ဥပဒေ ဘောင်ခတ်ခံလာရသည့် မြန်မာစစ်တပ် ဖိအားများ ကြုံနေ

2018 ခုနှစ် အောက်တိုဘာလ 1 ရက်နေ့တွင် The Hague ရှိ အပြည်ပြည်ဆိုင်ရာ တရားမျှတမှုဆိုင်ရာ တရားရုံး အစည်းအဝေး၏ အထွေထွေ မြင်ကွင်း။ (Bas ZERWINSKI/ANP/AFP)

East Asia Forum

၂၀၂၃ နိုဝင်ဘာအတွင်း နိုင်ငံအချို့သည် နိုင်ငံတကာ တရားရုံး ICJ ၌ မြန်မာအား ဂမ်ဘီးယားနိုင်ငံက တရားစွဲဆိုထားခြင်းကို ထောက်ခံလျက် ရိုဟင်ဂျာ လူမျိုးတုံး သတ်ဖြတ်မှု အမှုတွင် ကြားဝင်ဆောင်ရွက်မည်ဆိုသော အစောပိုင်း ကတိကဝတ်များကို အကောာင်အထည် ဖော်လာကြသည်။ တိုက်ပွဲမြေပြင်က ဖြစ်စဉ်များကလည်း မြန်မာစစ်တပ်၏ ဟန်ချက်ကို ပြောင်းလဲစေပြီး ICJ နှင့် အခြားသော နိုင်ငံတကာခုံရုံးများတွင် ရာဇဝတ်မှုဖြင့် တရားစွဲခံထားရခြင်းအား သက်ရောက်လာနိုင်ဖွယ် ရှိနေသည်။

မြန်မာအား ဂမ်ဘီးယားနိုင်ငံ၏ တရားစွဲဆိုထားခြင်းတွင် မော်လ်ဒိုက်နိုင်ငံနှင့် ကနေဒါ၊ ဒိန်းမတ်၊ ပြင်သစ်၊ ဂျာမနီ၊ နယ်သာလန်နှင့် ဗြိတိန်တို့၏ ပူးပေါင်းသော ကြားဝင်ဆောင်ရွက်မှု နှစ်ရပ်ကို ICJ ဥပဒေပြဋ္ဌာန်းချက် ပုဒ်မ ၆၃ အောက်တွင် ၂၀၂၃ နိုဝင်ဘာ ၁၅ ရက် ထည့်သွင်းခဲ့သည်။ အကယ်၍ ထို ကြားဝင်ဆောင်ရွက်မှု နှစ်ရပ်အား အတည်ပြုလက်ခံပါက ICJ ၏ စီရင်ချက် ချမှတ်ခြင်းများတွင် အဖွဲ့အစည်းများနှင့် ကြားဝင်ဆောင်ရွက်သူများ၏ တင်ပြချက်များကိုပါ ထည့်သွင်းစဉ်းစားကာ ချမှတ်လိမ့်မည် ဖြစ်သည်။

၂၀၁၇ ရိုဟင်ဂျာများအား အစုပြုံလိုက် သတ်ဖြတ်မှုအပြီး ခြောက်နှစ်အကြာ၊ ဂမ်ဘီးယားက ICJ တွင် တရားစွဲဆိုပြီး လေးနှစ်အကြာ နိုင်ငံအချို့၏ တရားရေးဘက်ဆိုင်ရာ ကြားဝင်ဆောင်ရွက်မှုများသည် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် အပါအဝင် မြန်မာစစ်ခေါင်းဆောင်များအတွက် ဥပဒေဖြင့် ပြစ်ဒဏ်ခတ်ခံရမည့် အန္တရာယ်များ တိုးများလာစေတော့သည်။ ICJ အမှုတွင် ကြားဝင်ဆောင်ရွက်မည့် နိုင်ငံများ အစုအဖွဲ့တွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် ဗြိတိန်နှင့် ပြင်သစ်တို့အပြင် ဂျာမနီကဲ့သို့ ဩဇာရှိသည့် ဥရောပနိုင်ငံများပါ ပါဝင်နေခြင်း ဖြစ်သည်။

