မြန်မာနိုင်ငံ၏တုန်လှုပ်ဖွယ်ရာ အာဏာသိမ်းမှု (သို့မဟုတ်) မျှော်လင့် ချက်ပျောက်ဆုံးခြင်းနှင့် ဒီမိုကရေစီအသွင်ကူးပြောင်းရေးရဲ့အစ

အရှေ့တိုင်းယဉ်ကျေးမှုသိပ္ပံ၊ တိုကျိုတက္ကသိုလ်မှ တွဲဖက်ပါမောက္ခ Dr. Ryusuke Kuramoto နှင့် တွေ့ဆုံ မေးမြန်းခြင်း

မြန်မာ”လို့ ကြားတဲ့အခါ ပထမဆုံးမြင်ယောင်မိတာက ဘာများဖြစ်မလဲ။

ဒေါ်အောင်ဆန်းစုကြည်” “အာဏာသိမ်းခြင်း” ဒါမှမဟုတ် “ရိုဟင်ဂျာအရေး”လား။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်တပ်မှအာဏာသိမ်းခဲ့သည့် မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာ နိုင်ငံအဖြစ်လည်း လူသိများသည်။ မြန်မာနိုင်ငံအတွက် ဗုဒ္ဓဘာသာဟူသည်မှာ အဘယ်နည်း၊ ဗုဒ္ဓဘာသာ နှင့် လက်ရှိနိုင်ငံရေး၊ ဒီမိုကရေစီလှုပ်ရှားမှုများအကြားနှင့် သမိုင်းဆိုင်ရာဆက်နွှယ်မှုမှာ မည်သို့ရှိသနည်း။

ဤအကြောင်းအရာနှင့်ပတ်သက်ပြီး မြန်မာဗုဒ္ဓဘာသာကို အထူးပြုလေ့လာသည့် တွဲဖက်ပါမောက္ခ Ryusuke Kuramoto (အရှေ့တိုင်းယဉ်ကျေးမှုသိပ္ပံ၊ တိုကျိုတက္ကသိုလ်)နှင့် Kodai Minezaki မှ တွေ့ဆုံ မေးမြန်းထားပါသည်။

ဗုဒ္ဓဘာသာ “မြန်မာနိုင်ငံ” နှင့် ဘာသာရေးပဋိပက္ခဖြစ်ပွားရခြင်း အကြောင်းတရားများ

မေး – မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာက ဘယ်လို အနေအထားမျိုးရှိပါသလဲ။

ဖြေ – ပထမဆုံး ကိုးကွယ်ယုံကြည်မှုဆိုင်ရာ ကိန်းဂဏန်းအနေနဲ့ကြည့်ရင် မြန်မာနိုင်ငံလူဦးရေရဲ့ ၉၀ ရာ ခိုင်နှုန်းခန့်က ဗုဒ္ဓဘာသာဝင်ဖြစ်ပြီး အများစုမှာ ထေရဝါဒဗုဒ္ဓဘာသာဝင်များဖြစ်ပါတယ်။ သံဃာဦးရေမှာ ၅၀၀,၀၀၀ ခန့်ရှိပြီး လူဦးရေရဲ့ ၁ ရာခိုင်နှုန်းခန့် ရှိပါတယ်။ ဘုန်းကြီးကျောင်းအရေအတွက်ကတော့ ခန့် မှန်းခြေအနေနဲ့ ၆၀,၀၀၀ ခန့်ရှိပြီး မြန်မာနိုင်ငံထက် လူဦးရေနှစ်ဆခွဲခန့်ရှိတဲ့ ဂျပန်နိုင်ငံမှာ ဘုန်းကြီး ကျောင်းပေါင်း ၇၇,၀၀၀ ခန့်ရှိတဲ့အခါကျတော့ မြန်မာနိုင်ငံမှာရှိတဲ့ ဘုန်ကြီးကျောင်းအရေအတွက်က များ ပြားတယ်လို့ ဆိုနိုင်ပါတယ်။

နောက်တနည်း သမိုင်းရှုထောင့်ကနေကြည့်ရင်တော့ ၁၁ ရာစုဝန်းကျင်မှာ ဗမာလူမျိုးများ စုစည်းတည် ထောင်ထားတဲ့ ပုဂံခေတ်ကို ပထမမြန်မာနိုင်ငံတော်လို့ ဆိုကြပါတယ်။ အဲဒီ ပထမမြန်မာနိုင်ငံမှာ ဗုဒ္ဓ ဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ကျင့်သုံးခဲ့တဲ့အတွက် နိုင်ငံရဲ့ဖွဲ့စည်းတည်ဆောက်ပုံမှာ ဗုဒ္ဓဘာသာ ကိုအခြေပြုနေတယ်လို့ ပြောလို့ရပါတယ်။ အဲဒီလို ဗုဒ္ဓဘာသာအခြေပြုနိုင်ငံစနစ်ကနေ ၁၉ ရာစုထဲ ရောက်တဲ့အခါ ဗြိတိသျှကိုလိုနီချုပ်ရေးဝင်ရောက်လာတဲ့အတွက် ပြိုလဲသွားပေမယ့် ဗမာလူမျိုးများရဲ့ နိုင်ငံအပေါ်ထားရှိတဲ့ပုံရိပ်ကတော့ ဗုဒ္ဓဘာသာကိုအခြေခံနေပြီး လူအများရဲ့အသိစိတ်ထဲမှာလည်း ဗုဒ္ဓ ဘာသာက ကြီးမားစွာ လွှမ်းမိုးမှုရှိနေပါတယ်။

