နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု ( ၂၂ ဒီဇင်ဘာ၂၀၂၃)

အမျိုးသားညီညွတ်ရေးအစိုးရ

အမျိုးသားညီညွတ်ရေးအစိုးရ ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန နှင့် ခရိုင်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးမှု အစည်းအဝေးကို ဒီဇင်ဘာ ၂၁ ရက် ၊ မွန်းလွဲ ၃ နာရီတွင် ပြုလုပ်ခဲ့ကြသည်။

တော်လှန်ရေးအင်အားစုတွေ စုစုစည်းစည်းနှင့် ကြိုးပမ်းလုပ်ဆောင်နေကြသည့် လုပ်ဆောင်ချက် တွေကို နိုင်ငံတကာကပိုပြီး ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန် သတင်းစကား ဖြန့်ဝေမှုများ ဆက်တိုက် လုပ်ဆောင်ရမည်ဟု ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြားသည်။

တော်လှန်ရေး လှုပ်ရှားမှုများ

အိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်နယ်၊အိုက်ဇောလ်မြို့ရှိ မြန်မာစစ်ဘေးရှောင်စခန်းရှစ်ခုအတွက် ရူပီး ၄၀၀,၀၀၀ တန်ဖိုးရှိ စားနပ်ရိက္ခာများကို ခရစ်စမတ်လက်ဆောင်အဖြစ် မီဇိုလူငယ်အသင်း (YMA) က ယနေ့ဒီဇင်ဘာလ ၂၂ရက်တွင် ပေးအပ်ခဲ့သည်။

၁၀၂၇ စစ်ဆင်ရေး ကာလအတွင်း စစ်ကောင်စီ တပ်များ လုပ်ဆောင်ခဲ့သည့် ဥပဒေမဲ့ သတ်ဖြတ်မှု နှင့် စစ်ရာဇဝတ်မှုများ ကို စုံစမ်းစစ်ဆေးရန် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) က ဒီဇင်ဘာ ၂၁ ရက်နေ့က တိုက်တွန်းလိုက်သည်။

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်တွင် ဖောကာနှစ်စီးဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်သည့်အပြင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်ပါ တိုက်ခိုက်ခဲ့ကြောင်း သရက်ခရိုင် PDF တပ် ရင်း(၄)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဂန့်ဂေါမြို့နယ်တောင်ပိုင်းရှိမြစ်သာဆည်တပ်စခန်းအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ယနေ့(ဒီဇင်ဘာလ၂၂ရက်) နံနက်တွင် တိုက်ခိုက်သိမ်းပိုက်လိုက်သည်။

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် စစ်ကောင်စီတပ်က ကျေးရွာနှစ်ရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး လက်နက်ကြီးဖြင့်ပါ ပစ်ခတ်ခဲ့၍ ပြည်သူအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် ကျေးရွာတစ်ရွာတွင် ရန်ကုန်သပိတ်အင်အားစု၊ မန္တလေး သပိတ်အင်အားစု၊ မုံရွာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ အပါအဝင် ဒေသအတွင်းရှိ သပိတ် အင်အားစုများ စုပေါင်းကာ စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ယမန်နေ့ (ဒီဇင်ဘာ ၂၁) ချီတက် ဆန္ဒပြခဲ့ကြသည်။

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့အနီးတွင် စစ်ကောင်စီတပ်နှင့် ဒေသတွင်းPDFများ နှစ်နာရီနီးပါး တိုက်ပွဲဖြစ်ပွားပြီး ထိခိုက်သေဆုံးမှုရှိကြောင်း People’s Servant Revolution-Wetlet အဖွဲ့က သတင်းထုတ်ပြန်သည်။

မန္တလေးနန်းတွင်းရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)ကို (၁၀၇)မမ ဖြင့်ပစ်ခတ်တိုက် ခိုက်ခဲ့သည့် ဖြစ်စဉ်တွင် လပခ တိုင်းမှူး၊ ဒုတိုင်းမှူးနေထိုင်သည့်အဆောင်နှင့် အမျိုးသမီးစစ်သည် များနေထိုင်သည့် အဆောင်တို့တိုက်ရိုက်ထိမှန်ခဲ့ပြီး ဒဏ်ရာရရှိသူအများအပြားရှိကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့က အသိပေးထားသည်။