သို့ရာတွင် ဂျာမနီ အစိုးရရှေ့နေချုပ်သည် NGO Fortify Rights က တင်လာသော ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့်အမှုကို လက်ခံရန် ငြင်းပယ်လိုက်သည်။ ထို NGO အဖွဲ့တင်သော အမှုတွင် ရိုဟင်ဂျာများအား မြန်မာစစ်တပ်၏ လူမျိုးတုံး သတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှု ကျူးလွန်မှုနှင့် လူသားမျိုးနွယ်ပေါ် ရာဇဝတ်မှု ကျူးလွန်မှု စွဲချက်များအပြင် ၂၀၂၁ ဖောဖော်ဝါရီ အာဏာသိမ်းပြီးနောက်ပိုင်း လူသားမျိုးနွယ်ပေါ် ကျူးလွန်သော ရာဇဝတ်မှုများဖြင့်ပါ စွဲဆိုထားခြင်း ဖြစ်သည်။ ဂျာမနီမြေပေါ်တွင် မင်းအောင်လှိုင်နှင့် အခြားသော ကျူးလွန်သူများ မရှိခြင်းအပြင် ဂျာမနီအနေဖြင့်လည်း မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားကဲ့သို့ နိုင်ငံတကာ တရားရေးရာများ၌ ပူးပေါင်းဆောင်ရွက်နေဆဲ ဖြစ်ခြင်းတို့သည် အမှုအား လက်မခံရသည့် တိကျပြတ်သားသော အကြောင်းအချက်များ ဖြစ်သည်ဟု ရှေ့နေချုပ်က မှတ်ချက်ပြုသည်။

ထိုသို့သော နိုင်ငံတကာ တရားရေးရာ ဖြစ်ထွန်းမှုများနှင့် တချိန်တည်းတွင် မြန်မာစစ်တပ်သည် တိုက်ပွဲမြေပြင်၌ ကြီးမားသော အရှုံးများနှင့် ရင်ဆိုင်နေရပြီး စစ်ကောင်စီအတွက် အဆုံးစွန် အကျပ်အတည်း ဆိုက်ရောက်သွားစေနိုင်သည့် အခြေအနေ ရှိနေသည်။ ၂၀၂၃ အောက်တိုဘာ ၂၇ ရက်၌ စစ်ဆင်ရေး ၁၀၂၇ အောင်မြင်မှုနောက်ပိုင်းတွင် တိုင်းရင်းသားလက်နက်ကိုင်အုပ်စုများသည် နိုင်ငံ၏ နယ်မြေအစိတ်အပိုင်းများ၌ အသာစီး ရလာခဲ့ကြသည်။ ထို စစ်ဆင်ရေးကို ညီနောင်သုံးဖော်မဟာမိတ်အဖွဲ့က ဆင်နွှဲခြင်းဖြစ်ကာ ရှမ်းမြောက်တွင် အဓိက နယ်စပ်မြို့နှစ်မြို့အား သိမ်းပိုက်နိုင်ပြီး စစ်စခန်းပေါင်း ၁၂၀ ကျော်ကို သိမ်းပိုက်ရရှိသည်။