မေး – ဘာကြောင့် ထေရဝါဒ ဗုဒ္ဓဘာသာဝင်အများစုဖြစ်ရပါသလဲ။

ဖြေ – အိန္ဒိယနိုင်ငံမှာ မူလအစပြုခဲ့တဲ့ ဗုဒ္ဓဘာသာဟာ ပထမမြန်မာနိုင်ငံတော် မတည်ထောင်မီကတည်း က မြန်မာနိုင်ငံဆီဝင်ရောက်ခဲ့ပြီး ထေရဝါဒဗုဒ္ဓဘာသာနဲ့ မဟာယာနဗုဒ္ဓဘာသာစသည်ဖြင့် ဂိုဏ်းခွဲများရှိ ကာ ကွဲပြားသော ဘာသာရေးအမြင်များ ရှိခဲ့ပါတယ်။

တိုင်းပြည်အုပ်ချုပ်သူများအနေနဲ့ ဘာသာရေးဂိုဏ်းခွဲများအပေါ်အခြေခံပြီး လူထုရဲ့ သဘောထား၊ အယူ အဆနဲ့ အလေ့အထကွဲပြားမှုများက ၎င်းတို့ချုပ်ရေးအတွက် ပြဿနာဖြစ်လာနိုင်မယ့်အရေးကို စိုးရိမ်ပူပန် ကြပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံတော်အဖြစ် တသွေးတသားတည်း စုစည်းတည်ထောင်နိုင်ဖို့အတွက် ထေရဝါဒဗုဒ္ဓဘာသာကိုသာ မှန်ကန်သောဝါဒ၊ အခြားဝါဒများအား မမှန်ကန်သောဝါဒလို့သတ်မှတ်ပြီး တိုင်းပြည်ကိုတသွေးတည်းဖြစ်အောင်စုစည်းကာ ဘုရင်ကိုလည်း ဗုဒ္ဓဘာသာကို ကာကွယ်ပေးနိုင်သူ (သာသနာပြုမင်း)အဖြစ် သတ်မှတ်ခဲ့ကြပါတယ်။ ပထမမြန်မာနိုင်ငံတော်တည်ထောင်ပြီးတဲ့နောက်မှာ ထေရဝါဒဗုဒ္ဓဘာသာ ကျမ်းမြတ်ပါဠိတော်များကျွမ်းကျင်တဲ့ သီရိလင်္ကာနိုင်ငံမှ ရဟန်းသံဃာတော်များကို ပင့်ဖိတ်ကာ သာသနာပြုခဲ့ကြပါတယ်။

မေး – အစ္စလာမ်နဲ့ ခရစ်ယာန်ဘာသာကဲ့သို့သော အခြားဘာသာတွေနဲ့ သမိုင်းကြောင်းအရ ဘယ်လို ယှဉ် တွဲနေခဲ့ကြပါသလဲ။

ဖြေ – ပုဂံမင်းဆက်များ လက်ထက်ကတည်းက အခြားဘာသာဝင်များ မြန်မာနိုင်ငံမှာ နေထိုင်ခဲ့ကြပါ တယ်။ နန်းတွင်းမှာ ဘာသာခြား အမှုထမ်းတွေလည်းရှိခဲ့ကြပြီး အချင်းချင်း အတူယှဉ်တွဲနေထိုင်ခဲ့ကြ ပါတယ်။ လက်ရှိ ဘာသာရေးပဋိပက္ခတွေက ကိုလိုနီအုပ်စိုးမှုအောက်မှာ အစပျိုးခဲ့ကြတာဖြစ်ပါတယ်။ ဗြိတိသျှကိုလိုနီအုပ်ချုပ်မှုရဲ့ဝိသေသလက္ခဏာဖြစ်တဲ့ သွေးခွဲအုပ်ချုပ်မှုက လူနည်းစုဖြစ်တဲ့ တိုင်ရင်းသား လူမျိုးစုများကို အရေးပါတဲ့ ရာထူးများတိုးမြှင့်ပေးပြီး မွတ်ဆလင်နဲ့ အိန္ဒိယလူမျိုးတွေကို ငွေကြေးလုပ်ငန်း တွေမှာပါဝင်လည်ပတ်စေပြီး ၎င်းတို့ရဲ့လူနေမှုဘဝအား တိုးမြှင်ပေးခဲ့တဲ့အတွက် လူများစုဖြစ်တဲ့ ဗမာ လူမျိုးတွေရဲ့ ဘာသာခြားများအပေါ် ဆန့်ကျင်လိုစိတ် ပြင်းထန်လာခဲ့ကြပါတယ်။ ဒါ့အပြင် ထိုအချိန်က ဗမာလူမျိုးများအနေနဲ့ ဗုဒ္ဓရဲ့အဆုံးအမဖြစ်တဲ့ “သာသနာ” ကို ယုံကြည်လက်ခံကြပြီး ယနေ့ခေတ်လို မျိုး အခြားသောဘာသာများကဲ့သို့ “ဘာသာတရား” ဆိုတဲ့အမြင်နဲ့ ကိုးကွယ်ယုံကြည်ကြခြင်းမျိုး မဟုတ် ကြပါဘူး။

