မတူပီမြို့နယ်၌ စခန်းစွန့်ခွာထွက်ပြေးသည့် စစ်ကောင်စီတပ်နှင့် ချင်းတပ်ဖွဲ့ တိုက်ပွဲဖြစ်ပွား

ပုံအညွှန်း – သိမ်းပိုက်ထားသည့် စစ်ကောင်စီတပ်ထယ်ဘွေ့စခန်း / ဓါတ်ပုံ – CDF – Matupi

ပါခွီး

(မဇ္စျိမ) ။ ။ ချင်းပြည်နယ် ၊ မတူပီမြို့နယ် ၊ ထယ်ဘွေ့စခန်းကို ချင်းပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စခန်းစွန့်ခွာထွက်ပြေးသည့် စစ်ကောင်စီတပ်သားများအား လိုက်လံဖမ်းဆီးရာ တိုက်ပွဲဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။

မတူပီ – ပလက်ဝလမ်းပေါ်ရှိ ထယ်ဘွေ့ကျေရွာအနီးတွင် အင်အား ၃၀နှင့် ၄၀အကြားဖြင့် တပ်စွဲနေသော စစ်ကောင်စီတပ်ကို ဒီဇင်ဘာလ၁၈ရက်နံနက် ၇နာရီ ၃၀မိနစ်တွင် ချင်းတော်လှန် ရေးတပ်ဖွဲ့များက စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“ဆင်ဖြူတိုက်ပွဲ” ချင်းဘာသာဖြင့် (Vui Baawk) ဟု အမည်ပေးထားသည့် စစ်ဆင် ရေးတွင် CDF – Matupi , CDF – Mindat , CDF – Lautu နှင့် CNO/CNDF တို့မှ ပူးပေါင်းပြီး ဒီဇင်ဘာလ ၁၉ရက် နံနက် ၉နာရီတွင် စခန်းသိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။

“ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ တိုက်ပွဲဖြစ်နေတာမှန်ပါတယ်၊ အသေးစိတ်အခြေအနေကိုတော့ ထုတ်ပြန်ပါ့လိမ့်မယ်” ဟု CDF – Matupi ရဲဘော်တဦးက မဇ္စျိမကိုပြောသည်။

စခန်းစွန့်ခွာသွားသည့် စစ်ကောင်စီတပ်သားများနှင့် ထယ်ဘွေ့နှင့် မတူပီမြို့အကြား ကိုးမိုင်တွင် တိုက်ပွဲဖြစ်ပွားနေပြီး မတူပီမြို့ပေါ်သို့ ထွက်ပြေးသူများ မရောက်ရှိသေးကြောင်း ဆိုသည်။

အဆိုပါစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖက်မှ သေဆုံးထိခိုက်မှုနှင့် လက်နက်ခဲယမ်းသိမ်းဆည်းမှုအခြေအနေများကို မသိရှိရသော်လည်း ချင်းပူးပေါင်း တပ်ဖွဲ့မှ ရဲဘော်ဆလိုင်းပီတာလိန်း ကျဆုံးကြောင်းသိရသည်။

၎င်းအပြင် တိုက်ပွဲဖြစ်ပွားချိန်အတွင်း စစ်ကောင်စီလေတပ်မှ ဗုံးကြဲတိုက်ခိုက်သဖြင့် ဗန်ကိုင်းကျေးရွာမှ အမျိုးသမီးတဦး ၊ သက်ကြီးရွယ်အိုတဦးအပါဝင် လေးဦးသေဆုံးပြီး တဦးအပြင်းထန်ဒဏ်ရာရရှိထား ကြောင်း မတူပီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

စခန်းစွန့်ခွာထွက်ပြေးသည့် စစ်ကောင်စီတပ်သားများကို ချင်းပူးပေါင်းတပ်ဖွဲ့ဝင်များက ဆက်လက်ရှာဖွေလျက်ရှိပြီး မတူပီမြို့နယ်အတွင်း တိုက်ပွဲများဆက်လက်ဖြစ်ပွားနိုင်သဖြင့် မိဘပြည်သူများသတိရှိကြရန် CDF – Matupi က သတိပေးထားသည်။

အလားတူ ချင်းပြည်နယ် ၊ ဟားခါးမြို့နယ် ဘုံးဇုံးရွာတပ်စခန်းကို ချင်းပူးပေါင်းတပ်ဖွဲ့က ဒီဇင်ဘာ ၁၈ရက်နေ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ရှစ်ဦးသေဆုံးပြီး ဗိုလ်ကြီး တဦးအပါအဝင် ခြောက်ဦးအရှင်ဖမ်းမိကာ ကျန်သူများ စခန်းစွန့်ခွာထွက်ပြေးခဲ့ကြောင်း သိရသည်။

ယင်းသို့စခန်းထွက်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇ဦးကို ဂန့်ဂေါ – ဟားခါး လမ်းပိုင်းတနေရာတွင် ဂန့်ဂေါ ပကဖ ရဲဘော်များမှ စောင့်ကြိုတိုက်ခိုက်ရာ နှစ်ဦး သေဆုံးပြီး ငါးဦးဒဏ်ရာရရှိကြောင်းသိရှိရသည်။

စာတည်း – သန့်ဇော်(သန်လျင်)