မြိတ်မြို့အဝင်မှာ စစ်ကောင်စီစစ်ဆေးရေးဂိတ်သစ်ထပ်ဖွင့်ပြီး အစစ်အဆေးကြမ်းနေဟုဆို

မြိတ်မြို့ အဝင် ဆိုင်ဘုတ်အား တွေ့ရစဉ်။

ကိုရွှေမြိတ်(မဇ္ဈိမ)။ ။တနင်္သာရီတိုင်း၊မြိတ်မြို့အဝင်နေရာ၌ စစ်ကောင်စီက စစ်ဆေးရေးဂိတ်အသစ်တခုကို ဒီဇင်ဘာလ ၁၈ ရက်နေ့မှစတင်ဖွင့်လိုက်ပြီး စစ်ဆေးရေးတင်းကျပ်ထားကြောင်း မြို့ခံများနှင့် ခရီးသည်တင်ယာဉ်လိုင်းများထံမှ သိရသည်။

မြိတ်မြို့နယ်၊ကျောက်ဖြူတောင်ကျေးရွာအနီးရှိ မြို့ အဝင်ဆိုင်းဘုတ်အနီး၌ စစ်ဆေးရေးဂိတ်ထပ်မံဖွင့်လှစ်လိုက်ခြင်းဖြစ်သည်။ ရန်ကုန်၊ ထားဝယ်၊ တနင်္သာရီနှင့် ကော့သောင်းမြို့နယ်များမှ ဝင်ရောက်လာသူများကို အဓိကစစ်ဆေးနေသည်ဟု သိရသည်။

“စစ်ဆေးတာကတော့ အရမ်းကြမ်းတယ်။ အဓိက လူငယ်တွေဆိုရင် ပိုစစ်ဆေးခံရတာရှိတယ်။ မြို့အဝင်ကို သူတို့ အဓိကထား စစ်ဆေးနေတာမျိုး ဖြစ်နေတယ်”ဟု ကိုယ်တိုင် စစ်ဆေးခံခဲ့ရသော မြို့ခံ လူငယ်တဦးကပြော သည်။

ဂိတ်နေရာကို သဲအိတ်များဖြင့်ကာရံပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးများ၊ မီးသတ်တပ်ဖွဲ့ဝင်များဖြင့် အင်အား ၂၅ ဦးထက်မနည်း စစ်ဆေးနေခြင်းဟု သိရသည်။

“ပစ္စည်းအထုပ်တွေကိုဆိုရင် ဖောက်စစ်တာမျိုး အထိလုပ်တာရှိတယ်။ခရီးသည်ကားတွေအဝင်များပြီဆိုရင် ယာဉ်တန်းတွေ ပိတ်မိတာလည်း ရှိတယ်။ လူတွေလည်းစစ်၊အထုပ်တွေလည်းစစ်ဆေးနေတာ ရှိတယ်”ဟု ခရီးသည်ယာဉ်မောင်းတဦးကပြော သည်။

မြိတ်မြို့နယ်တွင် စစ်ကောင်စီ၏ ယခု ဂိတ်အသစ်အပြင် ကျွဲကူး တံတားစစ်ဆေးရေးဂိတ်နှင့်မြိတ်- တနသ်ာရီ လမ်းပိုင်းတံတားစစ်ဆေးရေးဂိတ်လည်း ရှိနေသည်။

မြိတ်-ကော့သောင်း လမ်းပိုင်းနေရာအချို့ကို ဒီဇင်ဘာလ၁၅ရက်မှစတင်၍ ထိန်းချုပ်ထားနိုင်ပြီဟု တောင်ပိုင်းညီနောင်တပ်ပေါင်းစုက သတင်းထုတ်ပြန်ပြီးနောက် စစ်ကောင်စီက အထက်ပါ စစ်ဆေးရေးဂိတ်အသစ်ကို ထပ်ဖွင့်လိုက်ခြင်းဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများကပြောသည်။

မြိတ်-ကော့သောင်းလမ်းပိုင်းမှ တနင်္သာရီမြို့နယ်အတွင်း စစ်ကောင်စီနည်းဗျူဟာကုန်းအနီးရှိ ရေဖြူရွာ၊ တားပလတ်ရွာနှင့် ထုံခါး-မောတောင်လမ်းအထိ ထိန်းချုပ်ထားပြီဟု တောင်ပိုင်းညီနောင်တပ်ပေါင်းစုက ဒီဇင်ဘာလ ၁၈ရက်တွင် သတင်းထုတ်ပြန်ထားသည်။

ထို့အပြင် သမ္မတဟောင်း ဦးသိန်းစိန်အစိုးရလက်ထက် တနင်္သာရီတိုင်းစီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဟောင်းဖြစ်ခဲ့ပြီး ယခုအခါမြိတ်ခရိုင်ပြည်ခိုင်ဖြိုးပါတီ၏ ဥက္ကဋ္ဌတာဝန်အပြင်ပျူစောထီး ခေါင်းဆောင်လည်းဖြစ်သော ဦးသိန်းလွင်၏ မြိတ်မြို့မှ နေအိမ်သည် ပြီးခဲ့သည့် ဒီဇင်ဘာ ၁၂ ရက်နေ့ ညပိုင်းက ဗုံးဖောက်ခွဲတိုက်ခိုက်ခံခဲ့ရသည်။ ထိုအခြေအနေများကြောင့် စစ်ကောင်စီကစစ်ဆေးရေးတင်းကျပ်နေခြင်းဟု ဒေသခံများကပြောသည်။

စာတည်း – အေးချမ်း