သိုပေမယ့် ကိုလိုနီအုပ်ချုပ်မှုအောက်မှာ ဗမာလူမျိုးများကို ကိုလိုနီအစိုးရက နှိမ်ချဆက်ဆံပြီး ခရစ်ယာန် သာသနာပြုများ အများအပြားအား ဝင်ရောက်ခွင့်ပေးတာကို တွေ့မြင်ရတဲ့အခါ “မိမိတို့ဗမာလူမျိုးများ ဟာ အခြားသူများနဲ့ မတူညီသော ဘာသာတရားတခုဖြစ်တဲ့ ဗုဒ္ဓဘာသာကို ကိုးကွယ်ယုံကြည်နေတာဖြစ် တယ်”ဆိုတဲ့ အသိမျိုးတွေ ပေါ်ပေါက်လာပါတယ်။ “မိမိတို့ကလူများစုဖြစ်ပြီး ဒီနိုင်ငံဟာ ဗုဒ္ဓဘာသာနိုင်ငံ ဖြစ်လျက်နဲ့ မိမိတို့ကလွဲရင် တခြားသူတွေကို နိုင်ငံရေးအရရော စီးပွားရေးအရပါ ဦးစားပေးဆက်ဆံတာခံ နေရတယ်” လို့ ဗမာလူမျိုးများက စတင်တွေးတောလာတာနဲ့အမျှ အခြားလူမျိုးများနဲ့ ဘာသာခြားများ အပေါ် မကျေနပ်စပြုလာပါတယ်။ ဒါတွေကတော့ ယနေ့တိုင် ဆက်လက်ဖြစ်ပွားနေတဲ့ ဘာသာပေါင်းစုံ ပဋိပက္ခများဆီသို့ ဦးတည်သွားခဲ့တယ်လို့ ဆိုနိုင်ပါတယ်။

ဗုဒ္ဓဘာသာ သံဃာများအပေါ် မြန်မာလူထုကစိတ်ပျက်သွားရသည့်အကြောင်းနှင့် ပြည်သူလူထုက ဒီမိုကရေစီ အသွင်ကူးပြောင်းရေးတွင် ရှေ့တန်းမှ ပါဝင်ခဲ့ခြင်း

မေး – ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းမှုကို ဘယ်လိုထင်မြင်ပါသလဲ။

ဖြေ – မိမိအနေနဲ့ ၂၀၀၆ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ မြန်မာနိုင်ငံမှာ ကာလအတော်ကြာ သုတေသနပြုခဲ့ပြီး ထိုအချိန်က မြန်မာပြည်မှာ စစ်အာဏာရှင်အုပ်ချုပ်မှုစနစ်ဖြစ်ပါတယ်။

ထိုအတောအတွင်း သံဃာများဦးဆောင်သော ဒီမိုကရေစီအသွင်ကူးပြောင်းရေးလှုပ်ရှားမှု(ရွှေဝါရောင် တော်လှန်ရေး) ပေါ်ပေါက်လာပါတယ်။ ၂၀၁၆ ခုနှစ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရတက်လာတဲ့ အချိန်မှာတော့ မြန်မာပြည်ရှိ မိတ်ဆွေများရဲ့ဘဝကိုကြည့်ပြီး “ စီးပွားရေးတိုးတက်လာကြပြီး အနာဂတ် မျှော်လင့်ချက်တွေရှိလာခဲ့ကြပြီလို့ တွေးမိပါတယ်။ ဒီလမ်းကြောင်းဟာ ၂၀၁၁ ခုနှစ် အရပ်သားအစိုးရ အသွင်ကူးပြောင်းပြီးကတည်းက ၁၀ နှစ်ကြာ ဆက်လက်တည်ရှိနေတာကြောင့် လက်ရှိစနစ်ကို ထိန်း ထားနိုင်မယ်လို့ထင်ထားတဲ့အတွက် အာဏာသိမ်းလိုက်တာဟာ လုံးဝကိုမထင်မှတ်ထားတဲ့ အလှည့်အ ပြောင်းတခုပါပဲ။

