ကောလင်းမြို့နယ်တွင် ပညာရေးစုံညီပွဲတော်နှင့် ဆုပေးပွဲအခမ်းအနား ကျင်းပ (ပုံသတင်း)

ပုံအညွှန်း။ ။ ကောလင်းမြို့နယ်တွင် ပညာရေးစုံညီပွဲတော် ကျင်းပသည့်မြင်ကွင်း/ဓာတ်ပုံ။ ။ ပြည်သူမှပြည်သူသို့ ကောလင်း

ကိုခင်မောင်

(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ် ဇုန်(၄) ဒေသ၌ ဒီဇင်ဘာလ ၁၈ရက်နှင့် ၁၉ရက်တို့တွင် ကျောင်းသားမိဘဆရာ စုံညီပွဲတော်နှင့် ဆုပေးပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း ပြည်သူမှပြည်သူသို့ ကောလင်းအဖွဲ့ထံမှ သိရသည်။

“အရင်ကလိုပဲ နှစ်စဉ်ကျင်းပတဲ့စုံညီပွဲတော်ပါပဲခင်ဗျ။ ဒါပေမဲ့ အခုက အမျိုးသားညီညွတ်ရေးအစိုးရကျောင်း စုံညီပွဲတော်ပေါ့ဗျာ။ ကျောင်းဆရာတွေ၊ ရွာခံတွေနဲ့ ကျေးရွာအသီးသီးမှ ကျောင်းသားကျောင်းသူတွေ ပါဝင်ပါတယ်။ ပထမရက်ညပိုင်းမှာ ပွဲကျင်းပပြီး ဒုတိယရက်နေ့ မနက်ပိုင်းမှာ ဆုပေးတာပါ” ဟု ပြည်သူမှပြည်သူသို့ ကောလင်းအဖွဲ့ တာဝန်ရှိသူက မဇ္စျိမကို ပြောသည်။

ကျောင်းသားမိဘဆရာ စုံညီပွဲတော်အခမ်းအနားတွင် အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာန ၊ ပညာရေးဘုတ်အဖွဲ့များနှင့် ကျေးရွာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များလည်း တက်ရောက်ခဲ့ကြပြီး ထူးချွန်ကျောင်းသားများနှင့် အားကစားပြိုင်ပွဲမှ ဆုရရှိသူများအား ဆုချီးမြှင့်ခဲ့ကြောင်း ပြည်သူမှပြည်သူသို့ ကောလင်းအဖွဲ့တာဝန်ရှိသူက ဆိုသည်။

ပြည်သူမှပြည်သူသို့ အဖွဲ့သည် ကောလင်းမြို့နယ်တွင်အခြေစိုက်ထားသော တော်လှန်ရေးအင်အားစုများအတွက် ရန်ပုံငွေရှာဖွေပေးခြင်း၊ ကောလင်းမြို့နယ်သတင်းများအား သတင်းပြန့်နိုင်ရန် ထုတ်ပြန်ပေးခြင်း၊ စစ်ဘေးရှောင်ဒေသခံများအားကူညီပေးခြင်းများ ဆောင်ရွက်လျက်ရှိသည့် ထောက်ပို့အဖွဲ့အစည်း ဖြစ်သည်။

စာတည်း- သန့်ဇော်(သန်လျင်)