ထန်းတပင် ခလရ (၇၃) အပါအဝင်စစ်ကောင်စီစခန်း ၆ ခုကို ကာကွယ်ရေးပူးပေါင်းတပ်ဝင်ရောက်တိုက်ခိုက်

ပုံအညွှန်း- ရှေ့တန်း စစ်မြေပြင်မှ BPLA ရဲဘော်များအား တွေ့ရစဉ် (ဓါတ်ပုံ- BPLA)

ပုံအညွှန်း- ရှေ့တန်း စစ်မြေပြင်မှ BPLA ရဲဘော်များအား တွေ့ရစဉ် (ဓါတ်ပုံ- BPLA)

YT

(မဇ္ဈိမ)။ ။ ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့ရှိ စစ်ကောင်စီခြေလျင်တပ်ရင်း ခလရ (၇၃) အပါအဝင် တပ်စခန်းခြောက်ခုအား ယနေ့ ဖေဖော်ဝါရီလ ၇ ရက်နေ့နံနက်ပိုင်းတွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်နေပြီး တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေသည်။

ယနေ့ နံနက် ၃ နာရီဝန်းကျင်မှစ၍ ဇရပ်ကြီးမြို့ရှိ ခလရ (၇၃) တပ်ရင်း၊ ဇရပ်ကြီးရဲစခန်း၊ ချောင်းခြားစခန်း၊ မြို့စိုးစခန်း၊ ရှားစေလိုစခန်းအပါအဝင် စစ်ကောင်စီအထိုင်ချရာ တပ်စခန်းများအား တော်လှန်ရေး အင်အားစု ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်နေပြီး နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန်ထိ ပစ်ခတ်မှုများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရသည်။

“ အဲ့ဒီနေရာမှာရှိတဲ့ စခန်းခြောက်ခုကို တပြိုင်တည်း သိမ်းနေတာတော့ ဟုတ်ပါတယ်။ နောက်ဆုံးအခြေအနေကိုတော့ မသိရသေးပါဘူးဗျ။ ခလရ(၇၃)တပ်ရင်း၊ ဇရပ်ရဲစခန်း၊ ချောင်းချားစခန်း၊ မြို့စိုးစခန်း၊ ရှားစေလိုစခန်း စတဲ့စခန်းတွေကို တပြိုင်တည်းသိမ်းနေတာဖြစ်ပါတယ်” ဟုဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုလင်းလင်းက မဇ္ဈိမကိုပြောသည်။

အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီ​က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ကာ လက်နက်ကြီးဖြင့်လည်း ပစ်ခတ်နေကြောင်းသတင်းရရှိသည်။။

“တိုက်ပွဲကတော့ အကြီးအကျယ်ပဲ။ စကစက လေယာဉ်နဲ့လဲ လာပစ်နေတယ်။ ငါးခေါက်လောက် ရှိနေပြီ။ လက်နက်ကြီးတွေလည်း ဆက်တိုက်ပဲ။ ရွာသားတွေက ပြေးမရဘူးဗျ” ဟု ဒေသတွင်း သတင်းရင်းမြစ်တဦးက ပြောသည်။

စစ်ကောင်စီ၏ လေကြောင်းနှင့်လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံအချ်ိူ့ ထိခိုက်ဒဏ်ရာရမှုများလည်းရှိနေကာ ဇရပ်ကြီးမြို့အပါအဝင် အနီးအနားရှိ ကျေးရွာများမှ ဒေသခံများ ပိတ်မိနေကြောင်း သိရသည်။ အသေးစိတ်အခြေအနေကိုမသိရှိရသေးပေ။

” စစ်ကောင်စီဘက်ကနေ လေကြောင်းပစ်ခတ်မှုတွေလုပ်နေပါတယ်။ ပြည်သူနဲ့ အဆောက်အဦး​တွေ ထိခိုက်တာ​တွေရှိပါတယ်။ မြို့ထဲမှာလည်း ပိတ်မိ​နေတဲ့ပြည်သူတွေလည်းရှိပါတယ်” ဟု ကိုလင်းလင်းက ပြောသည်။

လတ်တလော တိုက်ပွဲ အခြေအနေနှင့် ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD)၊ တောင်ပိုင်းတိုင်းစစ်ဒေသ၊ အမှတ် (၂) စစ်ဒေသခွဲ၊ ဒု- စစ်ဒေသခွဲ ရဲဘော်တင်ဦးကို မဇ္ဈိမမှ ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။ စစ်ကောင်စီလက်အောက်ခံတယ်လီဂရမ်ချန်နယ်များတွင် ထန်းတပင်မြို့မှ စစ်တပ်စခန်းအချို့ တိုက်ခိုက်ခံနေရကြောင်း ယနေ့နံနက်ပိုင်း၌ ရေးသားဖော်ပြနေကြသည်။

ဇရပ်ကြီးမြို့ပေါ်တနေရာ၌ ပြည်သူ့ကာကွယ်ရေးရဲဘော်အချို့ ရောက်ရှိနေသည့်ဓါတ်ပုံကို BPLA ဖေ့ဘွတ်ခ်စာမျက်နှာ၌ ယ‌နေ့နံနက် ၁၀ နာရီခန့်တွင် ဖော်ပြထားသည်။

ယနေ့တိုက်ပွဲအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၂)၊ တပ်မဟာ (၃)၊ တပ်မဟာ (၅)၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များက ပူးပေါင်းဆင်နွှဲနေကြခြင်းဖြစ်ကြောင်း သိရသည်။

စာတည်း – အေးချမ်း