လက်နက်နှင့်အတူ ပူးပေါင်းလာသည့် ဒုတပ်ကြပ်ကို KNU က ငွေကျပ်သိန်း ၁၅၀ ‌ထောက်ပံ့

ပုံအညွှန်း- KNU ထံ ပူးပေါင်းလာသည့် စစ်ကောင်စီ လက်အောက်ခံ ခလရ (၂၈၃) တပ်ရင်းမှ ဒုတပ်ကြပ် ရဲကိုကို (Photos- CJ)

မဇ္ဈိမ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် အခြေစိုက်၊ အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံ ခလရ (၂၈၃) တပ်ရင်းမှ ဒုတပ်ကြပ် ရဲကိုကိုသည် KNU တပ်မဟာ (၆)၊ ကွန်မန်ဒိုတပ်ဖွဲ့ထံသို့ ဒီဇင်ဘာလ ၁၉ ရက်နေ့မှာ လက်နက်ခဲယမ်းများနှင့်အတူ လာရောက် ပူးပေါင်းခဲ့သည်။

ပြည်သူ့ရင်ခွင် ခိုလှုံပြီး KNU/ KNLA တော်လှန်ရေး တပ်ဖွဲ့နှင့် လာရောက် ပူးပေါင်းခဲ့သည့် အသက် ၂၃ နှစ်အရွယ် ဒုတပ်ကြပ် ရဲကိုကိုသည် ၎င်းနှင့်အတူ MA-4 ပူးတွဲ တလက်၊ ၄၀ မမဗုံးသီး ရှစ်လုံး၊ ကျည်ဘောက် လေးခု၊ 5.56 ကျည် ၇၅ တောင့် ယူဆောင်လာခဲ့ကြောင်း KNU က ထုတ်ပြန်ထားသည်။

အာဏာသိမ်း စစ်ကောင်စီ၏ တပ်တွင်း ဖိနှိပ်မှုများအပေါ် ဆက်လက်သည်းခံနိုင်စွမ်း မရှိတော့သည့်အပြင် ပြည်သူလူထုအပေါ် မတရား ဖိနှိပ်အုပ်ချုပ်နေခြင်းကို မနှစ်သက်ခြင်းကြောင့် စစ်တပ်ကနေ ရုန်းထွက်ပြီး တော်လှန်ရေး အဖွဲ့များဆီ လာရောက်ပူးပေါင်းပြီး ပြည်သူ့ရင်ခွင်ကို ခိုလှုံခဲ့ခြင်းဖြစ်ကြောင်း ဒုတပ်ကြပ်ရဲကိုကိုက ပြောသည်။

“စစ်တပ်ထဲမှာ ကြီးနိုင်ငယ်ညှဉ်း လုပ်တာတွေ ပိုပိုပြီး များလာတယ်၊ ပြည်သူတွေအပေါ် မတရား ဖိနှိပ်ရက်စက်နေတာကိုလည်း မကြိုက်ဘူး၊ ပြေးဖို့ အခွင့်အရေးချောင်းနေတဲ့ စစ်သားတွေလည်း အများကြီးပဲ၊ ကျနော်ကတော့ အခွင့်သာတာနဲ့ တစ်ခါတည်း ထွက်လာခဲ့တာ” ဟု CDM ဒုတပ်ကြပ်ရဲကိုကိုက ပြောသည်။

တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းပြီး စစ်အာဏာရှင် ဆန့်ကျင်ရေးတွင် ဝိုင်းဝန်းကူညီပေးသွားမည်ဖြစ်ကြောင်းလည်း CDM ဒုတပ်ကြပ် ရဲကိုကိုက ပြောသည်။

လက်နက်ခဲယမ်းများနှင့်အတူ ပြည်သူ့ရင်ခွင် ခိုလှုံလာသည့် ဒုတပ်ကြပ်ရဲကိုကို၏ ဘဝရှေ့ရေးကို အထောက်အကူ ဖြစ်စေရန်အတွက် ကရင်အမျိုးသား အစည်းအရုံး (KNU) ဒူးပလာယာခရိုင်က မြန်မာငွေ ကျပ်သိန်း ၁၅၀ ကို ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း KNU က ထုတ်ပြန်ထားသည်။

အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီကို စွန့်ခွါကာ ပြည်သူ့ရင်ခွင် ခိုလှုံလာမည့် စစ်သားများကို ကရင်အမျိုးသား အစည်းအရုံး (KNU) က အမြဲတမ်း ဖိတ်ခေါ်ကြိုဆိုနေမှာ ဖြစ်ပြီး ၎င်းတို့၏ နေထိုင်စားသောက်ရေးအတွက် လိုအပ်သည့် ထောက်ပံ့ကူညီမှုများကို ဆောင်ရွက်ပေးသွားမည်ဟု KNU ဒူးပလာယာခရိုင်မှ တာဝန်ရှိသူက ပြောသည်။

ထို့ပြင် ၎င်းတို့ရဲ့ ဆန္ဒအလျောက် သာမန်ပြည်သူတယောက်အနေဖြင့် ဘဝသစ် စတင်နိုင်အောင်လည်း အလုပ်အကိုင် အခွင့်အလမ်းများ ရရှိရန် ပံ့ပိုး ကူညီပေးသွားမည်ဖြစ်ကြောင်းလည်း KNU က ဆိုသည်။

အာဏာသိမ်းစစ်တပ်ကို စွန့်ခွါပြီး လက်နက်ခဲယမ်းနှင့်အတူ လာရောက်ပူးပေါင်းပါက ယူဆောင်လာသည့် လက်နက်အမျိုးအစားပေါ် မူတည်ပြီး ကာလတန်ဖိုး သတ်မှတ်ချက်နှင့် ညီမျှသည့် ငွေကြေးကိုလည်း ပေးအပ်သွားမည်ဟု သိရသည်။

မြောက်ပိုင်းညီနောင် မဟာမိတ်တပ်ဖွဲ့၏ “၁၀၂၇ စစ်ဆင်ရေး” စတင်ပြီးနောက်ပိုင်း ဒေသအသီးသီးမှာ အကြမ်းဖက် စစ်တပ်ကို စွန့်ခွါပြီး တော်လှန်ရေး အင်အားစုများဘက်ကို ပူးပေါင်း ခိုလှုံလာသည့် စစ်ကောင်စီ လက်အောက်ခံ စစ်သားများ ပိုမိုများပြားလာနေသကဲ့သို့ စစ်မြေပြင်မှာ လက်နက်ချ အညံ့ခံသည့် စစ်သားများကိုလည်း အများအပြား မြင်တွေ့လာရသည်။

စာတည်း။ ။ နောင်နောင်