မြိုင်မြို့နယ် နှမ်းဆီးကန်ရွာကို စစ်ကောင်စီတပ်ဖွဲ့မီးရှို့ နေအိမ် ၃၀ကျော် မီးလောင်ပျက်စီး

ရုပ်သံ – မြိုင်မြို့နယ်၊နှမ်းဆီကန်ကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့က ဒီဇင်ဘာ ၂၀ရက်၊နံနက်ပိုင်းတွင် မီးရှို့နေသည်ကို တွေ့ရသည်။

008(မဇ္ဈိမ)။ ။မကွေးတိုင်း၊ မြိုင်မြို့နယ်တောင်ပိုင်း နှမ်းဆီကန်ကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့က မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၃၀ကျော် မီးလောင်ပျက်စီးခဲ့ပြီး ဒေသခံ ၂၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံတဦးကပြောသည်။

အင်အား ၁၀၀ ကျော်ပါ စစ်ကောင်စီတပ်ဖွဲ့သည် နှမ်းဆီကန်ကျေးရွာသို့ ဒီဇင်ဘာ ၂၀ရက် နံနက် ၇နာရီခန့်တွင် ရောက်ရှိလာပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

“စစ်ကြောင်းကတော့ ဒီနယ်မှာ ပတ်မွှေနေတာပဲ။ ပျူတွေလည်းပါတာပေါ့။ပထမ ရွာပြင်က အိမ်တွေရှို့ပြီး ရွာထဲကို ဝင်လာတာပဲ။ ပြီးမှ ရွာထဲပတ်ရှို့တော့တာပဲ။ ကျွန်တော်တို့ကတော့ ရွာပြင်ရှို့နေကတည်း ထွက်ပြေးခဲ့တယ်။အခုကြားတာတော့ အိမ် ၃၀ကျော်မယ် ၊ ထွက်ပြေးတာတော့ အကုန်နီးပါးပပဲ။”ဟု ဒေသခံတဦးကပြောသည်။

မီးရှို့သည့် စစ်​ကောင်စီတပ်စစ်ကြောင်းသည် ပခုက္ကူမြို့နယ်အတွင်းမှ ဝင်ရောက်လာခြင်းဖြစ်ပြီး မြိုင်မြို့နယ်ရှိ တွင်းမကျေးရွာ ပျူစောထီးအဖွဲ့များဖြင့် ပူးပေါင်းမီးရှို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါစစ်ကြောင်းသည် မီးရှို့ထားသည့် နှမ်းဆီကန်ကျေးရွာတွင် ယနေ့ ဒီဇင်ဘာ ၂၁ ရက်အထိ တချို့မှာ ထွက်ခွာသွားခြင်းမရှိသေးသောကြောင့် တိမ်းရှောင်ထွက်ပြေးနေရသည့် ဒေသခံများအနေဖြင့် ရွာထဲ ပြန်မဝင်နိုင်သေးကြောင်း သိရသည်။

“ရွာထဲကမထွက်သေးဘူး။ တချို့က တွင်းမပျူရွာထဲ ပြန်ဝင်တယ်။ တချို့က သာစည်ဘက်ဝင်တယ်။ တချို့က အိုင်းရင်ရွာ ဘုန်းကြီးကျောင်းဝင်းထဲမှာ”ဟု ဒေသခံတဦးက ပြောသည်။

နှမ်းဆီကန်ကျေးရွာအား စစ်ကောင်စီတပ်ဖွဲ့မှ မီးရှို့ဖျက်ဆီးခဲ့ခြင်းကို We Love Myaing အဖွဲ့က ဒရုန်းဖြင့် မှတ်တမ်းတင် ရိုက်ကူးခဲ့သည်။

စာတည်း – သန့်ဇော်(သန်လျင်)