မေး – အာဏာသိမ်းမှုဒဏ်ကိုခံခဲ့ရသူတွေ အသိမိတ်ဆွေတွေထဲမှာ ရှိပါသလား။

ဖြေ – ထိခိုက်မှုအခြေအနေကတော့ လူပေါ်မူတည်ပါတယ်။ စစ်တပ်ကိုထောက်ခံတဲ့သူတွေရဲ့ လူနေမှု အဆင့်အတန်းက မပြောင်းလဲဘဲ ချမ်းသာတဲ့ဘဝနဲ့ ဆက်ပြီးနေထိုင်နေရပါတယ်။ တဖက်မှာလည်း အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှုပေါ်ပေါက်လာပြီး စစ်တပ်အုပ်ချုပ်မှုအောက်မှာ တိုင်းပြည် တာဝန်ထမ်းဆောင်ခြင်းမပြုလုပ်လိုသူ လူအများက နှုတ်ထွက်ခဲ့ကြပါတယ်။ မိမိရဲ့ အသိမိတ်ဆွေ တက္ကသိုလ်ပါမောက္ခတွေ၊ ဆရာဆရာမတွေလည်း ပါဝင်ခဲ့ကြပါတယ်။ အသက်မွေးဝမ်းကျောင်းအလုပ် လုပ်ဖိုလိုအပ်ပေမယ့် စစ်အာဏာရှင် အစိုးရလက်အောက်မှာ တာဝန်မထမ်းဆောင်လိုတဲ့အတွက် ရာထူး မှနှုတ်ထွက်ကြတဲ့အခါ ၎င်းတို့ရဲ့ လူနေမှုအဆင့်အတန်းကို ကြီးမားစွာ ထိခိုက်စေခဲ့ပါတယ်။ ကျန်းမာရေး ဝန်ထမ်းများက အာဏာဖီဆန်ရေးလှုပ်ရှားမှာပါဝင်ကြတဲ့အတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း တွေ ရပ်တန့်သွားပြီး စစ်တပ်ရဲ့အောက်ဆီဂျင်ဆလင်ဒါများဖြန့်ဝေအသုံးပြုခွင့်အပေါ် ထိန်းချုပ်မှုတွေ ပါပေါင်းစပ်လိုက်တဲ့အခါ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါအတွင်း မိမိရဲ့အသိမိတ်ဆွေအများစုမှာ အသက်သေ ဆုံးခဲ့ကြပါတယ်။

အရောင်ခြယ်ထားသော ဇယားကွက်နေရာများမှာ မြန်မာစစ်တပ်မှ အုပ်ချုပ်သောကာလများဖြစ်သည်။ အထက်ပါ ဇယားမှာ Kiyonobu Date နှင့် Toshihiro Fujioka တို့တည်းဖြတ်သည့် “အကြမ်းဖက်မှုမှ ခေတ်ပြိုင်ကမ္ဘာကို နားလည်ခြင်း” စာအုပ်မှ Ryusuke Kuramoto (2022) ရေးသားသော “မြန်မာနိုင်ငံရှိ အစိုးရ၏အကြမ်းဖက်မှုနှင့် တော်လှန်ရေးကာလ အကြမ်းဖက်မှုကိုပုံဖော်ခြင်း” အခန်းမှ ကူးယူဖော်ပြပါသည်။

မေး – ယခုနှစ်ပိုင်း မြန်မာအကြောင်းသတင်းတွေ နည်းပါးလာတယ်နော်။

ဖြေ – လောလောဆယ် ယူကရိန်းစစ်ပွဲနဲ့ အစ္စရေး-ပါလက်စတိုင်းပဋိပက္ခတွေရှိတဲအတွက် မြန်မာကြောင်း ကို နိုင်ငံတကာသတင်းအဖြစ် သိပ်ပြီး ဖော်ပြမှုမရှိတော့တာပါ။ သို့ပေမယ့် မြန်မာပြည်ရဲ့ လက်ရှိအခြေ အနေမှာ တိုးတက်ကောင်းမွန်ခြင်းမရှိဘဲ ဆင်းရဲမွဲတေမှုလည်း ဆက်လက်တိုးပွားနေပါတယ်။

မေး – ရိုဟင်ဂျာပြဿနာက အာဏာသိမ်းမှုမတိုင်မီ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့အာရုံစိုက်မှု ခံခဲ့ရပေမယ့် အာဏာသိမ်းမှုမတိုင်မီနဲ့ အာဏာသိမ်းအပြီးမှာ ဒီပြဿနာနဲ့ပတ်သက်လို့ လူထုရဲ့အသိအမြင် ပြောင်းလဲ သွားပါသလား။

ဖြေ – ၂၀၁၇ ခုနှစ် ရိုဟင်ဂျာအရေး အာရုံစိုက်ခံရချိန်နဲ့ ယခုလက်ရှိ လူထုရဲ့အသိအမြင်က လုံးဝကွဲပြား သွားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD အစိုးရလက်ထက်မှာ ဗုဒ္ဓဘာသာဝင်အများစုက ရိုဟင်ဂျာ တွေကို လုံးဝဆန့်ကျင်ခဲ့ကြပါတယ်။ ၂၀၁၇ ခုနှစ်အတွင်း စစ်တပ်ကဦးဆောင်ခဲ့တဲ့ ရိုဟင်ဂျာရှင်းလင်းရေး စစ်ဆင်ရေးမှာ ဒေါ်အောင်ဆန်းစုကြည်က နှုတ်ဆိတ်နေခဲ့တဲ့အတွက် နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ဝေဖန် မှုများစွာကို ခံခဲ့ရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က ရိုဟင်ဂျာနဲ့ပတ်သက်ပြီး ဘယ်လိုခံယူသလဲဆိုတာ ရှင်းရှင်းလင်း လင်းမသိရသေးပေမယ့် အဲဒီအချိန်က ရိုဟင်ဂျာအရေးနဲ့ပတ်သက်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းက တောင်းဆိုတဲ့ လုပ်ရပ်မျိုးကိုလုပ်ခဲ့မယ်ဆိုရင် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲမှာ ဗုဒ္ဓဘာသာဝင်အများစုရဲ့ ထောက်ခံမှုကို မရရှိနိုင်ခဲ့ဘူးလို့ ထင်မြင်မိပါတယ်။