ထို ထိုးစစ်နှင့်အတူ မြန်မာအရှေ့ပိုင်းတွင်လည်း တိုင်းရင်းသား ကရင်နီတော်လှန်ရေးအင်အားစုများ၏ စစ်တပ်အား တိုက်ခိုက်ခြင်းများ တွဲပါလာခဲ့သည်။ အဓိက ထိုးစစ်များသည် အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့် မိတ်ဖက်ပြုသည့် ပြည်သူ့ကာကွယ်ရေးတပ် PDF များ ကောလင်းမြို့ကို သိမ်းပိုက်ထားရာ အလယ်ပိုင်း စစ်ကိုင်းတိုင်း၌ ဖြစ်ပွားသည်။ ကောလင်းသည် မြန်မာတော်လှန်ရေးအင်အားစုများ သိမ်းပိုက်နိုင်ပြီး အရပ်သား စီမံအုပ်ချုပ်မှု အပြည့်အဝ ရရှိသော ပထမဆုံး ခရိုင်အဆင့် မြို့ဖြစ်သည်ဟု NUG က ဒီဇင်ဘာ အစောပိုင်းတွင် ကြေညာသည်။

ညီနောင်သုံးဖွဲ့ဝင် အင်အားကောင်းသော AA တပ်သည်လည်း မြန်မာအနောက်ပိုင်း ရခိုင်ပြည်နယ်တွင် မြန်မာစစ်တပ်နှင့် ၁၂ လတာ အပစ်ရပ်အား ၂၀၂၃ နိုဝင်ဘာလလယ်တွင် ဖျက်သိမ်းပစ်လိုက်သည်။ AA တို့က နယ်ခြားစောင့်စခန်းများကို သိမ်းပိုက်ပြီး အဓိကမြို့နယ်လေးမြို့နယ်မှ စစ်ကောင်စီတပ်များကို တိုက်ခိုက်ရာ ရွာသူရွာသား ထောင်ပေါင်းများစွာ ဘေးလွတ်ရာ ထွက်ပြေးကြရသည်။ အိမ်နီးချင်း ချင်းပြည်နယ်တွင်လည်း တိုင်းရင်းသားလက်နက်ကိုင်အုပ်စုများသည် မြို့နှစ်မြို့ အနည်းဆုံး သိမ်းပိုက်နိုင်ကာ ပြည်သူထောင်နှင့်ချီ၍ အိန္ဒိယသို့ ဖြတ်သန်းဝင်ရောက်ကြသည်.

ထို တိုက်ခိုက်မှုများမှာ ပြည်တွင်းစစ်၏ လားရာတွင် အရေးပါသော အပြောင်းအလဲပဲ ဖြစ်သည်။ ယူကရိန်းနှင့် အစ္စရေး-ဂါဇာအရေးသား ဦးစားပေးနေသည့် ကမ္ဘာ့နိုင်ငံရေးတွင် မျက်ကွယ်ပြုခံထားရသည့် မြန်မာ့အရေးမှာ လက်ရှိတွင် အာဏာသိမ်းချိန်မှနောက်ပိုင်း ပထမဆုံးအဖြစ် ကမ္ဘာ့သတင်းခေါင်းစဉ်များ ဖြစ်လာခဲ့ပြီ ဖြစ်သည်။ ယခု အရွေ့၏ အရေးပါမှုသည် Washington Post သတင်းစာကြီးကပင် KNU တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အကြောင်း ရှေ့မျက်နှာဖုံးတွင် ဒီဇင်ဘာ ၄ ရက်က ဖော်ပြရေးသားလာခဲ့သည်။

ထို အလှည့်အပြောင်းနှင့်အတူ ပဋိပက္ခနောက်ပိုင်း အရပ်သားအစိုးရတရပ်၏ ရပ်တည်ချက်ကို မေးခွန်းထုတ်စရာ ဖြစ်လာသည်။ NUGu အာဏာရလျှင် ဖက်ဒရယ်ဒီမိုကရေစီဖွဲ့စည်းပုံပေါ် အခြေတည်ပြီး ဖက်ဒရယ် မြန်မာအား တည်ဆောက်သွားမည်ဟု အလေးအနက် ဆိုထားသည်။ သို့ရာတွင် မြန်မာစစ်တပ်တွင် လွှမ်းမိုးထားပြီး NUG တွင်လည်း အများစု ပါဝင်သည့် လူများစု ဗမာများ ဦးဆောင်သော အစိုးရများကြောင်း စိတ်ပျက်စရာ ဖြစ်ရကြောင်း တိုင်းရင်းသား လက်နက်ကိုင်အုပ်စုများက အကြိမ်ကြိမ် ပြောဆိုဖူးသည်။