တိုင်းရင်းသား လက်နက်ကိုင်များ

စစ်ကောင်စီတပ် ခမရ ၁၀၂ မှ ဗိုလ်ကြီးအပါအ၀င် ငါးဉီး KNLA သို့လက်နက်ခဲယမ်းနှင့်အတူ လာရာက်ပူးပေါင်းခဲ့သည်ဟု KNU ဒူးပလာယာခရိုင်က ထုတ်ပြန်သည်။

ပေါက်တောမြို့၌ မြို့တွင်းတိုက်ပွဲဖြစ်ပွားနေပြီး စစ်သင်္ဘော သုံး စီးဖြင့် အင်အားဖြည့်တင်းရန် လာသည့် စစ်ကောင်စီတပ်ကို ရက္ခိုင့်တပ်‌တော်( AA )က ပစ်ခတ်တိုက်ခိုက်ရာ စစ်သင်္ဘောတစ်စီး ကို ထိမှန်ပြီး နောက်ကြောင်းပြန်ပြေးသွားကြောင်း မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ ကသတင်းထုတ်ပြန် ထားသည်။

ချင်းပြည်နယ်နှင့် မကွေးတိုင်းနယ်စပ် ဟားခါးမြို့နယ်ရှိ ဘုံဇုံးစစ်ကောင်စီစခန်း သိမ်းပိုက်ပွဲအတွင်း စစ်ကောင်စီတပ် ၁၀ဦးသေဆုံးကာ ဗိုလ်ကြီးအပါအဝင် ခြောက်ဦး အရှင်ဖမ်းမိပြီး လက်နက် ၃၂လက်ရရှိခဲ့ကြောင်း ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါးက သတင်းထုတ်ပြန်သည်။

၁၀၂၇ စစ်ဆင်ရေးသည် (၅၆) ရက်မြောက်နေ့အထိ ရောက်ရှိလာခဲ့ပြီးဖြစ်ကာ ၁၀၂၇ စစ်ဆင်ရေး မှသည် တစ်နိုင်ငံလုံး ဟန်ချက်ညီစစ်ဆင်ရေးအဖြစ်သို့ ကူးပြောင်းလာပုံမှာ စစ်ကောင်စီအား လုံး၀ အလိုမရှိတော့ သည့် မြန်မာပြည်သူတစ်ရပ်လုံးနှင့် တော်လှန်ရေး ဘက်တော်သားများအတွက် အားရကျေနပ်စရာ မြင်ကွင်းများ ဖြစ်ကြောင်း ညီနောင်မဟာမိတ် သုံးဖွဲ့က ဒီဇင်ဘာ ၂၁ရက် တိုက်ပွဲ သတင်း ထုတ်ပြန်ရာ၌ ဖော်ပြသည်။

ကရင်နီပြည်နယ်တွင် စစ်ကောင်စီတပ်များအနေဖြင့် “ချေမှုန်းခံမလား၊ လက် နက်ချမလား။ ကြိုက်တဲ့လမ်းရွေး။ ချေမှုန်းခံမယ်ဆိုရင် ရယ်ဒီလုပ်ထားပါ” ဟု ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် – KNDF ဒုစစ်ဦးစီးချုပ် မာဝီ သတိပေး ပြောဆိုလိုက်သည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ် ၁၀၅ မိုင်မှ စစ်ဘေးရှောင်လာသည့် ပြည်သူများကို ကိုးကန့် MNDAA တပ်ဖွဲ့ဝင်များက ဘေးကင်း လုံခြုံရာနေရာသို့ လိုက်ပါ ပို့ဆောင်ပေးခဲ့ကြောင်း MNDAA တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

စစ်ကောင်စီ

မြန်မာနိုင်ငံအနေဖြင်င့် လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာအတွက် သုည ဒသမ ၉၉ ရာခိုင်နှုန်း ထောက်ပံပေးနေကြောင်း လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ ဒုတိယ ဥက္ကဋ္ဌ (၁)၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာစိုးဝင်းက ပြောသည်။