အာဏာသိမ်းပြီးချိန်ကစလို့ သာမန်ပြည်သူအများအပြားက စစ်တပ်ရဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု များနဲ့ ထောင်သွင်းအကျဉ်းချခြင်းများကို ကြုံတွေ့ခဲ့ရတဲ့အခါနဲ့ ယခင်က ရိုဟင်ဂျာများကြုံတွေ့ခဲ့ရတဲ့ လူ့အဖွဲ့အစည်းကနေ ခွဲခြားဆက်ဆံခြင်း စတာတွေကို တွေ့ကြုံခဲ့ရတဲအ့ခါ “ရိုဟင်ဂျာတွေလည်း ငါတို့ အခုကြုံခဲ့သလိုကြုံခဲ့ရပါလား” လို့ စတင်သိမြင်လာကြပါတယ်။

သံဃာတွေနဲ့ သာမာန်ပြည်သူများအကြား ရှုမြင်ပုံ ကွဲလွဲမှုတော့ရှိနေပေမယ့် အနည်းဆုံး သာမာန်ပြည်သူ တွေကြားမှာ ရိုဟင်ဂျာဆန့်ကျင်ရေး စိတ်ဓာတ်တွေ လျော့သွားခဲ့ပါတယ်။ လက်ရှိဖြစ်ပွားနေတဲ့ စစ်အစိုးရ ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကလည်း လူမျိုးဘာသာမရွေး၊ အလွှာအတန်းအစားအသီးသီးကြား ကျယ် ကျယ်ပြန့်ပြန့် ဖြစ်လာခဲ့ပါတယ်။

မေး – မြန်မာ့နိုင်ငံရေးအပေါ် ဗုဒ္ဓဘာသာက ဘယ်လိုလွှမ်းမိုးမှုရှိသလဲ။

ဖြေ – အထက်မှာ ပြောပြခဲ့တဲ့အတိုင်း ဗုဒ္ဓဘာသာက ဗမာပြည်တည်ဆောက်ရာမှာ ကြီးမားစွာပါဝင်နေ တာကြောင့် နိုင်ငံကိုစီမံခန့်ခွဲရတဲ့ နိုင်ငံရေးကို ဗုဒ္ဓဘာသာနဲ့ ခွဲခြားတွေးလို့မရပါဘူး။ အခြားတဖက်မှာ တော့ လူ့ဘောင်လောကနဲ့ကင်းကွာရမယ့် ရဟန်းတော်များအနေနဲ့ လောကီရေးရာကိစ္စရပ်တွေမှာ ထဲထဲ ဝင်ဝင် ပါဝင်ဖို့မသင့်တော်တာမို့ နိုင်ငံငံရေးထဲဝင်မပါသင့်ဘူးဆိုတဲ့ စံနှုန်းလည်းရှိပြန်ပါတယ်။ သို့ပေမယ့်

ကိုလိုနီခေတ်ကတည်းက သံဃာများရဲ့ ကိုလိုနီဆန့်ကျင့်ရေးလှုပ်ရှားမှု၊ ရွှေဝါရောင်တော်လှန်ရေး၊ အစွန်းရောက် အမျိုးသားရေးလှုပ်ရှားသူများ(မဘသ)နဲ့ အရှင်ဝီရသူဦးဆောင်တဲ့ မွတ်ဆလင် ဆန့်ကျင် ရေးလှုပ်ရှားမှုများ စတဲ့ သံဃာဦးဆောင်တဲ့နိုင်ငံရေးလှုပ်ရှားမှုများက မြန်မာနိုင်ငံမှာ ပေါ်ပေါက်ခဲ့ပြီးဖြစ်ပါ တယ်။ လှုပ်ရှားမှုသဘောသဘာဝ မည်သို့ပင်ရှိစေကာမူ “သံဃာ” ဆိုတဲ့ တချက်နဲ့ပဲ လူအများရဲ့ ထောက် ခံမှုကိုရရှိနိုင်တာကြောင့် နိုင်ငံရေးဩဇာ ကြီးမားလှပါတယ်။

