အထက်ကိုမတင်ပြဘဲ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်နှင့်လက်နက်ချခဲ့ခြင်းဟု သင်္ဃန်းညီနောင်ဗျူဟာမှူး ထွက်ဆို

လက်နက်ချအညံ့ခံခဲ့သော သင်္ဃန်းညီနောင်စခန်းမှ သိမ်းဆည်းရရှိခဲ့သော လက်နက်အချို့

002
မဇ္ဈိမ။ ။ကရင်ပြည်နယ်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် ပူးပေါင်းတပ်များ ထံ လက်နက်ချအညံ့ခံခဲ့သည့် သင်္ဃန်းညီနောင်ဗျုဟာမှူးက ၎င်းအနေဖြင့် အထက်ကိုမတင်ပြဘဲ ကိုယ် ပိုင်ဆုံးဖြတ်ခွင့်နှင့် လက်နက်ချခဲ့ခြင်းဖြစ်ကြောင်း ကေအိုင်စီသတင်းဌာနနှင့် အင်တာဗျူးတွင် ဖြေကြား သွားသည်။

“ဒီလိုဆုံးဖြတ်ချက်ချဖို့ ကျွန်တော့်မှာ ဘက်ပေါင်းစုံကနေ လက်အောက်ငယ်သားကို ပြောပြရသလို အထက်လူကြီးကို တင်ပြလို့မရပါဘူး။ ဒါဟာ ကျနော့်ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်ခွင့်နဲ့ ကျနော် ဘဝကို ရင်းပြီး လုပ်ခဲ့ရတာ”ဟု သင်္ဃန်းညီနောင်ဗျုဟာမှူး ဗိုလ်မှူးကြီး ထွန်းထွန်းလတ်ကပြောသည်။

တိုက်ပွဲကြောင့် ဒေသခံများထွက်ပြေးရခြင်းနှင့်ပတ်သက်ပြီး “ကျွန်တော်တို့ကလည်း အရပ်သားတွေကို ဖယ်ပါ တိမ်းရှောင်ပါလို့ မပြောပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ပြည်သူတွေဖြစ်တဲ့အတွက် ကျွန် တော်တို့ မလုပ်ပါဘူး။ ဒါပေမဲ့ တဖက်ကလူတွေက သူတို့ကို တိမ်းရှောင်ပါလို့ပြောတဲ့အတွက် သူတို့ တိမ်း ရှောင်သွားရတယ်။ နေအိမ်ဆုံးရှုံးမှုနဲ့ ပတ်သက်ပြီး ကြည့်မယ်ဆိုရင်တော့ တယောက်နဲ့ တယောက် ပစ်ခတ်မှုတွေ ဖြစ်တော့ ဆုံးရှုံးမှုတွေ ဖြစ်လာမှာပေါ့။ တပ်မတော်လုပ်ထုံးလုပ်နည်းတွေကိုပဲ အခြေခံပြီး ခုခံသင့်တာကို ခုခံ ကာကွယ်သင့်တာကိုပဲ ကာကွယ်ပါတယ်။ ဒီလိုမျိုး ဖယ်တာ ရှားတာတွေ မလုပ်ပါ ဘူး” ဟု ဖြေကြားသွားသည်ကို တွေ့ရသည်။

၎င်းက အာဏာသိမ်းသည်ဟု မသုံးနှုံးဘဲ အာဏာထိန်းသိမ်းမှုလုပ်ခဲ့ရခြင်းဖြစ်သည်ဟု ခုခံပြောဆိုသွား သည်။ “ကျွန်တော်တို့က တပ်မတော်မှာလည်း တာဝန်ထမ်းဆောင်ခဲ့တော့ အာဏာသိမ်းတယ်လို့တော့ ပြောလို့ မရဘူးလေ။ လူကြီးတွေရော ဘာတွေရော ကျွန်တော်တို့ဘက်က အာဏာထိန်းသိမ်းမှုကို လုပ်ခဲ့ရတာပေါ့။ နိုင်ငံတခုကို ကောင်းဖို့လုပ်တဲ့အချိန်မှာတော့ အဆင်မပြေတာတွေလည်း ကြုံတွေ့ရမှာပေါ့။ ကျွန်တော် တို့လျှောက်နေရတဲ့လမ်းကြောင်းက ဒီလမ်းကြောင်းကိုပဲ လျှောက်နေရတာဖြစ်တော့ ကျွန်တော်တို့အပေါ် မှာ စည်းစနစ်တွေ၊ အမိန့်တွေအာဏာတွေ၊ အာဏာတွေ ဒီအတိုင်းပဲ သွားရတာဖြစ်ပါတယ်” ဟု ဗိုလ်မှူး ကြီး ထွန်းထွန်းလတ်က ဖြေဆိုသွားခဲ့သည်။

စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခြင်းနှင့်ပတ်သက်၍ “စစ်တိုက်တာက အားကြီး တဲ့လူက နိုင်ကြတာဆိုတော့ အနည်းအကျဉ်းလူစုကို အများကြီးကဖိတိုက်ရင် ခံစစ်က ခက်တယ်လေ။ ဒီလို ပစ်ကူ ပစ်အား မရှိတဲ့နေရာမှာ လေကြောင်းပစ်ကူဆိုတဲ့ အကာအကွယ်လေးနဲ့ ကျွန်တော်တို့က နေရာကို ခုခံကာကွယ်မှု လုပ်ရတာပါ။ ကျွန်တော်တို့ လေကြောင်းကနေပြီးတော့ နယ်မြေတိုးချဲ့ပြီး သိမ်း ပိုက်တာမျိုး မရှိခဲ့ပါဘူး။ လေကြောင်းတိုက်ခိုက်တာက ကျွန်တော်တို့နေရာကို လာတိုက်ခိုက်တာကို ကျွန်တော်တို့လူတွေက မခံနိုင်တဲ့အတွက် လေကြောင်းပစ်ကူပေးရတာပါ”ဟု ပြောဆိုသည်။

စစ်ရေးအခြေအနေများအရ မည်သူကနိုင်မည်ဟုယူဆသလဲဟု မေးမြန်းမှုအပေါ် ဗိုလ်မှူးကြီးထွန်းထွန်း လတ်က “ကျွန်တော်ကတော့ တပ်မတော်သားဖြစ်တဲ့အတွက် တပ်မတော်သား နိုင်မယ်လို့ ပြောရ မှာပါပဲ။ ဒါပေမဲ့ နိုင်တယ် ရှုံးတယ်ဆိုတာက ဘယ်အပေါ်မှာ ကျွန်တော်တို့ဆုံးဖြတ်မှာလဲ။ ဘယ်ပေါ်မှာ ကျွန်တော် တို့ ယူမှာလဲ။ အဲ့တော့ နိုင်တယ်ရှုံးတယ်ဆိုတာ လူတွေသေတဲ့အပေါ်မှာ ကျွန်တော်တို့ ယူရမှာလား။ ဒါကတော့ နိုင်ငံရေးအရပဲပြောပြော စစ်ရေးအရပဲပြောပြော နိုင်တယ် ရှုံးတယ်ဆိုတာတော့ ပြောရတာ အဆင်မပြေဘူး။ ကျွန်တော်တို့ကတော့ တပ်မတော်သားဖြစ်တဲ့အတွက် ကျွန်တော်တို့ တပ်မတော်ကြီး အဓွန့်ရှည်အောင်လို့တော့ ကြိုးစားဆောင်ရွက်မှာပါပဲ” ဟု ဖြေကြားသွားသည်။

ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဧပြီလ ၅ ရက်နေ့တွင် စစ်ကောင်စီ၏ အရှေ့တောင်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ စစ်ဗျူဟာအခြေချ သင်္ဃန်းညီနောင်စခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ သည်။ စခန်းသိမ်းတိုက်ပွဲတွင် ဗျူဟာမှူး ဗိုလ်မှူးကြီးထွန်းထွန်းလတ်နှင့်အတူ အရာရှိအဆင့် ၆၇ ဦး၊ အခြားနှင့် တပ်သားအဆင့် ၄၁၀ ဦး၊ ရဲမေ ၅၉ ဦးနှင့် တပ်မိသားစုဝင် ၈၁ ဦးအပါအဝင် စုစုပေါင်း ၆၁၇ ဦး လက်နက် ချခဲ့သည်ဟု ကရင်အမျိုးသားအစည်းအရုံး (KNU) က သတင်းထုတ်ပြန်ထားသည်။

ဗိုလ်မှူးကြီးထွန်းထွန်းလတ်သည် ယခင်က ကချင်ပြည်နယ် မိုးကောင်းအခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်တွင်လည်း တာဝန်ကျခဲ့သည်။ ထိုစဉ်က မြစ်ကြီးနားမြို့တွင် စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြ သူများကို အကြမ်းဖက်နှိမ်နင်းရာတွင် အမိန့်ပေးခဲ့သူတဦးဖြစ်သည်ဟု ဒေသခံများကစွပ်စွဲကြသည်ကို မဇ္ဈိမ၏ စုံစမ်းစစ်ဆေးမှုတွင် တွေ့ရသည်။

စာတည်း။ ။စောဖေ