မြိုင်မြို့နယ်မှာ ၁၀ ရက်နီးပါး စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေ

KMN

(မဇ္ဈိမ)။ ။ မကွေးတိုင်း မြိုင်မြို့နယ်တောင်ပိုင်းကျေးရွာတွေကို စစ်ကောင်စီတပ်တွေက တရွာဝင်တရွာထွက်နဲ့ စစ်ကြောင်းထိုးနေတာ ၁၀ ရက်နီးပါးရှိပြီလို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့နဲ့ အရပ်ဘက်အဖွဲ့တွေကပြောပါတယ်။

ပခုက္ကူမြို့ တပ်မ (၁၀၁ ) လက်အောက်ခံ တပ်ရင်း (၂၅၁) က အင်အား ၁၀၀ ခန့်ရှိတဲ့ စစ်ကောင်စီတပ်သားတွေဟာ ခြေလျင်စစ်ကြောင်း အပြင် ရိက္ခာပို့ဆောင်တဲ့ကားတန်းတွေနဲ့ ဒီဇင်ဘာလ ၁၃ ရက်နေ့မှာ မြိုင်မြို့နယ်ကိုရောက်လာခဲ့ကြတာပါ။

ဒီစစ်ကြောင်းဟာ တွင်းမပျူစောထီးရွာမှာ တပ်စွဲခဲ့ပြီး မြိုင်မြို့နယ်တောင်ပိုင်းက သာစည်ရွာအနီးကို ဒီဇင်ဘာလ ၁၅ ရက်နေ့က ထွက်ခွာလာချိန်မှာ ဒေသခံကာကွယ်ရေးတပ်တွေက တိုက်ခိုက်ခဲ့ကြပါတယ်။

အဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က စစ်ကြောင်းမှူး အပါအဝင် ၂၀ ဦးသေဆုံးခဲ့တယ်လို့ ပါဝင်တိုက်ခိုက်ခဲ့တဲ့ မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူကပြောပါတယ်။

စစ်ကြောင်းဟာ မြိုင်မြို့နယ်တောင်ပိုင်းက သာစည်ရွာကို ဒီဇင်ဘာလ ၁၅ ရက်နေ့မှာဝင်ရောက်မီးရိူ့ခဲ့ပြီး ဒီဇင်ဘာ ၂၀ ရက်နေ့မှာလည်း နှမ်းဆီကန်ရွာကို ဝင်ရောက်မီးရိူ့ခဲ့ပါတယ်။

စစ်ကောင်စီတပ်တွေ မီးရိူ့ခဲ့တာကြောင့် သာစည်ရွာက နေအိမ် ၅၅ လုံး၊ ဆီစက် နှစ်လုံး၊ မြေပဲတင်း ၃၀၀ ကျော် မီးလောင်ပျက်စီးခဲ့ပြီး နှမ်းဆီကန်ရွာက ပြည်သူ့နေအိမ် အလုံး ၄၀ ကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ We Love Myaing အဖွဲ့က မဇ္ဈိမကို စာနဲ့ရေးသားဖြေဆိုပါတယ်။

တင်ဆက်၊တည်းဖြတ် – KMN