မေး – စစ်တပ်နဲ့ သံဃာကြား၊ စစ်တပ်နဲ့ ဗုဒ္ဓဘာသာကြားက ဆက်ဆံရေးက ဘယ်လိုလဲ။

ဖြေ – စစ်တပ်အနေနဲ့ မိမိတို့သာ နိုင်ငံကိုခေါင်းဆောင်သင့်ကြောင်း အကြောင်းပြချက်အနေနဲ့ ဗုဒ္ဓဘာသာ ကို အသုံးချပါတယ်။ ၁၉၆၀ ပြည့်လွန်နှစ်များဖြစ်တဲ့ ဗိုလ်ချုပ်ကြီးနေဝင်းလက်ထက် စစ်အာဏာရှင်အစိုးရ တည်ထောင်တဲ့အခါမှာ ဘာသာရေးနဲ့ နိုင်ငံရေးကို ခွဲထုတ်ဖို့ကြိုးစားခဲ့ပေမယ့် အလုပ်မဖြစ်ဘဲ ဦးတည်ချက်ပြောင်းကာ ဗုဒ္ဓဘာသာနဲ့ ထဲထဲဝင်ဝင် ပါဝင်ပတ်သက်လာပါတယ်။ စစ်အစိုးရဟာ ဗုဒ္ဓဘာသာကို တိုးတက်ပြန့်ပွားအောင် ကူညီထောက်ပံ့တဲ့ သာသနာပြုအစိုးရဖြစ်တယ်လို့ပြသဖို့ အပတ်တကုတ် ကြိုး ပမ်းလာပါတယ်။

ထင်ရှားတဲ့ ဥပမာအနေနဲ့ ၁၉၉၀ ပြည့်လွန်နှစ်များကစလို့ ဘုရားစေတီများ တည်ထားခြင်း၊ ထင်ရှား ကျော်ကြားသော ရဟန်းသံဃာတော်များအား ဘွဲ့တံဆိပ်များချီးမြှင့်ခြင်း၊ ဆွမ်းဆက်ကပ်ခြင်း စတာတွေ ဖြစ်ပါတယ်။ အဲ့ဒီလှုပ်ရှားမှုတွေကနေတဆင့် စစ်တပ်ကသာ ဗုဒ္ဓဘာသာကို အခိုင်အမာထောက်ခံသူ အဖြစ် ရှေးခတ်ဘုရင်များနှင့်ပမာနှိုင်းကာ မြန်မာနိုင်ငံအတွက် မရှိမဖြစ်လိုအပ်တဲ့ ခေါင်းဆောင်မှုပေးနေ နိုင်သူအဖြစ် ပုံဖော်လုပ်ဆောင်ခဲ့ကြပါတယ်။

လက်ရှိ အာဏာသိမ်းပြီးသည့်တိုင် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ အုပ်ချုပ်သူ များဟာ ဘုရားစေတီတော်တွေ အများအပြားတည်ထားဖို့ ကြိုးပမ်းနေကြပါတယ်။

စစ်တပ်နဲ့ သံဃာကြား ဆက်ဆံရေးမှာ အနည်းငယ်ကွဲပြားပါတယ်။ ဥပမာ ၂၀၀၇ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ရွှေဝါရောင်တော်လှန်ရေးအချိန်က စစ်အာဏာရှင်အစိုးရလက်ထက် နေ့စဉ်သုံးပစ္စည်းတွေရဲ့ ဈေးနှုန်းတွေ မြင့်တက်ပြီး ပြည်သူတွေရဲ့ စားဝတ်နေရေး ခက်ခဲလာခဲ့ပါတယ်။ သို့ပေမယ့် သာမန်ပြည်သူလူထုက စစ် အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြရင် စစ်တပ်ရဲ့နှိပ်ကွပ်ခံရမှာ မလွဲဧကန်ဖြစ်လို့ မခံမရပ်နိုင်ဖြစ်နေကြတဲ့ ပြည်သူများရဲ့ကိုယ်စား သံဃာများက ဆန္ဒပြပွဲတွေလုပ်ခဲ့ကြပါတယ်။ အဓိက ထူးခြားချက်ကတော့ စစ်တပ်နဲ့မိသားစုဝင်တွေရဲ့ လှူဒါန်းမှုတွေကို သံဃာတော်များက လက်မခံဘဲ ငြင်းပယ်ခြင်းဖြစ်ပါတယ်။

နောင်ဘဝနဲ့ သံသရာအဆက်ဆက်ကျင်လည်ရခြင်းကိုယုံကြည်ကြတဲ့ ဗုဒ္ဓဘာသာဝင်တွေအတွက် အလှူ ဒါနဆိုတာ ကုသိုလ်တရားများ စုဆောင်းပြီး ကောင်းရာဘုံဘဝသို့ ရောက်ရှိစေခြင်း သို့မဟုတ် သံသရာ ကျင်လည်မှုအဆုံးတွင် နိဗ္ဗာန်တည်းဟူသော ဉာဏ်အလင်းရရှိဖို့ လှူဒါန်းခြင်းဖြစ်တယ်လို့ ရှုမြင်ကြပါ တယ်။

စစ်တပ်နဲ့မိသားစုဝင်တွေရဲ့ လှူဒါန်းမှုများကို လက်မခံကြခြင်းဖြင့် ရွှေဝါရောင်တော်လှန်ရေးကာလက သံဃာတော်များအနေနဲ့ စစ်တပ်ကို ဆန့်ကျင်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။

