ရှားတောမြို့တွင် ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးငယ်အပါအဝင် ၇ ဦးကို စစ်ကောင်စီတပ်က သတ်ဖြတ်

ရှားတောမြို့တွင် ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးငယ်အပါအဝင် ၇ ဦးကို စစ်ကောင်စီတပ်က သတ်ဖြတ်

001

(မဇ္စျိမ)။ ။ ကရင်နီပြည်နယ်၊ ရှားတောမြို့နယ်တွင် စစ်ကောင်စီတပ်က ကိုယ်ဝန်ဆောင်မိခင်၊ မသန်စွမ်းနှင့် ကလေးသူငယ်များအပါအဝင် စစ်ဘေးရှောင် ခုနစ်ဦးကို သတ်ဖြတ်ခဲ့ကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) က ယမန်နေ့ ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ထုတ်ပြန်သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၅ ရက်နေ့ နံနက် ၈ နာရီခန့်တွင် စစ်ကောင်စီတပ်မှ ရဟတ်ယာဉ်သုံးစီးဖြင့် ရှားတောမြို့နယ်အတွင်း ဆင်းသက်ခဲ့ပြီး စစ်ဘေးရှောင်လူထုများကို လမ်းပြအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကာ လမ်းတွင် ညှဥ်းပန်းနှိပ်စက်သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း KnHRG ကဆိုထားသည်။

သတ်ဖြတ်ခံရသူများမှာ အသက် ၅၀ အရွယ်နှင့် အသက် ၄၅ နှစ်အရွယ် မသန်စွမ်း အမျိုးသမီး နှစ်ဦး၊ အသက် ၃၃ နှစ် အရွယ် ကိုယ်ဝန်ဆောင်မိခင်တဦး၊ အသက် ခုနစ်နှစ်အရွယ် မိန်းကလေးငယ်တဦး၊ အသက် ငါးနှစ်အရွယ်နှင့် သုံးနှစ်အရွယ်ကလေးငယ် ယောကျာ်းလေးနှစ်ဦး၊ အသက်အရွယ် မသိရှိရသေးသည့် အမျိုးသားတဦးတို့ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သေဆုံးသူများတွင် ခြေသလုံးဓားလှီးဒဏ်ရာ၊ ဦးခေါင်းပစ်ခတ်ခံရခြင်း၊ မျက်နှာတခုလုံးညိုမဲဒဏ်ရာ၊ ဗိုက်၊ ရင်ဘတ် ပစ်ခတ်ခံရခြင်း စသည့် ဒဏ်ရာများကိုလည်း တွေ့ရှိရကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

အဆိုပါ ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး အသေးစိတ်မေးမြန်းနိုင်ရန် KnHRG တာဝန်ရှိသူအချို့ထံ ဖုန်းဖြင့် ဆက်သွယ်ခဲ့‌သော်လည်း ဆက်သွယ်၍ မရသေးပေ။

ကရင်နီတပ်မတော်( KA )စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်ကလည်း “ရှားတောက ဖြစ်စဉ်က သတ်ထားတာ အဲ့တာမှန်ပါတယ်။ အတည်ပြုလို့ရပါတယ်” ဟုဆိုသည်။

သို့​သော် လက်ရှိ ကရင်နီပြည်နယ်တွင် ဖုန်းလိုင်းအခက်အခဲရှိနေသည့်အတွက် အသေးစိတ်ကို မသိရှိရသေးကြောင်းလည်း ဗိုလ်မှူးကြီးဘုန်းနိုင်က ပြောသည်။

ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)အနေဖြင့်မူ အဆိုပါ ဖြစ်ရပ်နှင့် ပတ်သက်ပြီး တရားဝင်ထုတ်ပြန်ချက် ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း တာဝန်ရှိသူတဦးက ပြောသည်။

ထို့ပြင် အဆိုပါ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင်ပင် ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် ဒေါဆီးအီကျေးရွာရှိ စာသင်ကျောင်းနှင့် လွိုင်နန်းဖကျေးရွာရှိ စာသင်ကျောင်း တဝိုက် စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးပစ်ခတ်ခြင်းတို့ ပြုလုပ်ခဲ့သည့်အတွက် အသက် ၁၃ နှစ်အရွယ်ဝန်းကျင်ရှိသည့် အလယ်တန်းကျောင်းသား လေးဦးနှင့် သက်ကြီးပိုင်း အမျိုးသားတဦးသေဆုံးပြီး ၂၀ ဦးကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း IEC ၏ ထုတ်ပြန်ထားချက်အရ သိရသည်။

စာတည်း – သန့်ဇော်(သန်လျင်)