ရှမ်းမြောက်၌ တိုက်ပွဲဆက်ပြင်းထန်၊ စစ်မတိုက်လိုသည့် တပ်ကြပ် ၁ဦး လက်နက်ချအလင်းဝင်ဟု TNLA ထုတ်ပြန်

ပုံအညွှန်း-TNLA ထံသို့ လက်နက်နှင့်တကွ ခိုလှုံလာသည့် တပ်ကြပ်ကိုနိုင် (PSLF/TNLA)

ဂျူချန်း

(မဇ္ဈိမ)။ ။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့အခြေစိုက်စစ်ကောင်စီခြေလျင်တပ်ရင်း ခလရ(၄၅) မှတပ်ကြပ်တဦး စစ်မတိုက်လိုသဖြင့် လက်နက်ယူ‌ဆောင်လာပြီး ဘက်ပြောင်း ခိုလှုံလာကြောင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PSLF/TNLA က ထုတ်ပြန်သည်။

ခလရ(၄၅) မှ တပ်ကြပ် ကိုနိုင်သည် G-3 သေနတ် တလက်၊ RPG တလက်နှင့် ခဲယမ်းများ ယူဆောင်ကာ TNLA တပ်မဟာ(၅) ထံသို့ ယမန်နေ့ဒီဇင်ဘာ ၂၁ ရက်တွင် လက်နက်ချခိုလှုံလာခြင်းဟုသိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၈ ရက်နေ့ကလည်း အမှတ်(၁၀) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် လက်အောက်ခံ ခမရ(၃၆၂) မှ တပ်သားတဦးသည် လက်နက်အပြည့်အစုံဖြင့် ထွက်ပြေးလာပြီး လားရှိုးမြို့နယ်၊ ကုန်စုံကျေးရွာမှ TNLAတပ်ဖွဲ့ထံလက်နက်ချ အလင်းဝင်လာခဲ့ကြောင်း သိရသည်။

ယင်းစစ်သားသည်လည်း စစ်မတိုက်လိုသဖြင့် ရှေ့တန်းစစ်မျက်နှာပြင်မှထွက်ပြေးလာခြင်းဖြစ်ပြီး ခရီးစားရိတ် ငွေကျပ် ၁၅သိန်း ပေးအပ်ကာ ဘေးကင်းရာသို့ပို့ဆောင်ပေးခဲ့ကြောင်း TNLAက ထုတ်ပြန်ခဲ့သည်။ ယခုအလင်းဝင်သော တပ်ကြပ်နှင့်ပတ်သက်၍ အသေးစိတ်ထုတ်ပြန်ထားခြင်းမရှိသေးပေ။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့ဖြစ်သည့် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)၊ တအောင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် ရက္ခိုင့်တပ်တော် (AA) တို့က ဖော်ဆောင်နေသည့် ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ အကျအဆုံးများနေကာလက်နက်ချအလင်းဝင်သည့် စစ်သုံ့ပန်းများရှိနေသည်။ကွမ်းလုံမြို့ရှိ ခလရ(၁၄၃) မှ စစ်ကောင်စီတပ်သား ၄၁ ဦးသည် အောက်တိုဘာ ၃၀ရက်နေ့တွင် MNDAAထံတပ်ရင်းလိုက် လက်နက်ချလာခဲ့သည်ဟု သိရသည်။

လက်နက်ချအလင်းဝင်လာသူများကိုလည်း လူ့ဂုဏ်သိက္ခာ၊ စစ်သားဂုဏ်သိက္ခာနှင့်အညီ အသက်အန္တရာယ်လုံခြုံရေးကို အာမခံပေးပြီး ဖမ်းဆီးချုပ်နှောင်ခြင်းမရှိဘဲ မိသားစုနှင့် ပြန်လည်ဆုံစည်းနိုင်ရန် ခရီးစရိတ်များကိုပါ ကူညီထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့က ထုတ်ပြန်ထားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ယမန်‌နေ့က မန်တုံ၊ ကွတ်ခိုင်၊နမ္မတူ၊ကျောက်မဲနှင့် လားရှိုးမြို့နယ်တို့၌ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေကြောင်း TNLAက ထုတ်ပြန်ထားပြီး ယနေ့ ဒီဇင်လာလ ၂၂ရက်တွင်လည်း စစ်ရေးတင်းမာနေကြောင်းသတင်းရရှိသည်။

စာတည်း – အေးချမ်း