လက်ရှိ လမ်းကြောင်းအတိုင်းသာ ဆက်ရှိသွားမည်ဆိုလျှင် ဖြစ်နိုင်သော ဒီမိုကရေစီ ဖက်ဒရယ်နိုင်ငံ တည်ဆောက်ရေး၌ NUG ၏ ဩဇာကို အမျိုးမျိုးသော တိုင်းရင်းသားလက်နက်ကိုင်အုပ်စုများက လျော့ပါးသွားစေလိမ့်မည် ဖြစ်သည်။ AA သည် ရခိုင်ပြည်သူများ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်မည်ဖြစ်သော ကိုယ်ပိုင်အုပ်ချုပ်ပိုင်ခွင့် ပြုည်နယ်အဖြစ် တောင်းဆိုထားခြင်းကြောင့် NUG နှင့် ဆက်လက်ဆက်ဆံနေဆဲ ဖြစ်သည်။ သို့ရာတွင် ထို အခွင့်အလမ်းများမှာ ဝေးကွာနေဆဲပဲဟု သုံးသပ်စရာ ရှိနေသည်။

စစ်ခေါင်းဆောင်ပိုင်းသည် ၎င်းတို့အပေါ် တည်ဆောက်ထားသော နိုင်ငံတကာခုံရုံး အမှုများနှင့် အမှုရှုံးလျှင် စောင့်ကြိုနေမည့် နောက်ဆက်တွဲများကို သတိထားလျက် ရှိနေသည်။ စစ်တပ်က အာဏာ ဆက်သိမ်းထားနိုင်ရေးအတွက် ခုခံအားနည်းသော နယ်စပ်ဒေသများမှ တပ်ရုပ်ခြင်းတို့လို အမျိုးမျိုးသော ဗျူဟာများ ရှိနေသည်။ သို့ရာတွင် စစ်တပ်အတွက် အခွင့်အလမ်းကောင်းများသည် ရှင်သန်နိုးကြားလာသော အတိုက်အခံပြုခြင်းများနှင့် ရင်ဆိုင်ရကာ လျော့ပါးလာခဲ့ပြီ ဖြစ်သည်။

မြန်မာနိုင်ငံ၏ ပြီးခဲ့သော နှစ်လတာ အခြေအနေများက မင်းအောင်လှိုင်သည် တချိန်က စိတ်ချလက်ချ ရှိခဲ့သည့် နေပြည်တော်မှာပင် မလုံခြုံတော့သည့်ပုံ ရှိနေသည်ဟု ယူဆနိုင်စရာ ဖြစ်လာသည်။ အစောပိုင်း ရက်များပင် ရှိနေသေးလင့်ကစား အတိုက်အခံအောင်ပွဲအတွက် အလားအလာများက ပို၍ နီးကပ်လာခဲ့ပြီ ဖြစ်သည်။ စစ်တပ်အတွင်းက ပြိုင်ဘက်များကလည်း ဖြစ်နိုင်သော မည်သည့် အပေးအယူမဆို မင်းအောင်လှိုင်လက်မှ လွတ်မြောက်မှဟု ရှုမြင်ထားကြပုံ ရှိသည်။ မင်းအောင်လှိုင်အနေဖြင့်မူ ၎င်း၏ အငြိမ်စားဘဝကို ဂျာမနီနှင့် နယ်သာလန် နှစ်နိုင်ငံစလုံးဆီ သွားရောက်ရခြင်းဖြင့် အဆုံးသတ်ရဖွယ် ရှိတော့သည်။

(East Asia Forum ပါ Myanmar military under pressure as legal jeopardy builds ကို ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။)

(မိုးသဲ ဘာသာပြန်သည်။)