ကချင်ပြည်နယ်အတွင်း ရှုပ်ထွေးလာတဲ့ ပြည်သူ့စစ်အန္တရာယ်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့က ဘုရားကျောင်းတခုအတွင် အဝတ်လှန်းနေသော အမျိုးသမီးတဦးကို ၂၀၁၈ ခုနှစ်က တွေ့ရစဉ် (photo- Ye Aung Thu/AFP)

အဂမ်

(မဇ္ဈိမ)။ ။ကချင်ပြည်နယ်တွင်၂၀၂၄ ခုနှစ် နှစ်စမှ စ၍နေရာအနှံ့တွင် တိုက်ပွဲအရှိန်များ ပြင်းထန်လာခဲ့ပြီး စစ်ကောင်စီတပ်၏ စစ်အင်အားချိနဲ့မှုက စခန်းစွန့်ခွာမှုများနှင့်အတူ ထင်သာမြင်သာ ရှိလာသည်

စစ်ရေးအရှိန်မြင့်လာခြင်းနှင့်အတူ တဖက်တွင်လည်းပြည်သူ့စစ်အဖွဲ့များ၏ ခြေလှမ်းစိတ်စိတ်လှုပ်ရှားမှုများ ရှိလာနေသည်။

ကချင်ပြည်နယ်တွင် ပြည်သူ့စစ်တပ်ဖွဲ့များဖြစ်ကြသော လီဆူ၊ ရဝမ်နှင့် ဌာနေရှမ်းနီပြည်သူ့စစ်အဖွဲ့အပြင် ကချင်လွတ်မြောက်ရေးတပ်မတော်(KIO)မှ ခွဲထွက်လာသော ဦးဇခုန်တိန့်ယိန်းဦး ဆောင်သည့် NDA -K (ဗကပလက်ကျန်အဖွဲ့)အဖွဲ့နှင့် ၎င်း၏အဆက် ဦးလဆန်အောင်ဝါ (ကေအိုင်အေခွဲထွက်အဖွဲ့)ပြည်သူ့စစ်အဖွဲ့များက ရပ်ကျေးဒေသကို အခြေပြု ပြည်သူ့စစ်အဖွဲ့များအဖြစ် လှုပ်ရှားနေကြသည်။

ကချင်ပြည်နယ်နှင့် ရေမြေဒေသချင်း ထိစပ်နေသည့် စစ်ကိုင်းတိုင်းအတွင်းရှိ ဟုမ္မလင်းမြို့ အခြေစိုက် ရှမ်းနီအမျိုးသားများတပ်မတော် (SNA)က စစ်ကောင်စီတပ်၏ မဟာမိတ်လက်နက်ကိုင်အဖွဲ့အဖြစ် လှုပ်ရှားနေခြင်းဖြစ်သည်။

ကချင်ပြည်နယ်တွင် ကချင်မျိုးနွယ်စု ခြောက်စုအပြင် ရှမ်းလူမျိုးနှင့် ဗမာလူမျိုးများလည်း နေထိုင်ကြပြီး အခြားလူမျိုးစု အနည်းငယ်လည်း နေထိုင်ကြသည်။

ခပ်စိပ်စိပ်မြင်တွေ့လာရသည့် တပ်သားသစ်စုဆောင်းမှု

ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် စစ်ကောင်စီက ၎င်းတို့ ပြန်လည်ရုန်းထ အသက်ဆက်နိုင်ရေးအတွက် စစ်မှုထမ်းဥပဒေကို အသက်သွင်းလာသည်။

စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ စစ်ကောင်စီ၏ ထုတ်ဖော်ပြောဆိုချက်အရ တလအတွင်း လူသစ် ၅၀၀၀ ကို စစ်သင်တန်းပေးပြီး တနှစ်အတွင်း ၆၀၀၀၀အထိ စစ်သားသစ်ရရှိအောင် အကောင်အထည်ဖော်မည့် သဘောဖြစ်ကြောင်း ISP ၏ On Point အမှတ် (၂၀) တွင် သုံးသပ်ဖော်ပြထားသည်။

