တရုတ်ကွန်မြူနစ်ပါတီ အတွက် လျှို့ဝှက်အလုပ်လုပ်နေသော စီးပွားရေးသမားကို သြစတြေးလျ တရားရုံး က ပြစ်ဒဏ်ချမှတ်

ဩစတြေးလျ စီးပွားရေးလုပ်ငန်းရှင် ဒီဆန်ဒေါင်း(ပုံဟောင်း)/Photo:WhatsApp

ANI − တရုတ်ကွန်မြူနစ်ပါတီ အတွက် လျှို့ဝှက် လုပ်ဆောင်ခဲ့သော သြစတြေးလျ စီးပွားရေးသမား တဦးကို သြစတြေးလျ မဲလ်ဘုန်း တရားရုံးက နိုင်ငံ၏ နိုင်ငံခြားလွှမ်းမိုးမှု ဥပဒေ အရ ပထမဆုံး အကြိမ် စီရင်ချက် ချမှတ် လိုက်ကြောင်း CNN သတင်းဌာနက ဒီဇင်ဘာ ၂၀ တွင် ဖော်ပြသည်။

မဲလ်ဘုန်းမြို့ရှိ တရုတ်အသိုင်းအဝိုင်းတွင် ထင်ရှားကျော်ကြားသော အသက် ၆၈ နှစ်ရှိ ဩစတြေးလျ စီးပွားရေးလုပ်ငန်းရှင် ဒီဆန်ဒေါင်း သည် ပြည်ပမှ ဝင်ရောက်စွက်ဖက်မှုပြုနိုင်ရန် ပြင်ဆင်ပေးခြင်း သို့မဟုတ် စီစဉ်ပေးခြင်းအတွက် တရားရုံးမှ ပြစ်ဒဏ်ချမှတ်ခြင်းခံရသည်။ အဆိုပါ ပြစ်မှုသည် အမြင့်ဆုံး ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်နိုင်သည်။

ပြည်တွင်းနိုင်ငံရေးတွင် နိုင်ငံခြားသြဇာလွှမ်းမိုးမှုကို တန်ပြန်ရန် ဩစတေးလျမှ ၂၀၁၈ တွင် ပြဋ္ဌာန်း ခဲ့သော ဥပဒေဖြင့် ဒေါင်း သည် ပထမဆုံး ပြစ်ဒဏ် စီရင်ခံရခြင်း ဖြစ်ကြောင်း CNN က ဖော်ပြသည်။

သြစတြေးလျနိုင်ငံရေးကို သြဇာလွှမ်းမိုးရန် တရုတ် ၏ ကြိုးပမ်းမှုများနှင့် ပတ်သက်သည့် အရှုပ်တော်ပုံများ ဆက်တိုက် ထွက်ပေါ်လာပြီးနောက် အဆိုပါ ဥပဒေသည် နိုင်ငံ၏ အကြီးဆုံး ကုန်သွယ်ဖက်ဖြစ်သည့် တရုတ်နှင့် တင်းမာမှုများ ပိုမို ဆိုးဝါးလာသည်။

ဒေါင်း ကို ဗစ်တိုးရီးယားပြည်နယ်ရဲတပ်ဖွဲ့က ၂၀၂၀ တွင် တရားစွဲဆိုခဲ့သည်။ ၎င်း သည် လွန်ခဲ့သည့် သုံးနှစ် က တော်ဝင်မဲလ်ဘုန်းဆေးရုံသို့ ကြီးမားသော လှူဒါန်းမှုဖြင့် ပြည်ထောင်စုအစိုးရ၀န်ကြီးဟောင်း အလန် ထဒ်ဂျ် အား လျှို့ဝှက်သြဇာလွှမ်းမိုးရန် ကြိုးပမ်းခဲ့ကြောင်း ဗစ်တိုးရီးယားခရိုင်တရားရုံးက ဒီဇင်ဘာ ၁၉ တွင် ဆုံးဖြတ်ခဲ့သည်။

ဆေးရုံရှိ ၂၀၂၀ ခုနှစ် ဇွန် ၂ အခမ်းအနားတစ်ခုမှ ဓာတ်ပုံများတွင် ဒေါင်း သည် သြစတြေးလျဒေါ်လာ ၃၇,၄၅၀ (အမေရိကန် ဒေါ်လာ၂၅,၀၀၀) တန် ချက်လက်မှတ်ကို ထဒ်ဂျ် အား ပြသနေသည်ကို တွေ့ရသည်။ အဆိုပါ လှူဒါန်းငွေများသည် ဒေါင်း ဦးဆောင်သော ဗီယက်နမ်၊ ကမ္ဘောဒီးယားနှင့် လာအိုတို့မှ တရုတ်လူမျိုး ရွှေ့ပြောင်းနေထိုင်သူများအဖွဲ့ (Oceania Federation of Chinese Organizations) မှ ရရှိခြင်းဖြစ်သည်။

ဒေါင်း သည် အလှူငွေကို ထဒ်ဂျ် အား ကူညီရန် အသုံးပြုခဲ့သည်ဟု ပြည်ထောင်စုအစိုးရ ရှေ့နေများက စွပ်စွဲခဲ့သည်။ သို့သော် ထဒ်ဂျ် ကို သီးခြား စွပ်စွဲခဲ့ခြင်း မရှိပါ။

၂၀၂၀ ခုနှစ် ဧပြီ တွင် ဒေါင်း နှင့် တွဲဖက် တဦး တို့ ဖုန်းပြောဆိုမှုမှ ကြားဖြတ် ရရှိသော အသံမှတ်တမ်းကို အစိုးရ ရှေ့နေများ က သက်သေပြုခဲ့သည်။ အသံမှတ်တမ်း တွင် ဒေါင်း နှင့် သြစတြေးလျ ဝန်ကြီးချုပ်ဖြစ်ရန် အလားအလာရှိသော တဒ်ဂျ် တို့ ၏ ဆက်ဆံရေး အခြေအနေကို တရားရုံးက ကြားနာခဲ့သည်။

