မီဇိုရမ်သို့ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သား ၁၅၀ ကျော်မြန်မာနိုင်ငံပြန်ပို့

ပုံအညွှန်း။ ။ မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးသွားသော စစ်ကောင်စီတပ်များအား ဇန်နဝါရီ ၂ရက်နေ့တွင် လဲန်းပွီးလေဆိပ်မှ မြန်မာနိုင်ငံသို့ ပို့ဆောင်ပေးစဥ် (ဓာတ်ပုံ။ ။ ပေးပို့)

ကိုခင်မောင်

(မဇ္စျိမ)။ ။ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ အိန္ဒိယ- မြန်မာနယ်စပ်ရှိ ပွိုင့်(၃၇၇)စစ်ဆင်ရေး စစ်တပ်အခြေကုပ်စခန်းကုန်းကို ရက္ခိုင့်တပ်တော် (AA )မှ သိမ်းပိုက်စဥ် မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးသွားသော စစ်ကောင်စီတပ်သား ၁၅၁ဦးအား အိန္ဒိယအစိုးရမှ မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခဲ့သည်ဟု DD News Mizoram သတင်းဌာနတွင် ဖော်ပြထားသည်။

ယမန်နေ့ ဇန်နဝါရီ ၂ရက်နေ့တွင် စစ်ကောင်စီတပ်သားများကို အိုင်ဇောလ်မြို့ရှိ လဲန်ပွီး လေဆိပ်မှ မြန်မာလေကြောင်းလိုင်းဖြင့် ပထမအသုတ်တွင် ၈၄ဦးနှင့် ဒုတိယအသုတ်တွင် ၆၇ဦးဖြင့် ပို့ဆောင်ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံ မည်သည့်မြို့သို့ ပို့ဆောင်ခဲ့သည်ကိုမူ ဖော်ပြထားခြင်းမရှိပေ။

“အာသံရိုင်ဖယ်နဲ့ မီဇိုရမ်ရဲတွေက လုံခြုံရေးယူပေးတယ်။ ပြည်သူတွေကို အနားကပ်မခံဘူး။ နှစ်ခေါက်လာတာ တခေါက်က ၁၁ နာရီလောက်ဖြစ်မယ်။ ဒုတိယတော့ ၂နာရီနဲ့ ၃ နာရီကြားလောက်ဖြစ်မယ်။” ဟု ဖြစ်စဥ်မြင်တွေ့ခဲ့ရသူ ဒေသခံတဦးမှ မဇ္စျိမအားပြောသည်။

မီဇိုရမ်ပြည်နယ်သို့ စစ်ပြေးစစ်ကောင်စီတပ်သား ၁၅၁ဦးအား လောင်တလိုင်ခရိုင် ပါရ်ဗာရွာရှိ အာသံရိုင်ဖယ်တပ်ဖွဲ့မှ ဒီဇင်ဘာလ ၃၁ရက်နေ့တွင် လုံလေမြို့သို့ ပို့ဆောင်ခဲ့ကာ နောက်တနေ့ ဇန်နဝါရီလ ၁ရက်နေ့တွင် အိုင်ဇောလ်မြို့သို့ ပို့ဆောင်ခဲ့သည်ဟု DD News Mizoramက ဆိုသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၈ရက်နေ့တွင် ပလက်ဝမြို့နယ်၊ မြိတ်ဝရွာရှိ ပွိုင့်(၃၇၇)စခန်းအား ရက္ခိုင့်တပ်တော် (AA )မှ တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်သား ၁၅၁ဦးသည် ၎င်းတို့ကိုင်ဆောင်သောလက်နက်များနှင့်အတူ ဒီဇင်ဘာလ ၂၉ရက်နေ့တွင် မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင် တွီးဆင်းတလန်ရွာ အခြေစိုက်သည့် အာသံရိုင်ဖယ်တပ်ဖွဲ့ထံသို့ ခိုလှုံခဲ့ကြခြင်း ဖြစ်သည်။

“ဘာပဲဖြစ်ဖြစ် အိန္ဒိယ အစိုးရရဲ့ ရပ်တည်ချက်၊ လုပ်ဆောင်ချက်တွေက ဒီမိုကရေစီစနစ်ထွန်းကားတဲ့ နိုင်ငံကြီးဖြစ်ပေမယ့်လည်း မတရားမှု၊ ပြည်သူတွေအကြမ်းဖက်ခံနေရမှုတွေကို အားပေးနေတာ ရှင်းလင်းစွာ မြင်တွေ့ရတာပေါ့။ သူတို့ဒီလိုလုပ်တာ တခါ နှစ်ခါ မကတော့ဘူးဆိုတော့ အကြမ်းဖက်စကစနဲ့ လုံးဝပေါင်းဖက်နေတယ်ဆိုတာ ကမ္ဘာကြီးကကော သိသင့်ပါပြီ။ ဒီလို ဒီမိုကရေစီစနစ်ထွန်းကားလှတဲ့ နိုင်ငံက ဒီလိုလုပ်နေတာတော့ ကျွန်တော်တို့ တော်လှန်ရေးအဖွဲ့ဝင်တဦးအနေနဲ့ ပြည်သူတွေ သေကြေပြီး အကြမ်းဖက် မီးရှို့ခံနေရတာ၊ မတရားအကျင့်ခံနေရတာဟာ ကမ္ဘာကြီးက ငြိမ်ငြိမ်လေးရပ်ကြည့်နေတာလို့ကို ခံစားရစေတယ်။” ဟု CDF – Hualngoram မှတာဝန်ရှိသူတဦးက ပြောသည်။

၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် ချင်းပြည်နယ် ရိခေါဒါရ်မြို့သိမ်းတိုက်ပွဲ၊ သီဘွောလ်စခန်းသိမ်းတိုက်ပွဲ နှင့် လိုင်လင်းပီမြို့သိမ်းတိုက်ပွဲများအတွင်း မီဇိုရမ်ပြည်နယ်ဘက်သို့ ထွက်ပြေးသွားသော စစ်ကောင်စီတပ်သား စုစုပေါင်း ၁၀၁ ဦးအား အိန္ဒိယအစိုးရမှ မြန်မာနိုင်ငံ တမူးမြို့သို့ ပြန်လည်ပို့ဆောင်ပေးခဲ့သေးသည်။

စာတည်း – သန့်ဇော်(သန်လျင်)