ကချင်ပြည်နယ်အတွင်းရှိ ပြည်သူ့စစ်တပ်ဖွဲ့များက ယခု ၂၀၂၄ ခုနှစ် နှစ်စအစောပိုင်းမှစ၍ အင်တိုက် အားတိုက် တပ်ဖွဲ့ဝင်အသစ်များကို စုဆောင်းခြင်းများ လုပ်ဆောင်လာနေသည်။

ပြည်နယ်အတွင်းမှာမူ ဦးရွှေမင်းဦးဆောင်နေသည့် လီဆူဌာနေပြည်သူ့စစ်၊ ဦးတန်ဂူးတန်ဦးဆောင်သည့် ရဝမ်တိုင်းရင်းသားအများစုနှင့် ဖွဲ့စည်းထားသော ပူတာအိုဌာနေပြည်သူ့စစ်၊ အင်းတော်ကြီးဒေသအခြေပြု ဌာနေ ရှမ်းနီပြည်သူ့စစ်အဖွဲ့များ အသီးသီးက ၎င်းတို့ ခြေကုပ်ယူရယူထားကြသော နေရာဒေသအသီးသီးတွင် တအိမ်တယောက်နှုန်း ပြည်သူ့စစ်တပ်ဖွဲ့ဝင် မလုပ်မနေရဟုဆိုကာ တပ်သားသစ်များကို စုဆောင်းရေးလုပ် ဆောင်နေကြခြင်းဖြစ်သည်။

ထိုအဖွဲ့များထဲတွင် NDA – K မှလွဲပြီး၊ ကျန်တပ်ဖွဲ့အသီးသီးက လတ်တလောတပ်ဖွဲ့ဝင်သစ်များ စုဆောင်းမှုကို အတင်းအဓမ္မ ပြုလုပ်နေကြခြင်းဖြစ်သည်။

မြစ်ကြီးနားမြို့ အခြေစိုက် လီဆူတိုင်းရင်းသားပါတီကြီးဖြစ်သည့် ဒူးလေးပါတီ၏ ဥက္ကဌဟောင်းဖြစ်သူ၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့၏ လီဆူတိုင်းရင်းသားရေးရာ (ဝန်ကြီးနေရာ)ကိုယ်စားလှယ်နေရာတွင် အနိုင်ရရှိထားသူ ဦးရွှေမင်းသည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှစကာ “ကချင်ပြည်နယ်တွင် လီဆူပြည်သူ့စစ်အဖွဲ့ တည်ထောင်ရန် “ဟုဆိုကာ ဝိုင်းမော်မြို့နယ်တွင် လီဆူတိုင်းရင်းသားများ အများစုနေထိုင်ကြသည့် ကျေးရွာများတွင် တအိမ်တယောက် စစ်မှုမထမ်းမနေရ စီမံချက်ဖြင့် စတင် လုပ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။

အင်းတော်ကြီးဌာနေ ရှမ်းနီပြည်သူ့စစ်အဖွဲ့များနှင့် ရှမ်းနီအမျိုးသားများတပ်မတော်(SNA) ကမူ ယခု ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှစပြီး မိုးညှင်းခရိုင်အတွင်းမြို့နယ်၊ ကျေးရွာများမှာ လူသစ်စုဆောင်းခြင်းများကို ခပ်စိပ်စိပ် လုပ်ဆောင်လာနေခြင်း ဖြစ်သည်။

ထိုသို့ လူသစ်စုဆောင်းရာတွင် ကချင် – ရှမ်းနီ၊ ကချင် – လီဆူကြားက လူမျိုးရေးပြဿနာကို အဓိက အသားပေးထားသော ဝါဒဖြန့်စကားလုံးများကို အသုံးပြုပြီး စုဆောင်းနေကြသည်ကို မြေပြင်စုံစမ်းချက်များအရ သိရသည်။

