မြိုင်တွင် စစ်ကောင်စီ ရိက္ခာပို့ယာဉ်တန်းကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်

ပုံအညွှန်း – Kingsman UG Force – M.M အဖွဲ့ ၏တိုက်ခိုက်ရေး ဒရုန်းများကိုတွေ့ရစဉ်

MTO

(မဇ္ဈိမ)။ ။မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် ရိက္ခာပို့ရန်လာသည့် ယာဉ် ၂၄ စီးပါ စစ်ကောင်စီယာဉ်တန်းကို နှစ်ရက်ဆက်တိုက် ဒရုန်းဖြင့် ဗုံးသီးများကြဲချတိုက်ခိုက်ခဲ့ကြောင်း Kingsman UG Force -M.M အဖွဲ့ ထံမှ သိရသည်။

ပခုက္ကူအခြေစိုက် တပ်မ(၁၀၁)မှ ထွက်လာသည့် အဆိုပါယာဉ်တန်းကို မြိုင်မြို့နယ် နှမ်းဆီကန်ကျေးရွာ အနီး၌ ဒီဇင်ဘာလ ၁၉ ရက်နေ့က ဗုံးသီးခြောက်လုံး၊ ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ဗုံးသီး ၁၃ လုံး ကြဲချ တိုက်ခိုက်ခဲ့ကြောင်း Kingsman UG Force -M.M အဖွဲ့တာဝန်ခံ ဗိုလ်တာရာက ပြောသည်။

“ Target Hit က ၉၀ ရာခိုင်နှုန်း ထိခိုက်မှုရှိတယ်၊ အများဆုံးလွဲမှ ၁၀ မီတာလောက်ပဲ။ စစ်ကောင်စီတပ်ရဲ့ ထိခိုက်မှုက အတည်ပြုနိုင်ဖို့ ခဲယဉ်းတယ်၊ လေးငါးရက်လောက်နေမှ ပြည်သူဆီက ပြန်ကြားရတာမျိုးပါ” ဟု ၎င်းကပြောသည်။

စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာတွင် SHAR HTOO WAW နည်းပညာသုံး Fixed Wing Drone များနှင့် 500 g ၊ 800 g ဗုံးသီးများ အသုံးပြု တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းသို့တိုက်ခိုက်ခံလိုက်ရသည့် စစ်ကောင်စီတပ်ဖွဲ့က ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် အနီးနားရှိ နှမ်းဆီ ကန်ကျေးရွာကို ဝင်ရောက်မီးရှို့ပြီးနောက် အမျိုးသားသုံးဦးကို ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှ သိရ သည်။

အဆိုပါယာဉ်တန်းသည် မြိုင်မြို့နယ် ကန်နီပျူစောထီးကျေးရွာအား ရိက္ခာပို့ရန်သွားနေသည့်ယာဉ်တန်း ဖြစ်ပြီး လမ်းတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များက ဆက်တိုက်ဆိုသလို တိုက်ခိုက်မှုများ ပြုလုပ်နေခြင်း ဖြစ်သည်။

ယခုဒရုန်းတိုက်ခိုက်မှုကို ပခုက္ကူခရိုင်တပ်ရင်း (၁၀)၊ ပခုက္ကူခရိုင်တပ်ရင်း (၃)၊ Kingsmann UG Force-M.M ၊ PKU Special Task Force ၊ Dar Min Gyi PDF အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

စာတည်း။ ။စောဖေ