သို့ပေမယ့် ဗုဒ္ဓဘာသာမဟုတ်သူများ၊ တိုင်းရင်းသားလူနည်းစုများကို ပေါင်းစည်းရန် လစ်ဘရယ်ဝါဒီဖြစ် တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ရဲ့ သြဇာအာဏာ ကျယ်ပြန့်လာတဲ့အခါ မြန်မာနိုင်ငံဟာ ဗုဒ္ဓဘာသာနိုင်ငံအဖြစ် အခိုင်အမာမတည်ရှိနိုင်တော့မှာကို စိုးရိမ်လာကြတဲ့ ဘုန်းတော်ကြီးများလည်း ရှိလာကြပါတယ်။ ဒါကြောင့် သံဃာတော်များကြားမှာ ဗုဒ္ဓဘာသာအခြေခံတဲ့ အမျိုးသားရေးဝါဒ ပေါ်ပေါက်လာခဲ့ပြီး မွတ်စလင်ဆန့်ကျင်ရေးလှုပ်ရှားမှုများ ဖြစ်ပေါ်လာပါတယ်။ ဒီအဆင့်မှာ အမျိုးသားရေးဝါဒီ သံဃာတော်များနဲ့ စစ်တပ်ရဲ့အမြင်တွေ ထပ်တူညီလာပြီး ဆက်ဆံရေး သဟဇာတဖြစ် လာပါတယ်။ ဥပမာအားဖြင့် မွတ်ဆလင်ဆန့်ကျင်ရေး ဗုဒ္ဓဘာသာအမျိုးသားရေးဝါဒီအဖွဲ့ (အမျိုး၊ ဘာ သာ၊ သာသနာ စောင့်ရှောက်ရေးအဖွဲ့ သို့မဟုတ် မဘသ) က ၂၀၁၅ ရွေးကောက်ပွဲမှာ စစ်တပ်ကို ပြတ်ပြတ်သားသား ထောက်ခံခဲ့ပြီး ၂၀၂၀ ရွေးကောက်ပွဲမှာလည်း အလားတူရပ်တည်ချက်ကို မြင်တွေ့ခဲ့ရ ပါတယ်။

သံဃာတော်တွေအားလုံးက စစ်တပ်ကိုထောက်ခံတာမဟုတ်ပေမယ့် သြဇာကြီးတဲ့ ဘုန်းတော်ကြီးတော်တော်များများက စစ်တပ်ကိုထောက်ခံကြောင်း ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောလာကြပါတယ်။

မေး – စစ်တပ်နှင့် ပိုမိုသဟဇာတဖြစ်နေကြတဲ့ သံဃာတော်တွေကို ပြည်သူတွေက ဘယ်လိုမြင်ပါသလဲ။

ဖြေ – ဥပမာအားဖြ င့် ၂၀၂၂ ခုနှစ် မတ်လမှာတင်ခဲ့တဲ့ Facebook ပို့စ်တခုမှာဆိုရင် Like ၁,၈၀၀၊ မှတ်ချက် ၁၂၀ နဲ့ မျှဝေ သူ ၅၅၀ ခန့်ရှိခဲ့ပါတယ်။ ပါဝင်တဲ့အကြောင်းအရာတွေကတော့

“အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံရှိ ထေရဝါဒဗုဒ္ဓဘာသာသည် ယုံကြည်ထိုက်သလားလို့ လူအများ က ဝေခွဲမရဖြစ်လာပါတယ်”

“ဒီကပ်ဆိုးကြီးမှာ သံဃာတွေက ခေါင်းဆောင်မှုတာဝန်ကို ကျေပွန်အောင်ထမ်းဆောင်နေသလားဆိုပြီး သံသယတွေ ရှိနေပါတယ် ”

“ယနေ့ ထေရဝါဒဗုဒ္ဓဘာသာ သံဃာတွေရဲ့ အပြုအမူက သူတို့မှီခိုနေရတဲ့ လူ့အဖွဲ့အစည်းအပေါ် တာဝန်မဲ့ ပုံပေါ်နေ ပုံပေါ်နေတယ်” စသည်ဖြင့် ရေးသားထားပါတယ်။

မြန်မာနိုင်ငံမှာ ယခင်က ငရဲကြီးမယ်ဆိုပြီး မပြောရဲမဆိုရဲဖြစ်ခဲ့ကြတဲ့ကိစ္စတွေကိုပါ ထောက်ပြဝေဖန် လာကြတာ အလွန်အံ့သြစရာ ကောင်းပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူအများအပြား ဒုက္ခ ရောက်နေကြပေမယ့် တစုံတရာ အရေးယူဆောင်ရွက်ခြင်းမရှိတဲ့ သံဃာများအပေါ်မှာ စိတ်ပျက်သွားတာ အကြောင်းရင်းခံဖြစ်မယ်လို့ ယုံကြည်ပါတယ်။

လက်ရှိအခြေအနေကတော့ ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးတုန်းကလောက် ပြည်သူတွေဘက်က ရပ်တည်ပြီး စစ်အာဏာရှင်ကိုဆန့်ကျင်တဲ့ သံဃာတွေ မရှိသလောက်ပါပဲ။ ပြည်သူတွေပါဝင်နေပြီးဖြစ်လို့