“ကျွန်တော်တို့ကို ဝါးမြိုနေတဲ့ KIA ကို တန်ပြန်ကာကွယ်တိုက်ထုတ်ဖို့ လုပ်ဆောင်နေရတာ ဖြစ်တယ် ” ဟု ဦးရွှေမင်းက ကချင်ဒေသတွင်း အခြေအနေများကို စုံစမ်းဖော်ထုတ်နေသည့် ကချင်အခြေပြု ” The 74 Media” တွင် ဖြေကြားခဲ့သည်ကို တွေ့ရသည်။

ဦးရွှေမင်းထံ မေးမြန်းခွင့်ရရှိရန် ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိခဲ့ပါ။

SNA နှင့် ရှမ်းနီဌာနေပြည်သူ့စစ် အဖွဲ့ကမူ “ရှမ်းနီလူမျိုးတွေပေါ် အနိုင်ကျင့်ဗိုလ်ကျချင်တဲ့ KIA ကို တွန်း လှန်ဖို့ “ခေါင်းစည်းဖြင့် လိုက်လံစုဆောင်းနခြင်းဖြစ်ပြီး လက်ရှိ ရှမ်းနီလူမျိုးအများစု နေထိုင်ကြသည့် ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်ရှိ မြို့နယ်များ၌သာ လူသစ်စုဆောင်းနေခြင်းဖြစ်သည်ဟု သိရသည်။

ထိုပြည်သူ့စစ်တပ်ဖွဲ့များက လူသစ်စုဆောင်းကြရာတွင် နေအိမ်များသို့ အိမ်တိုင်ရာရောက် သွားရောက်ခေါ်ဆောင်သည့်အပြင် ခရီးသွားလမ်းများအပေါ် လမ်းများကိုပိတ်ဆို့ပြီး ဂိတ်များတိုးချဲဖွင့်လှစ်ကာ မိမိရဲ့လူမျိုးစုဝင်များကို ဖမ်းဆီးခေါ်ဆောင်တာတွေပါ ပြုလုပ်နေကြခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်က ပြောသည်။

“ခရီးသည်တင်ကားပေါ်မှာ ဘယ်လူမျိုးပါလဲ။ သေ ချာစစ်တယ်။ လီဆူလား ရဝမ်လား ဆိုင်ရာဆိုင်ရာဂိတ်ကို ဖြတ်ကြတဲ့အခါ ခိုင်မာတဲ့အကြောင်းပြချက် မပါရင် ဆွဲချထားတယ်။ ကျန်းမာရေး အကြောင်းပြလို့လည်း မရဘူး။ သူတို့လက်မခံတာဆိုလို့ ဘီပိုး၊ စီပိုး ရှိတဲ့သူတွေလောက်ပဲ။ ဒါကလည်း ဟိုမှာက အများနဲ့နေရလို့ လက်မခံတာ။ ကူးစက်မှာ ကြောက်လို့” ဟု အ မည်မဖော်လိုသည့် သတင်းရင်းမြစ်က ပြောသည်။

ပြည်သူ့စစ်များက လူသစ်များစုဆောင်းရာတွင်၎င်းတို့ ခေါ်ဆောင်ရမည့်သူ မတွေ့ပါကအိမ်တွင်ရှိနေသော သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များကို ဓားစားခံလုပ်ကာ ခြိမ်းခြောက်ခေါ်ဆောင်မှုများပါရှိနေသည်ဟု ဒေသခံသတင်းရင်းမြစ်တဦးက ပြောသည်။

“မိသားစုဝင်တယောက်ယောက်ကို ဆွဲသွားပြီးမှ လာလဲတဲ့ပုံစံမျိုး။ အဲဒီလိုမျိုးကိုတော့ ကျွန်တော်တို့လည်း စိုးရိမ်ရတယ်။ ဒါမျိုးက ကိုယ်တွေအပြင် တခြားသူတွေလည်း အချိန်မရွေးဖြစ်လာနိုင်တာကိုး” ဟု သတင်းရင်းမြစ်က ပြောသည်။

