ဌာနေများ၏ မကျေနပ်မှုများ မြင့်တက်နေ၍ အင်ဒိုနီးရှားရောက် ရိုဟင်ဂျာများ၏ အနာဂတ် မရေရာ

၂၀၂၃ ခုနှစ်၊ဒီဇင်ဘာ ၁၈ ရက် အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ် Sabang ကျွန်းတွင် ရိုဟင်ဂျာဒုက္ခသည်များ ရောက်ရှိလာခြင်းကို ကလေးများနှင့် ဒေသခံပြည်သူများက ကန့်ကွက်ဆန္ဒပြခဲ့စဥ်/Photo:AFP

AFP – အင်ဒိုနီးရှား အနောက်မြောက်ပိုင်း သဲဖြူကမ်းခြေများမှ မိုင်အနည်းငယ် ဝေးသော အစွန်အဖျားကျွန်း၌ နိုဝင်ဘာလလယ်မှစကာ ရောက်ရှိနေကြသည့် ရိုဟင်ဂျာများ၏ ယာယီတဲစခန်းများအပြင်ဘက်တွင် ဌာနေလူအုပ်ကြီးက စုရုံးနေကြသည်။

“သူတို့တွေကို မောင်းထုတ်ပစ်” ဟု ဆန္ဒပြခေါင်းဆောင်တဦးက ကြွေးကြော်လိုက်ရာ လက်ခုပ်ဩဘာများ ပေးကြသည်။ မကြာသေးခင် လများအတွင်း ပင်လယ်ခရီး လမ်းပန်းသာလာသဖြင့် မြန်မာနိုင်ငံမှ ဖိနှိပ်မှုများမှ ထွက်ပြေးလာပြီး ရိုဟင်ဂျာ တသန်းခန့် ခိုလှုံနေရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှနေ၍ အန္တရာယ်ပြွန်းသော ပင်လယ်ပြင်ကို ခနော်နီခနော်နဲ့ သစ်သားစက်လှေ ဒါဇင်ဝက်ကျော်မက ဖြတ်သန်းကာ အင်ဒိုနီးရှားသို့ ရိုဟင်ဂျာများ ရောက်ရှိလာကြခြင်း ဖြစ်သည်။

ထိုသို့ ၎င်းတို့ ရောက်ရှိလာမှုသည် ၂၀၁၅ မှနောက်ပိုင်း အင်ဒိုနီးရှားဆီ အများဆုံးသော စီးဝင်မှုဖြစ်သည်ဟု ကုလသမဂ္ဂ ဒုက္ခသည်အေဂျင်စီအရ သိရသည်။ ပင်လယ်ကို သီတင်းပတ်များချီ ဖြတ်သန်းခဲ့ရသော်လည်း ဒုက္ခသည်များသည် ကုန်းမြေအရောက် အတားအဆီးသစ်များနှင့် ရင်ဆိုင်ကြရသည်။ ဌာနေများက ၎င်းတို့၏ လှေများကို ပြန်လှည့်သွားအောင် ကြိုးပမ်းခြင်း၊ ဆန္ဒပြသူများက ၎င်းတို့၏ တဲစခန်းများကို မီးရှို့ရန် လုံ့လစိုက်ထုတ်ခြင်းနှင့် အင်ဒိုနီးရှားအစိုးရထံမှလည်း ၎င်းတို့၏ အနာဂတ်အတွက် မေးခွန်းထုတ်စရာ ရှိနေခြင်းများပဲ ဖြစ်သည်။

အင်ဒိုနီးရှားနိုင်ငံသည် အသစ်ရောက်ရှိလာကြသူများကို ယာယီ ခိုလှုံခွင့်နှင့် ရိက္ခာထောက်ပံ့ခြင်းများ ပေးကာ ကူညီမည်ဟု ကတိပြုထားသော်လည်း ရိုဟင်ဂျာများကို အမြဲလက်ခံရန် အိမ်နီးချင်းနိုင်ငံများဘက် လှည့်၍ တိုက်တွန်းထားသည်။

ထိုသို့ ဒုက္ခသည်များမှာ သောင်မတင်ရေမကျ အခြေအနေ၌ ရောက်ရှိနေခြင်းဖြင့် အာဏာပိုင်များနှင့် ကူညီပေးရေး အဖွဲ့များက ၎င်းတို့အတွက် သင့်တော်သော ခိုလှုံရာ ရှာတွေ့ရေး လုံးပမ်းနေရခြင်းအားဖြင့် တနေရာမှ တနေရာ ပြောင်းရွှေ့ကြရကာ ပင်လယ်စပ်တွင် တဲထိုးကာ နေကြရသည်။

“အင်ဒိုနီးရှားအစိုးရနဲ့ ပြည်သူတွေဟာ ကျွန်တော်တို့ကို နေထိုင်ခွင့် ခွင့်ပြုရင် အင်ဒိုနီးရှားမှာ ကျွန်တော်တို့ အနာဂတ် ပိုကောင်းမယ်လို့ ကျွန်တော် ထင်တယ်”ဟု ပြီးခဲ့သည့်လက ရောက်ရှိလာသော အသက် ၂၄ နှစ်ရှိ မန်ဇာအလမ်းက အာချေးပြည်နယ်က ခိုလှုံရာစခန်းတခု၌ အေအက်ဖ်ပီသို့ ပြောသည်။

“ကျွန်တော်တို့ကို နေဖို့ ခွင့်မပြုရင်တော့ ကျွန်တော်တို့တွေ ဘယ်ဆီ သွားရမယ်ဆိုတာ မသိတော့ဘူး”ဟု ၎င်းက ဆိုသည်။ ပင်လယ်မှ ရိုဟင်ဂျာများ ဝင်ရောက်လာခြင်းသည် အာချေးပြည်နယ်အတွက် နှစ်စဉ် ဖြစ်ရပ် ဖြစ်လာခဲ့သည်။ ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်းများတွင် ရာဇဝတ်မှုများ မြင့်တက်ခြင်း၊ ပညာရေး အလားအလာ ဆုံးရှုံးခြင်းများကြား အခြေအနေများ ဆိုးဝါးလာခြင်းကြောင့် အချို့သော ဒုက္ခသည်များသည် အင်ဒိုနီးရှား သို့မဟုတ် မလေးရှားသို့ ပင်လယ်ဖြတ်ကာ သွားရောက်ရန် ရွေးချယ်ကြတော့ခြင်း ဖြစ်သည်။

(မိုးသဲ ဘာသာပြန်သည်။)