တောင်တရုတ်ပင်လယ်အရေး၌ ‘တွက်ကိန်း မမှားရန်’ ဖိလစ်ပိုင်ကို တရုတ် သတိပေး 

၂၀၂၃ ခုနှစ်၊ဒီဇင်ဘာလ ၁၀ ရက်နေ့ က ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်သင်္ဘော နှင့် တရုတ်ကမ်းခြေစောင့်တပ်သင်္ဘော တို့အားတွေ့ရစဥ်/Photo:AFP

CNA – တောင်တရုတ်ပင်လယ်အရေးနှင့် ပတ်သက်ပြီး ဆက်ဆံရေး မပြေမလည် ရှိနေမှုများကို ဆွေးနွေးပွဲများမှတဆင့် ဖြေရှင်းရန် ဖိလစ်ပိုင်ကို တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက ပြောပြီး မည်သို့သော မှားယွင်းတွက်ချက်မှုမဆိုက တရုတ်အတွက် ကိုယ့်ကိုယ်ကို ကာကွယ်ရေးနှင့် “ပြတ်ပြတ်သားသား တုံ့ပြန်မှု” ဆီ ရောက်ရှိသွားလိမ့်မည်ဟု သတိပေးသည်။ 

မကြာသေးသော လများအတွင်း တောင်တရုတ်ပင်လယ်၌ ထိပ်တိုက်တွေ့ခြင်းများနှင့်  ပတ်သက်ကာ တရုတ်နှင့် ဖိလစ်ပိုင်တို့သည် အပြန်အလှန် စွပ်စွဲပြစ်တင်လျက် ရှိသည်။ 

တရုတ်ကမ်းခြေစောင့်တပ်သည် ဖိလစ်ပိုင်သင်္ဘောများကို ရည်ရွယ်ချက် ရှိရှိ ဝင်တိုက်ပြီး ရေအမြောက်များနှင့် စစ်သုံး လေဆာများ သုံးခဲ့ကြောင်း ဖိလစ်ပိုင်က စွပ်စွဲထားပြီး တရုတ်က ဖိလစ်ပိုင်သည် ၎င်းတို့၏ ပိုင်နက်ကို ဖြတ်ကျော်သည်ဟု စွပ်စွဲသည်။ 

ယခုနှစ်၌ ဖိလစ်ပိုင်သည် ဂျပန်နှင့် ယခင် ကိုလိုနီဟောင်းဖြစ်ကာ နှစ်ခုနစ်ဆယ် စစ်ရေးမဟာမိတ်ဖြစ်သည့် အမေရိကန်တို့နှင့် စစ်ရေးဆက်ဆံမှုများ မြှင့်တင်လျက်ရှိချိန် တရုတ်နှင့် ထိပ်တိုက်တွေ့မှုများ တိုးမြင့်ဖြစ်ပွားခြင်းပဲ ဖြစ်သည်။ 

“တရုတ်-ဖိလစ်ပိုင် ဆက်ဆံရေးဟာ လမ်းခွဆုံ ရောက်နေတယ်”ဟု ဝမ်ယီက ဖိလစ်ပိုင် ဂုဏ်ရည်တူ နိုင်ငံခြားရေးဝန်ကြီး အန်းရစ် မာနာလိုအား ဒီဇင်ဘာ ၂၀ ရက် ဖုန်းခေါ်ဆိုမှု၌ ပြောခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ 

“ထိပ်တန်းဦးစားပေးက လက်ရှိ ရေပြင်အခြေအနေကို ကိုင်တွယ်ထိန်းချုပ်နိုင်ဖို့ပဲ ဖြစ်တယ်”ဟု ၎င်းက ဆိုသည်။ 

ဖိလစ်ပိုင်အနေဖြင့် “ရည်ရွယ်ချက် မကောင်းသော” ပြင်ပအင်အားစုများနှင့်အတူ တွက်ကိန်း မှားခြင်း သို့မဟုတ် ပူးပေါင်းကြံစည်ခြင်းများ လုပ်ဆောင်ခဲ့မည်ဆိုပါက တရုတ်သည် ကိုယ်ပိုင်အခွင့်အရေးကို ကာကွယ်ကာ ပြတ်ပြတ်သားသား တုံ့ပြန်ရမည်ဟု ဝမ်ယီက ပြောကြောင်း အသေးစိတ် မဆိုပါ ဝန်ကြီးဌာန ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ မည်သူက ဖုန်းစခေါ်သည်ဆိုခြင်းကို လက်ငင်း မသိရသေးပေ။ 

ဝမ်ယီ၏ ပြောဆိုချက်သည် နှစ်များစွာ တအုံနွေးနွေးဖြစ်နေသော အငြင်းပွားမှုကို ပို၍ အရှိန်တက်စေနိုင်မည် ဖြစ်သည်။ ဖိလစ်ပိုင်သည် ၎င်း၏ အထူးစီးပွားရေးဇုန်အတွင်း ဇီဝလောင်စာနှင့် ငါးသယံဇာတများ ရရှိခြင်းကို တရုတ်က ကဖျက်ကယက် လုပ်နေသည်ဟု ရှုမြင်ထားသည်။ 

မဖြစ်နိုင်သော်လည်း အကယ်၍ အငြင်းပွားမှုက လက်နက်ကိုင် ထိပ်တိုက်တွေ့မှုဆီ အရှိန်မြင့်သွားမည်ဆိုပါက ဖိလစ်ပိုင်နိုင်ငံ တိုက်ခိုက်ခံရလျှင် ကာကွယ်ပေးမည်ဆိုသော ၁၉၅၁ ပဋိညာဉ် ရှိထားသည့် အမေရိကန် ပါဝင်ခြင်းနှင့်အတူ ပို၍ ပြင်းထန်သွားဖို့ရန် ရှိနေသည်။ 

(မိုးသဲ ဘာသာပြန်သည်။)