စူပါလိဂ်ကို ပိတ်ပင်ဟန့်တားဖို့ UEFA ရဲ့ ကြိုးပမ်းမှုက အီးယူဥပဒေကို ချိုးဖောက်

By PKThawn – ပြိုင်ဘက် စူပါလိဂ်ပြိုင်ပွဲတခုဖန်တီးမှုကို တားဆီးပိတ်ပင်ဖို့ UEFA နဲ့ FIFA တို့ရဲ့ လုပ်ရပ်က ဥရောပသမဂ္ဂဥပဒေကို ချိုးဖောက်ခဲ့ကြောင်း ဥရောပရဲ့ ထိပ်တန်းတရားရုံးက ကြာသပတေးနေ့မှာ ဆုံးဖြတ်ခဲ့ပါတယ်။

“စူပါလိဂ်မျိုး နှစ်သင်းကနေ အထက် ပါဝင်တဲ့ မည်သည့်ဘောလုံးပရောဂျက်အသစ်ကိုမဆို ၎င်းတို့ရဲ့ ကြိုတင်ခွင့်ပြုချက်လိုအပ်တဲ့ FIFA နဲ့ UEFA တို့ရဲ့ စည်းမျဉ်းတွေနဲ့ အဲဒီပြိုင်ပွဲတွေမှာ ကလပ်တွေနဲ့ ကစားသမားတွေ မကစားဖို့ တားမြစ်ခြင်းမျိုးလုပ်ဆောင်တာက ဥပဒေနဲ့ မညီကြောင်း” ဥရောပတရားရေးတရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။

၎င်းရဲ့ ဆုံးဖြတ်ချက်က စူပါလိဂ်စီမံကိန်းကို အခုချိန်မှာ တရားဝင်ခွင့်ပြုသင့်တယ်လို့ မဆိုလိုဘဲ FIFA နဲ့ UEFA တို့ဟာ ဘောလုံးဈေးကွက်မှာ “လွှမ်းမိုးမှုရှိတဲ့ အနေအထားကို အလွဲသုံးစားလုပ်ခြင်း”သာဖြစ်ကြောင်း စီရင်ချက်ရဲ့ အကျဉ်းချုပ်မှာ အလေးပေးဖော်ပြခဲ့ပါတယ်။

စူပါလိဂ်ပရောဂျက်ကို မြှင့်တင်ပေးတဲ့ ကုမ္ပဏီ A22 Sports က အောင်မြင်မှုရရှိတယ်လို့ ဆိုပါတယ်။

“ကျနော်တို့ဟာ ယှဉ်ပြိုင်ခွင့်ကို အနိုင်ရရှိခဲ့ပါတယ်။ UEFA ရဲ့ လက်ဝါးကြီးအုပ်မှု ပြီးဆုံးသွားပါပြီ။ ဘောလုံးလောက လွတ်လပ်ခွင့်အတွက် အောင်ပွဲပါ။ အခုချိန်ခါ ကလပ်အသင်းတွေဟာ ခြိမ်းခြောက်မှုတွေနဲ့ ပြစ်ဒဏ်တွေကို ခံစားရတော့မှာ မဟုတ်ပါဘူး။ သူတို့ဟာ သူတို့ရဲ့ အနာဂတ်ကို လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့်ရှိပါတယ်။”လို့ ကုမ္ပဏီရဲ့ စီအီးအို Bernd Reichart က A22 အကောင့်မှ ဆိုရှယ်မီဒီယာပေါ် ရေးတင်ခဲ့ပါတယ်။

(AFP)