အိမ်တွင်၎င်းတို့ခေါ်ဆောင်မည့်သူမရှိပါက တွေ့ရာလူကိုခေါ်ဆောင်သွားပြီးမှ နောက်တကြိမ်လာ၍ လူလာလဲသည့်အခြေအနေမျိုးပါ ပြုလုပ်နေသည်ဟုဆိုသည်။

ထိုသို့သော လုပ်ရပ်များကြောင့် ကချင်ဒေသတွင်းမှ တိုင်းရင်းသားလူငယ်များက ကိုယ့်ရပ်ကိုယ်ရွာတွင် မနေရဲကြတော့ဘဲ တရုတ်နိုင်ငံအပါအဝင် အခြားသော နိုင်ငံများသို့ ရရာနည်းလမ်းဖြင့် ထွက်ကာ အလုပ်ရှာသူ ပညာရှာသူများ ပိုများလာသည်ဟု ဆုတောင်းခြင်းလုပ် ဆောင်ပေးခဲ့ရသူ ခရစ်ယာန်ဘာသာရေးဆရာ အသိုင်းအဝိုင်းနှင့် ခရီးသွားဝန်ဆောင်မှုလုပ်ငန်းအချို့က ပြောပြချက်အရ သိရသည်။

လူလတ်ပိုင်းလူငယ်များနှင့် ဒေသခံ ပြည်သူများကို ပြည်သူ့စစ်တပ်ဖွဲ့ဝင်များအဖြစ် သွပ်သွင်းမှုသည် လတ်တလော ကချင်စစ်မြေပြင်တွင် သတိထားစရာ ဖြစ်လာနေသည်။

အဆိုပါကိစ္စရပ်နှင့်ပက်သက်၍ ကေအိုင်အိုဗဟိုကော်မတီ ဥက္ကဌကြီး ဗိုလ်ချုပ်ကြီး အင်ဘန်လက “စစ်ကောင်စီက သူ့ရဲ့ အင်အား လိုအပ်ချက်ကို ဖြည့်ဖို့အတွက် လူမျိုးနဲ့ ဒေသကို အခြေပြုနေတဲ့ ပြည်သူ့စစ်အဖွဲ့များကိုအတင်းအဓမ္မ ဖွဲ့စည်းလာနေတာ တွေ့ရပါတယ်။ ကချင်လူမျိုးအယောက်တိုင်းနဲ့ ကချင်ပြည်နယ်သားများအနေနဲ့က ဒီပြည်သူ့ စစ်အဖွဲ့ထဲမှာ ပူးပေါင်းပါဝင်ခြင်း မပြုလုပ်ကြဖို့” ကို ယခုလ ဖေဖော်ဝါရီ (၅) ရက်နေ့က ပြောကြားခဲ့သော ၆၃ နှစ်မြောက် ကချင်တော်လှန်ရေးနေ့ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားထားသည်။

တိုက်ပွဲရေချိန်မြင့်တက်လာချိန်၌ ကချင်စစ်မျက်နှာပြင်တွင် စစ်ကောင်စီအတွက် အဓိကလိုအပ်သည့် လူအင်အားကို ရရှိရန် ပြည်သူ့စစ်အဖွဲ့ဝင်များအဖြစ် လူသစ်စုဆောင်ခြင်းက နည်းလမ်းတခု ဖြစ်လာနေသည်။

ကချင်စစ်မျက်နှာပြင်တွင် စစ်ကောင်စီသက်ဆိုးရှည်စေရန် ပြုလုပ်နေခြင်းမှာ လူမျိုးတခုအကြားတွင် အမုန်းပွား ရှုပ်ထွေးမှုသာ ဖြစ်လာနေပါတော့သည်။

စာတည်း ။ ။ ဖူးသိမ်ကျ