ဘီးလင်းတွင် လောင်းကစားဝိုင်းအနီး မိုင်း ပေါက်ကွဲ၍ အရပ်သား ၁ ဦးသေဆုံး၊ ၄ ဦးဒဏ်ရာရ

ပုံအညွှန်း- ကော့ကမယ် ကိုးနဝင်းဘုရားပွဲရှိ လောင်းကစားဝိုင်းများအား တွေ့ရစဉ် (ဓါတ်ပုံ- CJ)

YT

(မဇ္ဈိမ)။ ။ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ယွန်းဒလင်းကုန်းကျေးရွာအုပ်စု၊ ကော့ကမယ်ကျေးရွာ၊ ကိုးနဝင်းဘုရားပွဲရှိ လောင်းကစားဝိုင်း ( ဒေသအ‌ေခါ် – အာဝါဒေး) အနီး မိုင်းပေါက်ကွဲမှုကြောင့် အရပ်သားတဦး သေဆုံး၍ လေးဦး ဒဏ်ရာရခဲ့ကြောင်း ဒေသခံများထံက သိရသည်။

” ဘုရားပွဲ မဟုတ်ဘူး အာဝါဒေး(လောင်းကစားဝိုင်း) မှာ။ အာဝါဒေးမှာ ဆိုင်ကယ်ထဲမှာ အဲ့ဒီမိုင်းသွားထည့်ပြီးတော့ ဆိုင်ကယ်အစုတ်ကို သွားထားပြီးတော့ ခွဲလိုက်တာ အဲ့ဒီလိုတော့ သိထားရတယ်။ တယောက်သေတယ်။ ထိတာ အားလုံး ငါးယောက်။ နောက်တယောက်ကတော့ အခြေအနေမကောင်းဘူး” ဟု ဒေသခံတဦးက မဇ္ဈိမကိုပြောသည်။

ဒီဇင်ဘာလ ၂၁ ရက်နေ့၊ နေ့လယ် ၁၂ နာရီဝန်းကျင်တွင် ကိုးနဝင်းဘုရားပွဲကျင်းပရာ ကော့ကမယ် ဘောလုံးကွင်းအတွင်း၊ လောင်းကစားဝိုင်းတခုအနီးရှိ ဆိုင်ကယ်၊ စက်ဘီးအပ်နှံသည့် နေရာတွင် မိုင်းတလုံး ပေါက်ကွဲခြင်းဖြစ်သည်။

သေဆုံးသွားသူမှာ အသက် (၁၇) နှစ်အရွယ် ကိုဥက္ကာကျော်ဖြစ်ပြီး ဒဏ်ရာရသူများမှာ ကိုသူလင်း၊ ကိုကျော်မင်းထိုက်၊ ဦးသိုက်စိုး၊ ဦးအောင်စိန်သန့်တို့ ဖြစ်ပြီး လက်ရှိတွင် ဘီးလင်းဆေးရုံတွင် ဆေးကုသမှုခံယူနေကြောင်း သိရသည်။

” ဘယ်က လုပ်တယ်ဆိုတာတော့ မသိဘူး။ ဗုံးကွဲပြီးတော့ ဘောလုံးကွင်းထဲကို စစ်တပ်က ကောင်တွေရော အရပ်ဝတ်တွေရော အများကြီး ရောက်လာတယ်။ လိုက်ပတ်ကြည့်ပြီး လိုက်မေးသွားတာပဲ ။ ဘယ်သူလာလုပ်တာလဲ တွေ့လိုက်ကြလား ဒါမျိုးတွေပဲပေါ့” ဟု တောင်စွန်း ဒေသခံ အမျိုးသားတဦးက ပြောသည်။

ကိုးနဝင်းဘုရားပွဲကို ဒီဇင်ဘာလ ၁၆ ရက်နေ့မှစ၍ ကျင်းပပြုလုပ်နေခြင်းဖြစ်ပြီး အဆိုပါ ဘုရားပွဲတွင် အာဝါဒေးလောင်းကစားဝိုင်းများ အဓိက ထည့်သွင်းထားကြောင်း၊ ယခုကဲ့သို့ မိုင်းပေါက်ကွဲမှုကြောင့် ဘုရားပွဲ အပါအဝင် လောင်းကစားဝိုင်းများပါ ရပ်တန့်သွားခဲ့ကြောင်း ဒေသခံထံက သိရသည်။

” ဘာမှ ဘုရားပွဲမဟုတ်ဘူး အဓိကက အာဝါဒေးပဲ ကြားကောင်းအောင် နာမည်တပ်ထားတာ ဘုရားကို။ နေ့ခင်းဘက်ကြီးက ဘယ်ဇာတ်မှလည်း မကဘူး၊ ဘယ်သူမှလည်း ပွဲခင်းထဲ မသွားဘူး။ ဘောလုံးကွင်းလို နေပူပူကြီးထဲကို။ ဖဲသမားတွေ အံဂလုံသမားတွေပဲ သွားကြတာ။ အခုတော့ ပွဲက ပျက်သွားပြီလေ။ ဘယ်သူမှလည်း ထပ်မလာရဲကြတော့ဘူး” ဟု သေခံအမျိုးသမီးတဦးက မဇ္ဈိမကိုပြောသည်။

အဆိုပါ ကိုးနဝင်းဘုရားပွဲရှိ လောင်းကစားဝိုင်းအနီး ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ မည်သည့်အဖွဲ့က ပြုလုပ်သည်ကို မဇ္ဈိမအနေဖြင့် အတည်ပြုနေဆဲဖြစ်သည်။

စာတည်း။ ။ အောင်ကျော်ဖြိုး