နာမည်ကြီး မန်းဈေးချိုသူ သင်္ကြန်ဖွင့်ပွဲ လူမစည်ကား

ပုံအညွန်း - သင်္ကြန် အကြိုနေ့တွင် ပြုလုပ်သည့် ဈေးချိုသူ သင်္ကြန်မဏ္ဍပ်ဖွင့်ပွဲ

ပုံအညွန်း – သင်္ကြန် အကြိုနေ့တွင် ပြုလုပ်သည့် ဈေးချိုသူ သင်္ကြန်မဏ္ဍပ်ဖွင့်ပွဲ

008

(မဇ္ဈိမ)။ ။ မန္တလေး သင်္ကြန်တွင် အထင်ကရ တခုဖြစ်သည့် စျေးချိုသူ သင်္ကြန်မဏ္ဍပ် ဖွင့်ပွဲကို ယနေ့ (ဧပြီလ ၁၃ ရက်) နံနက် ၈ နာရီတွင် ပြုလုပ်ခဲ့ရာ လူမစည်ကားခဲ့ကြောင်း ဒေသခံများက ပြောသည်။

တိုင်းအဆင့် ဝန်ကြီးများ၊ လုပ်ငန်းရှင်ကြီးများနှင့် နာမည်ကြီး အနုပညာရှင်များအပြင် စျေးချိုသူများ၏ ဖြေဖျော်မှုများကြောင့် ထိုမဏ္ဍပ်ဖွင့်ပွဲ လူစည်ကားခဲ့သော်လည်း စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း စျေးအကျိုးတော်ဆောင်နှင့် ခရိုင်အုပ်ချုပ်ရေးမှူးသာ ဖွင့်ပွဲသို့ တက်ရောက်ခဲ့ပြီး လူစည်ကားမှုလည်းမရှိတော့ကြောင်း ဒေသခံများထံက သိရသည်။

“ ပုံမှန်ဆို စျေးချိုရှေ့မှာ လမ်းအပြည့်ပဲလူတွေက ။ စျေးချိုသူ မဏ္ဍပ် ဖွင့်ပွဲပြီးမှ ကျုံးဘေးကို ရေ ကစားဖို့သွားကြတာ ၊ ဒီနှစ် လူမရှိဘူး ” ဟု ဒေသခံတဦးကပြောသည်။

ဖွင့်ပွဲသို့ လာရောက်ဖျော်ဖြေသည့် နာမည်ကြီး မြို့မ ငွေငန်းအလှပြယာဉ်လည်း အားပေးကြည့်ရှု့သူမရှိဘဲ ဖျော်ဖြေသွားရသည် ။ အဆိုပါ မဏ္ဍပ်ဖွင့်ပွဲတွင် စစ်ကောင်စီအလိုကျ ဆောင်ရွက်ပေးသူများနှင့်ဖိတ်ကြားထားသူများ၊ ဂျစ်ကားများဖြင့် လည်ခိုင်ထားသူများသာရှိသည်။

“ အခုမစည်တာကတော့ ရှင်းတယ်ဗျာ။ ခေတ်အခြေအနေကြောင့်လို့ပဲ ရိုးမယ်ဖွဲ့ရတော့မှာပေါ့။မတရားတဲ့ ကာလကြီးမှာ ခင်ဗျားရောပျော်နိုင်မလား။ ဒါရှင်းရှင်းလေးပဲ။ ဈေးချိုသူမဏ္ဍပ် ကိစ္စပဲကြည့်လေ။ အရင်က ဘယ်လောက်စည်လဲ ။ အဲလိုပဲ ဗဟိုမဏ္ဍပ်လည်း စည်တာပဲ။အခု မစည်တာက ဘက်ပေါင်းစုံကြောင့်ပဲ။ အသိစိတ်လေး ကပ်နေ ရှိနေရင် ဘယ်သူက ထွက်လာမလဲ။” ဟု မန္တလေးမြို့ခံ စာရေးဆရာတဦးကပြောသည်။

မန္တလေး သင်္ကြန်တွင် စည်းကားလေ့ရှိသည့် နေရာများ ဖြစ်သည့် ကျုံးဘေး၊ တောင်သမန်နှင့် ကန်ပတ်လမ်းတွင်လည်း လူနည်းပါးနေသည်။

မန္တလေး သင်္ကြန်တွင် ကား၊ ဆိုင်ကယ်များဖြင့် လည်မည့်သူများသည် မဟာမြတ်မုနိ ဘုရားနှင့် မန္တလေးတောင်‌ခြေရှိ ဘိုးဘိုးကြီးနတ်နန်းတွင် အန္တရာယ်ကင်းစေရန်အတွက် မိမိတို့အသုံးပြုမည့် ယာဉ်များကို ကန်တော့ဦးတိုက် ပြသကြသည့် ဓလေ့လည်းရှိသည်။ ထိုနေရာများတွင်လည်း ဦးတိုက်ကန်တော့သည့် ယာဥ်များ နည်းပါးနေသည်။

စာတည်း။ ။အောင်ကျော်ဖြိုး