ဘင်္ဂလားဒေ့ရှ်တွင် ဝန်ကြီးချုပ် ဟာစီနာ မဲဆွယ်စည်းရုံးမှု စတင်စဉ် ရွေးကောက်ပွဲ သပိတ်မှောက်ရေး အတိုက်အခံတို့ ဆော်ဩတောင်းဆို

ဝန်ကြီးချုပ် ရှိတ် ဟာစီနာ(ပုံဟောင်း)

ရိုက်တာ − ဘင်္ဂလားဒေ့ရှ်တွင် လာမည့် ဇန်နဝါရီလထဲ ကျင်းပရန် ရှိသည့် ရွေးကောက်ပွဲကို သပိတ်မှောက်ရေး အဓိကအတိုက်အခံပါတီက မဲဆန္ဒရှင်များကို ဒီဇင်ဘာ ၂၀ ရက်တွင် တိုက်တွန်းလိုက်ပြီး ထိုရွေးကောက်ပွဲက “တဖက်သတ်ကျသည့် အတုအယောင် ရွေးကောက်ပွဲတရပ်” ဟု ပြောဆိုသည်။ တချိန်တည်းမှာပင် လက်ရှိဝန်ကြီးချုပ် ရှိတ် ဟာစီနာသည် သက်တမ်း လေးကြိမ်ဆက်တိုက်အဖြစ် ရွေးကောက်ခံရရေးအတွက် မဲဆွယ်စည်းရုံးမှုများကို တရားဝင် စတင်သည်။

ပါတီထိပ်ပိုင်းခေါင်းဆောင်များအနက် တချို့ ဖမ်းဆီးထောင်ချခံထားရသလို တချို့လည်း ပြည်ပြေးဘဝ ရောက်နေရသည့် အဓိက အတိုက်အခံပါတီ ဘင်္ဂလားဒေ့ရှ် အမျိုးသားရေးပါတီ (BNP) က ဝန်ကြီးချုပ် ဟာစီနာ ရာထူးမှ နှုတ်ထွက်ပေးရန်နှင့် ဘက်မလိုက်ကြားနေ အာဏာပိုင်အဖွဲ့တခုကို အစိုးရနေရာ အစားဝင်ပြီး ဇန်နဝါရီ ၇ ရွေးကောက်ပွဲကို ကြီးကြပ်စေရန် တောင်းဆိုထားသည်။ လက်ရှိတွင် ဇန်နဝါရီ ၇ ရက် ရွေးကောက်ပွဲတွင် ပါဝင်မယှဉ်ပြိုင်ဘဲ သပိတ်မှောက်ရန် BNP က ဆုံးဖြတ်ထားသည်။

ရာထူးမှ ဆင်းပေးရေး အတိုက်အခံတို့၏ တောင်းဆိုမှုများကို ဟာစီနာက ထပ်တလဲလဲ ငြင်းဆန်ပယ်ချထားပြီး နိုင်ငံတွင် အစိုးရဆန့်ကျင်သော ဆန္ဒပြပွဲများကို သွေးထိုးလှုံ့ဆော်မှုအတွက် BNP ပါတီအပေါ် ပြစ်တင်ထားသည်။ အောက်တိုဘာလကုန်ပိုင်းကတည်းက မြို့တော် ဒါကာကို လှုပ်ခတ်စေခဲ့သည့် အစိုးရဆန့်ကျင်သော ဆန္ဒပြပွဲများအတွင်း လူ ၁၀ ဦးထက်မနည်း သေဆုံးထားခဲ့ရသည်။

“ဇန်နဝါရီ ၇ ရက် အတုအယောင် ရွေးကောက်ပွဲကို သပိတ်မှောက်ကြပါ။ ဒီရွေးကောက်ပွဲမှာ မပါဝင်ကြပါနဲ့” ဟု BNP ၏ အကြီးတန်း ပူးတွဲအထွေထွေအတွင်းရေးမှူး ရူဟူ ကာဘီရာ ရစ်ဇ်ဗီက အွန်လိုင်း သတင်းစာရှင်းလင်းပွဲတခုတွင် ပြောသည်။ “ခင်ဗျားတို့ ဘယ်သူမှ မဲရုံတွေကို မသွားကြပါနဲ့။ ဒါက ခင်ဗျားတို့ရဲ့ ဒီမိုကရေစီအခွင့်အရေးဖြစ်တယ်”

ထို့ပြင် အစိုးရဝန်ထမ်းများ၊ အထူးသဖြင့် ရွေးကောက်ပွဲ စီစဉ်မှုတွင် ပါဝင်ကြသူများအနေဖြင့် အလုပ်မှ ထွက်ရန်နှင့် ဘဏ်လုပ်ငန်းနှင့် တရားစီရင်ရေးစနစ် အပါအဝင် ဝန်ဆောင်မှုအားလုံး ရပ်ဆိုင်းရန် ရစ်ဇ်ဗီက တောင်းဆိုသည်။ “အခွန်အကောက်တွေ၊ ဝန်ဆောင်ခတွေ၊ ရေဖိုး မီးဖိုးတွေနဲ့ အစိုးရကို ပေးရမယ့် အခြား အဖိုးအခတွေအားလုံး မပေးဘဲ ဆိုင်းငံ့ထားကြပါ” ဟု ၎င်းက ပြောသည်။

တချိန်တည်းမှာပင် ဝန်ကြီးချုပ် ဟာစီနာက နိုင်ငံအရှေ့မြောက်ပိုင်း ဆစ်လ်ဟက် ခရိုင်တွင် မဲဆွယ်စည်းရုံးစဉ် ကြီးပွားချမ်းသာသော ဘင်္ဂလားဒေ့ရှ်နိုင်ငံတခုဆီ ဆက်လက်ချီတက်ရေးအတွက် သူမ၏ ပါတီကို မဲပေးကြရန် လူထုကို တိုက်တွန်းသည်။

“မဲပေးတာက ပြည်သူတွေရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခွင့်အရေးတခုဖြစ်တယ်။ တစုံတယောက်က မဲပေးတာ ဒါမှမဟုတ် ရွေးကောက်ပွဲမှာ ဝင်စွက်ဖက်တယ်ဆိုရင် ပြည်သူတွေက သူတို့ကို လက်မခံပယ်ချပါလိမ့်မယ်” ဟု ဟာစီနာက လူထုစည်းဝေးပွဲတွင် ပြောသည်။

“ဘယ်ပါတီပဲဖြစ်ဖြစ် ရွေးကောက်ပွဲကို သပိတ်မှောက်နိုင်တယ်။ ဒါပေမယ့် သူတို့က ဘာကြောင့် လူတွေကို မီးလောင်ပြီး သေအောင် လုပ်တာလဲ” ဟု ဟာစီနာက ပြောဆိုသည်။ မည်သည့်အကြမ်းဖက်မှုတွင်မှ ပါဝင်ပတ်သက်ထားခြင်းမရှိဟု BNP က ငြင်းဆိုသည်။

ဒီဇင်ဘာ ၁၉ ရက် ရထားတစီးပေါ် မီးလောင်မှုဖြစ်စဉ်ကြောင့် အမျိုးသမီးတဦးနှင့် သူမ၏ သုံးနှစ်အရွယ် သားဖြစ်သူ အပါအဝင် လူလေးဦး သေဆုံးခဲ့သည်။