ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ် ပေါ်ပေါက်ရေး လက်တွဲလုပ်ကိုင် လို‌ကြောင်း NUG ကာကွယ်ရေးက UWSP ပါတီသို့ သ၀ဏ်လွှာပေးပို့

စစ်အာဏာရှင်ပြုတ်ကျရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ် ပေါ်ပေါက်ရေး လက်တွဲလုပ်ကိုင်လို‌ကြောင်း NUG ကာကွယ်ရေး ၀န်ကြီးဌာနက ဝပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) တည်ထောင်ခြင်း (၃၅) နှစ်ပြည့် အခမ်းအနားသို့ သ၀ဏ်လွှာ ‌ပေးပို့ခဲ့သည်။

” အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ဝပြည်သွေးစည်းညီညွတ်ရေးပါတီ၏ နိုင်ငံရေး ရပ်တည်ချက်များကို လေးစားအသိမှတ်ပြုပါကြောင်းနှင့် စစ်အာဏာရှင်စနစ်ပြုတ်ကျ ‌ရေး၊ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ် ‌ပေါ်ပေါက်လာရေးအတွက် လက်တွဲညီညီ လုပ်ကိုင်ဆောင်ရွက်လိုကြောင်း ဖော်ပြရင်း ဤ သဝဏ်လွှာကို သွေးသောက် ညီရင်းအကို၊ မောင်ရင်းနှမ သစ္စာစိတ်ဖြင့် ပေးပို့အပ်ပါသည်” ဟု NUG ကာကွယ်ရေး၀န်ကြီး ဌာန၏ သ၀ဏ်လွှာတွင် ရေးသားထားသည်။

စစ်အာဏာရှင်‌ကြောင့် တနိုင်ငံလုံး စိတ်မချမ်း‌မြေ့သည့် အချိန် ကာလဖြစ်‌ကြောင်း၊ တနိုင်ငံလုံးကို ဘေးဒုက္ခကြီးမားစွာဖြစ်စေပြီး ဖွံ့ဖြိုးမှုနောက်ကျစေသည့် စစ်အာဏာရှင် စနစ်ပြုတ်ကျရန် တနိုင်ငံလုံးအတိုင်းအတာဖြင့် တောင်ပေါ်၊မြေပြန့် နိုင်ငံသားများ အားလုံး လက်တွဲ ညီညွတ်စွာဖြင့် ခုခံတိုက်ပွဲဝင်နေသော ကာလဖြစ်သည်ဟု သ၀ဏ်လွှာတွင် ဖော်ပြသည်။

ဝစာပေ၊ ယဉ်ကျေးမှု၊ အနုပညာနှင့်ရိုးရာဓလေ့ထုံးတမ်း စဉ်လာ များကို ဆက်လက်ထိန်းသိမ်းမြှင့်တင်နိုင်ပြီး ဒေသတွင်းရှိ လူမျိုးစုများကိုလည်း ကူညီစောင့်ရှောက်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်‌ကြောင်း UWSP သို့ ပေးပို့သည့် သ၀ဏ်လွှာတွင် ဆက်လက်ရေးသားထားသည်။