သြစတြေးလျ လစ်ဘရယ်ပါတီ၏ ဗစ်တိုးရီးယားပြည်နယ်ဌာနခွဲမှ အဖွဲ့ဝင်ဟောင်းဖြစ်သူ ဒေါင်း သည် တရုတ် ၏ ပြည်ပရေးရာလုပ်ငန်းများ ညွန့်ပေါင်းဌာန (China’s United Front Work Department ) အတွက် အဓိက အလုပ်လုပ်ပေးနေသူ ဖြစ်ကြောင်း တရားလိုရှေ့နေ ပက်ထရစ်‌ဒေါ်လီ က တရားရုံးတွင် စွပ်စွဲ ခဲ့သည်။

UFWD သည် တရုတ်ကွန်မြူနစ်ပါတီမှ ဦးဆောင်သည့် ကြီးမားသော အဖွဲ့အစည်း ဖြစ်ပြီး ပြည်တွင်းပြည်ပမှ ထိပ်သီးပုဂ္ဂိုလ်များ၊ အထက်တန်းလွှာများနှင့် ခိုင်မာကောင်းမွန်သော ဆက်ဆံရေး တည်ဆောက်၍ ၎င်းတွင် တရုတ်လူမျိုး အများစုပါဝင်သည်။ အဆိုပါအဖွဲ့သည် တရုတ်အစိုးရကိုယ်စား ကမ္ဘာလုံးဆိုင်ရာ နိုင်ငံခြား သြဇာလွှမ်းမိုးမှုအတွက် လုပ်ဆောင်နေကြောင်း အမေရိကန်အပါအဝင် အနောက်နိုင်ငံများမှ သုတေသီများ က စွပ်စွဲပြောဆိုကြောင်း CNN က ဖော်ပြထားသည်။

“ဒီစနစ်ရဲ့ အဓိက ရည်ရွယ်ချက်က တရုတ်ကွန်မြူနစ်ပါတီအတွက် အလုပ်လုပ်ပေးမယ့် မိတ်ဆွေတွေ ကို လွှမ်းမိုး အနိုင်ယူဖို့ဖြစ်တယ်။ ပါတီနဲ့ သူ့ရဲ့မူဝါဒတွေကို အကောင်အထည်ဖော်ပေးဖို့ဖြစ်တယ်” ဟု ဒေါ်လီ က တရားရုံးသို့ လျှောက်ထားသည်။

ဒေါင်း သည် တရုတ်အစိုးရ လုံခြုံရေးအရာရှိများနှင့် ဆက်သွယ်ခဲ့သည်ဟု အစိုးရရှေ့နေများက တင်ပြကြသည်။ ဒေါင်းနှင့် ၎င်း၏ လက်ထောက်တို့ ဖုန်းပြောဆိုမှုတွင် ဒေါင်း က “ကျွန်တော်က သတင်းစာထဲမှာ တခါမှ မဖော်ပြဖူးတဲ့ အရာတွေကို အလုပ်လုပ်နေပေမယ့် ကျွန်တော်ဘာလုပ်နေတယ် ဆိုတာ တရုတ်အစိုးရက သိလိမ့်မယ်” ဟု ပြောဆိုကြောင်း တရားရုံးတွင် သက်သေခံတင်သွင်းသော အသံမှတ်တမ်း အရ သိရသည်။

ဒေါင်း သည် လာမည့်နှစ်တွင် ထောင်ဒဏ်ကျခံရမည်ဖြစ်သည်။

အဆိုပါ စီရင်ချက်ကို ထောက်ခံကြောင်း သြစတြေးလျ ဖက်ဒရယ်ရဲတပ်ဖွဲ့ (AFP) က ဒီဇင်ဘာ ၁၉ တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။ “AFP သည် ရှုပ်ထွေးသော စုံစမ်းစစ်ဆေးမှုအတွင်း နိုင်ငံရပ်ခြား ဝင်ရောက်စွက်ဖက်မှုဆိုင်ရာဌာန မှ လုပ်ဖော်ကိုင်ဖက်များအား ကျေးဇူးတင်ရှိသည်” ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

အတိုက်အခံ ပြည်ထဲရေးဌာမှ ပြောရေးဆိုခွင့်ရှိသူ ဂျိမ်းပီတာဆန် က “ဩစတေးလျ၏ ပထမဆုံးသော ပြည်ပဝင်ရောက်စွက်ဖက်မှု တွင် အပြစ်ရှိကြောင်း စီရင်ချက်ချခြင်း” ကို လက်ခံကြောင်း ၎င်း ၏ X လူမှုကွန်ယက်တွင် ရေးသားခဲ့သည်။

“အောင်မြင်တဲ့တရားစွဲဆိုမှုတွေက ကျွန်တော်တို့ရဲ့ ဒီမိုကရေစီစနစ်ကို ဝင်ရောက်စွက်ဖက်ဖို့ ကြိုးပမ်းတဲ့ နောက်ထပ် အနှောက်အယှက် တွေကို ဟန့်တားဖို့ အဓိက သော့ချက်ပါပဲ။ AFP နဲ့ အစိုးရရှေ့နေတွေက ဥပဒေကို ခိုင်ခိုင်မာမာ ဆက်လက်ကျင့်သုံးသင့်ပါတယ်” ဟု ၎င်းက ပြောကြားသည်။