန်ကြီး ပီရာပန် ဆာလီရာသာဗီဘာဂါက ပြောသည်။

မီတာခနှုန်းထားအသစ်များနှင့်ပတ်သက်ပြီး ဇန်နဝါရီတွင် ဆုံးဖြတ်မည် ဖြစ်သော်လည်း အားနည်းချက်ရှိသော လူအစုအဖွဲ့များကို လက်ရှိနှုန်းထားဖြစ်သည့် တယူနစ်လျင် ၃ ဒသမ ၉၉ ဘတ်နှုန်းဖြင့် ကမ်းလှမ်းပေးသွားမည်ဟု ၎င်းက ပြောသည်။