သင်္ဃန်းညီနောင် စစ်ကောင်စီတပ်ရင်း၊ ရဲစခန်းနှင့်စစ်ဆေးရေးဂိတ် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရ

တော်လှန်ရေးအင်အားစုများ​၏ စစ်ဆင်ရေးဒရုန်းများအား တွေ့ရစဉ် (ဓါတ်ပုံ- Federal Wings)

YT(မဇ္ဈိမ)။ ။ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင်မြို့သစ်ရှိ စစ်ကောင်စီခြေလျင်တပ်ရင်း ခလရ (၂၇၅)၊ ရဲစခန်းနှင့်စစ်ဆေးရေးဂိတ် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရပြီး ထိခိုက်ပျက်စီးမှုရှိခဲ့ကြောင်းဒေသခံများထံမှ သိရသည်။

ခလရ (၂၇၅) တပ်အတွင်းနှင့်သင်္ဃန်းညီနောင်ရဲစခန်း၊ ရွှေမြစန္ဒီအနောက်ကုန်းရှိ စစ်ကောင်စီ၊ BGF ပူးပေါင်းတပ်စခန်း စသည့်နေရာများသည် ဒီဇင်ဘာလ ၁၉ ရက် နံနက် ၈နာရီခန့်ကတိုက်ခိုက်ခံရခြင်းဟု သိရသည်။

” ခလရ ၂၇၅ ရော၊ရဲစခန်းရော တခြားနေရာတွေပါ ဒရုန်းနဲ့ အဂျိမ်း(တိုက်ခိုက်)ခံရတာ။ ၂၇၅ အတွင်းက အဆောက်အအုံ သုံးနေရာ ပျက်စီးသွားတယ်”ဟု ယင်းဖြစ်စဉ်ကို သိရှိထားသည်ဆိုသော ဒေသခံတဦးကပြောသည်။

စစ်ကောင်စီတပ်က ပြန်လည်ပစ်ခတ်မှုများရှိခဲ့ကြောင်းလည်း ခလရ(၂၇၅)နှင့် နီးစပ်သည့် ဒေသတွင်းသတင်းရင်းမြစ်တဦးက‌ ပြောသည်။

တိုက်ခိုက်ခံရမှုကြောင့် ခလရ (၂၇၅) ဝင်းအတွင်းမှ အဆောက်အအုံသုံးလုံးပျက်စီး၍ သင်္ဃန်းညီနောင် ရဲစခန်း အဆောက်အအုံအနောက်ဘက် အနည်းငယ်ပျက်စီးခဲ့ကြောင်း စုံစမ်းသိရှိရသည်။ တိုက်ခိုက်မှုအားမည်သည့်အဖွဲ့ကပြုလုပ်သည်ကို မဇ္ဈိမအနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးချေ။

စစ်ကောင်စီကလည်း သတင်းထုတ်ပြန်ထားခြင်းမရှိသေးသလို စစ်ကောင်စီလက်အောက်ခံ တယ်လီဂရန်ချန်နယ်များတွင်လည်း ဖော်ပြထားသည်ကိုမတွေ့ရသေးပေ။

ဒေသတွင်းတော်လှန်ရေးအင်အားစုများအားမေးမြန်းရာ လတ်တလောပြောကြားနိုင်ခြင်းမရှိသေးကြောင်းနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများက မကြာမီသတင်းထုတ်ပြန်လိမ့်မည်ဟုဆိုသည်။

သင်္ဃန်းညီနောင်မြို့သစ်ပတ်ဝန်းကျင်၌ မကြာမီတိုက်ပွဲများပြင်းထန်လာနိုင်ကြောင်း သတင်းများထွက်ပေါ်နေပြီး ဒေသခံအချို့သည် မြဝတီမြို့ပေါ်နှင့် သောင်ရင်းမြစ်တဖက်ကမ်း ထိုင်းနယ်စပ်မြို့ဖြစ်သည့် မဲဆောက်မြို့ဘက်သို့ တိမ်းရှောင်နေမှုများ ရှိကြောင်း သိရသည်။ သင်္ဃန်းညီနောင်မြို့သစ်ရှိ ကုန်သွယ်ရေးဇုံစစ်ဆေးရေးဂိတ်ကိုလည်း စစ်ကောင်စီကနေရာပြောင်းရွှေ့သွားကြောင်း ဒေသခံများကပြောသည်။

” ကော့ကရိတ်မှာကလည်း တောက်လျှောက်ဖြစ်နေတာလေ။ ကော့ကရိတ်နဲ့ သင်္ဃန်းညီနောင်က သိပ်မဝေးဘူး။ နောက်တခုက ဘာမှ တိုက်ပွဲမဖြစ်တာတောင် သူတို့ (စစ်ကောင်စီ)က လက်နက်တွေ ခဏခဏ ရမ်းပစ်တတ်တာ။ တိုက်ပွဲဖြစ်ရင် ပြည်သူပဲထိမှာလေ။ ကြိုရှောင်ထားတာ အကောင်းဆုံးပဲ။ အသက်ထက် ဘယ်ဟာမှ အရေးမကြီးဘူး” ဟု သင်္ဃန်းညီနောင်မြို့သစ်ဒေသခံအမျိုးသမီးတဦးက မဇ္ဈိမကိုပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၂ ရက်နေ့ကလည်း သင်္ဃန်းညီနောင်မြို့သစ်ရှိ လျှပ်စစ်ဓါတ်အားခွဲရုံ ဒရုန်းဖြင့် ဗုံးကြဲခံခဲ့ရသည်။ အဆိုပါဖြစ်စဉ်ကြောင့် သင်္ဃန်းညီနောင်မြို့သစ်နှင့် မြဝတီမြို့နယ်ရှိ စစ်ကောင်စီဌာနဆိုင်ရာရုံးများအပါအဝင် နေရာအချို့တွင် လျှပ်စစ်မီးပြတ်တောက်မှုဖြစ်ပွားခဲ့သည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၃ ရက်နေ့ကလည်း Federal Wings ဒရုန်းတပ်ဖွဲ့က မြဝတီခရိုင်
ရဲတပ်ဖွဲ့မှူးရုံးနှင့် ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ခလရ (၂၇၅) ယာယီတပ်ရင်းမှူး ဗိုလ်မှူးအောင်ကျော်မင်း၊ မြဝတီခရိုင်အုပ်ချုပ်ရေးမှူးဦးစိုးတင့် အပါအဝင် ငါးဦးသေဆုံး၍ မြဝတီခရိုင်ရဲတပ်ဖွဲ့မှူးဒုရဲမှူးကြီးအောင်ထက်ဝင်းအပါအဝင် ၁၁ ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။

စာတည်း – အေးချမ်း