မလေးရှားတွင် လုပ်ဖော်ကိုင်ဖက်ကို သတ်ဖြတ်မှုဖြင့် မြန်မာငါးဖမ်းသမား ထောင်ဒဏ် နှစ် ၃၀ ကျော် ချမှတ်ခံရ

The Sun

မလေးရှားနိုင်ငံ၊ အီပိုးမြို့တွင် လွန်ခဲ့သည့် သုံးနှစ်အကြာက တနိုင်ငံတည်းသား လုပ်ဖော်ကိုင်ဖက်တဦးကို သတ်ဖြတ်မှုနှင့် အခြားသူငယ်ချင်းတဦးကို သတ်ဖြတ်ရန် ကြိုးပမ်းမှုဖြင့် မြန်မာနိုင်ငံသား ငါးဖမ်းသမားတဦးကို တရားရုံးချုပ်က ဒီဇင်ဘာ ၂၀ ရက်တွင် ထောင်ဒဏ် ၃၆ နှစ်နှင့် ကြိမ်ဒဏ် ၁၂ ချက် ပြစ်ဒဏ်ချမှတ်လိုက်သည်။

မလေးရှားတရားရုံးချုပ်မှ တရားသူကြီး ဒါတွတ်ခ် အဗ္ဗဒူလ် ဝါဟက်ဘ် မိုဟာမက်ဒ်က တရားခံဖြစ်သူ အသက် ၃၈ နှစ်ရှိ နိုင်စံသိန်းကို ပြစ်ဒဏ်ချမှတ်ခြင်း ဖြစ်ပြီး စွဲချက်နှစ်ခုလုံးတွင် အပြစ်ရှိကြောင်း တရားခံဖြစ်သူက ထွက်ဆိုခဲ့သည်ဟု သိရသည်။

နိုင်စံသိန်းသည် လူသတ်မှုစွဲချက်အတွက် ထောင်ဒဏ် ၃၂ နှစ်နှင့် ကြိမ်ဒဏ် ၁၂ ချက်၊ လူသတ်ရန်ကြိုးပမ်းမှုအတွက် ထောင်ဒဏ် လေးနှစ်တို့ ချမှတ်ခံရခြင်း ဖြစ်သည်။

သို့သော် ထောင်ဒဏ်ပြစ်ဒဏ်များကို ၎င်း ဖမ်းဆီးခံရသည့်နေ့ဖြစ်သည့် ၂၀၂၀ ၊ ဧပြီ ၆ ရက်မှစပြီး တပေါင်းတည်း ကျခံစေရန် တရားသူကြီးက ညွှန်ကြားသည်။

၂၀၂၀ ၊ ဧပြီ ၆ ရက် မနက် ၁၁ နာရီ နှင့် ၁၁ နာရီ ၄၅ မိနစ်အကြားတွင် ဘဂန်ဒါတွတ်ခ်မြို့ ဆန်ဂိုင်း ဆမ်မွန် ရွာဘက်ခြမ်းတွင် လှေတစီးပေါ်၌ မြင့်စိုး အမည်ရ မြန်မာနိုင်ငံသားတဦးကို ဦးခေါင်း ဓားဖြင့် ခုတ်ပြီး အသက်သေဆုံးစေမှုအတွက် နိုင်စံသိန်းသည် ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၃၀၂ အရ လူသတ်မှုဖြင့် တရားစွဲခံရခြင်းဖြစ်သည်။

ထို့ပြင် နိုင်စံသိန်းသည် အလားတူအချိန်၊ နေရာတွင်ပင် နောက်ထပ် လုပ်ဖော်ကိုင်ဖက်တဦးကို လူသတ်ရန်ကြိုးပမ်းမှုဖြင့် ပုဒ်မ ၃၀၇ အောက်တွင် တရားစွဲဆိုခံခဲ့ရသည်။

ယင်းအမှုသည် တရားခံဖြစ်သူသည် အပြစ်ရှိကြောင်း လျှောက်လဲထွက်ဆိုမှုကြောင့် တရားရုံးကြာချိန်နှင့် စရိတ်စကများကို သက်သာစေခဲ့သလို ဖြစ်စဉ်တွင် သေဆုံးသူဘက်မှ ရန်စမှုကြောင့် ဖြစ်ပွားခဲ့ရသည်တို့ကို ထောက်ရှုလျက် တရားခံဖြစ်သူကို သေဒဏ်ပြစ်ဒဏ်မှ ကင်းလွှတ်ခွင့်ရစေရေး တရားခံရှေ့နေ ရန်ဂျစ် ဆင်းဂ်က လျှောက်လဲပန်ကြားခဲ့သည်။

တရားစွဲဆိုမှုကို ဒုတိယအစိုးရရှေ့နေ ဆိုင်ဖူလက်မဲလ်က လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။