ဂျပန်နှင့် ကမ္ဘောဒီးယားတို့ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်မည်

2022 ခုနှစ်၊ ဖေဖော်ဝါရီ ၁၆ ရက်က ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်မာနက် နှင့် ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါ တို့တွေ့ဆုံစဉ်/Photo:AFP

Japan Today

အရှေ့တောင်အာရှနှင့် အငြင်းပွားနေသော ရေပြင်တွင် တရုတ်က စစ်ရေးတည်ရှိမှုများ တိုးမြှင့်လျက်ရှိသည့်အချိန်၌ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုအား မြှင့်တင်ရန် ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါနှင့် ဂုဏ်ရည်တူ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်မာနက်တို့က တနင်္လာနေ့တွင် သဘောတူကြသည်။

တောင်နှင့် အရှေ့တရုတ် ပင်လယ်များ၌ တရုတ်နှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံနိုင်ငံအချို့နှင့် ဂျပန်တို့ ပိုင်ဆိုင်မှု အငြင်းပွားနေစဉ် အငြင်းပွားခြင်း မရှိဘဲ တရုတ်နှင့် စီးပွားရေးနှင့် သံတမန်ရေး ဆက်ဆံမှု နီးစပ်သည့် ကမ္ဘောဒီးယားက ယခုကဲ့သို့ ဂျပန်နှင့် သဘောတူလာခြင်းလည်း ဖြစ်သည်။

နှစ် ၅၀ မိတ်ဖက်ဖြစ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု အထိမ်းအမှတ်အဖြစ် တနင်္ဂနွေနေ့က ဂျပန်-အာဆီယံ အထူးထိပ်သီးအစည်းအဝေးအပြီး နောက်တရက်တွင် တိုကျို၌ နှစ်နိုင်ငံခေါင်းဆောင်နှစ်ဦး တွေ့ဆုံရာ၌ နှစ်နိုင်ငံအနေဖြင့် ဒုတိယ ကာကွယ်ရေးဝန်ကြီးအဆင့် ဆွေးနွေးပွဲများ ပြုလုပ်ရန် အတည်ပြုခဲ့ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

အပြန်အလှန် ဆက်ဆံရေးအား ရုရှ၏ ဆင်နွှဲဆဲ ကျူးကျော်စစ်ကြားမှ ယူကရိန်းအတွက် မြေမြုပ်မိုင်းများ ရှင်းလင်းရေး စီမံကိန်းများအပါအဝင် အမျိုးမျိုးသော နယ်ပယ်၌ တိုးချဲ့သွားရန် ကီရှီဒါက ပြောခဲ့ကြောင်း ကိုးကားဖော်ပြသည်။

ဩဂုတ်လအတွင်း အာဏာရချိန်မှ ပထမဆုံး ဂျပန်ခရီးစဉ် ရောက်ရှိသော ဟွန်မာနက်က ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးတို့ ရှေရှုရန် ကီရှီဒါနှင့် လက်တွဲဆောင်ရွက်သွားမည်ဟု ပြောကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနအရ သိရသည်။

ထိုသို့ ဆွေးနွေးပြောဆိုမှုများနှင့်အတူ ဂျပန်နှင့် ကမ္ဘောဒီးယားတို့သည် ဒီဂျစ်တယ်နှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဲ့သို့သော နယ်ပယ်များ၌ မိတ်ဖက်ပြုခြင်းနှင့် သက်ဆိုင်သော စာချုပ်စာတမ်း ခုနစ်ရပ်ကိုလည်း လက်မှတ်ထိုးခဲ့သည်ဟု ဝန်ကြီးဌာနက ပြောသည်။

ထိပ်သီးအစည်းအဝေး တက်ရောက်လာသည့် ဂျပန်သို့ ရောက်ရှိသော အာဆီယံ ခေါင်းဆောင်များနှင့် စနေနေ့မှစတင်ကာ ဝန်ကြီးချုပ် ကီရှီဒါသည် အပြန်အလှန် တွေ့ဆုံမှုများ ပြုလုပ်ခဲ့သည်။

တရုတ်၏ တောင်တရုတ်ပင်လယ် တခုလုံးနီးပါးအား ပိုင်နက်အတည်ပြုမှုနှင့် စစ်ရေးအခြေခံ အဆောက်အအုံများနှင့်အတူ လူလုပ်ကျွန်းများ တည်ဆောက်နေခြင်းကြောင့် ဂျပန်-အာဆီယံ ပူးပေါင်းဆောင်ရွက်မှုများ၏ ဦးတည်ရာသည် မကြာသေးသော နှစ်များအတွင်း စီးပွားရေးမှသည် လုံခြုံရေးဆီ ရွေ့လျားလာခဲ့သည်။

(မိုးသဲ ဘာသာပြန်သည်။)