သံဃာတွေပါဖို့ မလိုဘူးလို့ ထင်နေကြရင်တောင် သံဃာတွေကြား လှုပ်ရှားမှုနှေးကွေးနေတာ ထင်ရှားပါ တယ်။ ဒီမိုကရက်တစ်အင်အားစုတွေမြင်ချင်တဲ့ တိုင်းပြည်ပုံရိပ်နဲ့ ရဟန်းသံဃာတော်တွေမြင်ချင်တဲ့ တိုင်းပြည်ရဲ့ ပုံရိပ်တွေကြား ကွာဟမှုနဲ့ရင်ဆိုင်နေရပြီး သံဃာတွေအပေါ် ယခင်ကထက် လေးစားမှုနည်းသွား တယ်လို့ ထင်ပါတယ်။

သံဃာတွေ ဦးဆောင်တဲ့ ရွှေဝါရောင်တော်လှန်ရေးနဲ့မတူဘဲ နွေဦးတော်လှန်ရေးဟာ ပြည်သူတွေက ဦးဆောင်ပါတယ်

အာဏာသိမ်းမှုမတိုင်ခင်က လူထုရဲ့သဘောထားက “ စစ်တပ်ကို မလိုလားဘူး၊ ဒါကြောင့် ဒေါ်အောင် ဆန်းစုကြည်ကို ယုံကြည်အားကိုးတယ်” ဆိုတဲ့ လမ်းကြောင်းဖြစ်ပါတယ်။ သို့ပေမယ့် အာဏာသိမ်း ပြီးနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးလောကထဲပြန်လာဖို့မျှော်လင့်ချက်ထက် “မြန်မာနိုင်ငံ ကို ငါတို့တွေ အတူတူတည်ထောင်ချင်တယ်” “လက်ရှိ အခြေအနေတွေကို ပြောင်းလဲအောင် ငါတို့လုပ်ကို လုပ်ရမယ်” ဆိုတဲ့ ခံယူချက်သဘောထားတွေက လူငယ်တွေကြားထဲမှာ ပိုများလာပါတယ်။ ဒါကြောင့် အရင်ကလို သံဃာနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို မှီခိုအားထားရမယ့်အစား မိမိတို့ကိုယ်တိုင်ကိုယ်ကျ နိုင်ငံ့အရေးအတွက် လှုပ်ရှားဖော်ဆောင်လာကြတာပါ။

ဒီအဖြစ်အပျက်တွေမတိုင်ခင်က မြန်မာနိုင်ငံသားတွေအနေနဲ့ ဒီမိုကရေစီရဲ့သဘောဘာဝကို သိပ်နား မလည်ကြဘဲ “ဗုဒ္ဓဘာသာကို ကူညီထောက်ပံ့တဲ့ ခေါင်းဆောင်ဆိုရင် ခေါင်းဆောင်ကောင်းဖြစ်မယ်”လို့

လူအများက ကျယ်ကျယ်ပြန့်ပြန့် ယုံကြည်ရာကနေ အာဏာသိမ်းပြီးနောက်ပိုင်းမှာ “မိမိတိုင်းပြည်ကို မိမိ တို့ကိုယ်တိုင်ကိုယ်ကျ ဘယ်လို တည်ဆောက်မလဲ” ဆိုပြီး ဒီမိုကရေစီနဲ့ပတ်သက်လို့ နက်ရှိုင်းစွာ သဘော ပေါက်လာကြတယ်လို့ ထင်ပါတယ်။ မြန်မာ့သမိုင်းကို ပြန်လည်သုံးသပ်ကြည့်ရင် အနာဂတ်မှာ ခိုင်မာတဲ့ အလားအလာကောင်းတွေ ဖြစ်ပေါ်လာမလားဆိုတာက မသေချာပေမယ့် ဒါဟာ အနည်းဆုံးတော့ ကြီး မားတဲ့ အပြောင်းအလဲဖြစ်လိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။


Dr. Ryosuke Kuramoto (Associate Professor, Institute for Advanced Studies on Asia, University of Tokyo) သည် ၂၀၁၃ ခုနှစ်တွင် တိုကျိုတက္ကသိုလ် Graduate School of Arts and Sciences မှ ပါရဂူဘွဲ့ရရှိခဲ့သည်။ Nanzan University တွင် တွဲဖက်ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင် ပြီးနောက်၂၀၁၇ ခုနှစ်မှစတင်၍ လက်ရှိရာထူးကို ထမ်းဆောင်ခဲ့ပါသည်။

တိုကျိုတက္ကသိုလ်သတင်းစာ၌ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင်ဖော်ပြထားသော ဆောင်းပါး ကို ဆီလျှော်အောင် မြန်မာဘာသာသို့ပြန်ဆိုထားခြင်းဖြစ်ပါသည်။ မူရင်းဆောင်းပါးအား ဂျပန်ဘာသာဖြင့် ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

(ဤဆောင်းပါးကို မြန်မာဘာသာသို့ပြန်ဆိုရခြင်းမှာ မိရိုးဖလာဗုဒ္ဓဘာသာဝင်များ၏ တွေးခေါ်သိမြင်ပုံကို ကျော်လွန်၍ မတူညီသောရှုထောင့်မှအမြင်များကိုနားလည်နိုင်ပြီး ဘာသာခြားများနှင့် ပဋိပက္ခများအား ရှောင်ရှားနိုင်ရန်၊ ဘာသာရေးနှင့် နွေဦးတော်လှန်ရေးအပေါ်အမြင်အား သိရှိနိုင်ရန် ဖြစ်ပါသည်။)