ကိုယ်ပိုင်(သို့မဟုတ်)ပုဂ္ဂလိကကျောင်းများအနေဖြင့် အသစ်ပြဋ္ဌာန်းလိုက်သည့် ပုဂ္ဂလိကပညာရေး ဥပဒေအရ လိုအပ်သော စာရွက်စာတမ်းအချက် အလက်အပြည့်အစုံနှင့် မှတ်ပုံတင်လျှောက်ထား ပြီးပါက လိုင်စင်သက်တမ်း ၅နှစ်ပေးကာ ကျောင်းတည်ထောင်ဖွင့်လှစ်ခွင့်ပြုထား ကြောင်း ပညာရေး ဝန်ကြီးဌာနကနေသိရသည်။

ထိုင်းသို့ မြန်မာ MoU အလုပ်သမားများ စေလွှတ်နေသည့် လမ်းကြောင်းဖြစ်သော မြဝတီ-မဲဆောက်လမ်းကို စေလွှတ်မှု ယာယီရပ်ဆိုင်းထားသည့် အတွက် လေကြောင်းက တစ်ဆင့်စေလွှတ်ရန် ညှိနှိုင်းနေကြောင်း အလုပ်သမားဝန်ကြီးဌာနကနေ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီး မြို့နယ်အချို့ရှိ စက်သုံးဆီအရောင်းဆိုင် ၁၆ သည် စက်သုံးဆီရှိလျက် ရောင်းချမပေးခြင်း၊ ခွင့်ပြုချက်မရဘဲ ဆီသယ်ယာဉ် (Bowser) ဖြင့် အခြား နေရာများသို့ သယ်ယူပို့ဆောင်ခြင်း၊ သတ်မှတ်ရည်ညွှန်းဈေးထက် ပိုမိုရောင်းချခြင်းများ ဆောင်ရွက်ခဲ့၍ လိုင်စင်ကို ကာလအကန့်အသတ်ဖြင့်ရပ်ဆိုင်းပြီး စက်သုံးဆီအရောင်းဆိုင်ကို ယာယီပိတ်သိမ်းခြင်းများ အရေးယူဆောင်ရွက်ခဲ့ကြောင်း စစ်ကောင်စီ ပြန်ကြား‌ရေး ကထုတ် ပြန်သည်။

တိုင်းရင်းဆေးပညာဦးစီးဌာနက မြန်မာ့တိုင်းရင်းဆေးကျမ်းလာ ဝိသမအဖျားပျောက်ဆေးသည် ကိုဗစ် – ၁၉ ရောဂါလက္ခဏာများကို သက်သာပျောက်ကင်းအောင် ကုသပေးနိုင်၍ ပြည်ပကို ပါတင်ပို့ ရောင်းချနိုင်အောင်ပြုလုပ်ရမည်ဟု စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်း‌အောင်လှိုင် ကပြောသည်။

ဒီဇင်ဘာ၂၂ သုံးသပ်ချက်

မြန်မာတိုင်းရင်းဆေးသည် ကိုဗစ်ကို ပျောက်အောင်ကုသပေးနိုင်သည်ဟုဆိုကာ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်း‌အောင်လှိုင် က နိုင်ငံတကာကို တင်ပို့ရောင်းချပို့ အကြံပေးနေပြန်သည်။ တကယ်သာတိုင်းရင်းဆေးသာ ကိုဗစ်ကုနိုင်ပါက တခြားနိုင်ငံထုတ် ကိုဗစ်ဆေးများ အလှူခံစရာ ဝယ်ယူစရာ မလိုတော့ပေ။တကယ်မကုသနိုင်၍သာ နိုင်ငံခြားဆေးများ အားကိုနေရခြင်းဖြစ်၍ မယောင်ရာဆေးလူးသည်ဟု ဆိုရမည်ဖြစ်သည်။

တော်လှန်ရေးအင်းအားစုများမှ တပ်ပျက်နေသည့် စစ်ကောင်စီတပ်သားများကို လက်နက်ချရန် ရာဇသံများပေးနေချိန် လက်နက်ချပါက အသက်ရှင်မည်ဖြစ်ပြီး ပြည်သူဘက်မရပ်တည်ဘဲ မင်းအောင်လှိုင် အကျိုးစီးပွားကို အသက်ဖြင့်ရင်းပြီးကာကွယ်ပါက အသက်သေဆုံးမည့်အပြင် မိမိ မိသားစုများပါက ပြည်သူမုန်း၍ လူရာမဝင်ဖြစ်ကာ လူတောမတိုးဝံ့ဘဲ ဖြစ်နိုင်သည်။