နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု ( ၂၄ ဒီဇင်ဘာ၂၀၂၃)

အမျိုးသားညီညွတ်ရေးအစိုးရ

စစ်တောင်းမြစ်အနောက်ကမ်းမှာရှိတဲ့ စစ်မြေပြင် စစ်ကြောင်းများထံ အမျိုးသားညီညွတ်ရေး အစိုးရ ၊ ပြည်ထဲရေးနှင့်လူဝန်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ၊ ပြည်သူ့လုံခြုံရေး နှင့် ကာကွယ်ရေးကောင်စီ အဖွဲဝင် ဦးလွင်ကိုလတ် သွားရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။

စစ်ကောင်စီကို အကျိုးပြုပြီး ပူးပေါင်းနေသည့် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များ အသင်းချုပ် – UMFCCI သည် အများပြည်သူအကျိုး ဦးစားမပေးကြောင်း သုံးသပ်တွေ့ရှိရ ၍ UMFCCI ကို ဖွဲ့စည်းပုံနှင့်တ ကွ ဖျက်သိမ်းကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ-NUG ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ကြေညာသည်။

တော်လှန်ရေး လှုပ်ရှားမှုများ

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အတွင်း၌ ဒီဇင်ဘာလ ၁၆ ရက်နေ့မှစတင်ကာ စစ်ကြောင်းထိုး ခဲ့သည့် စစ်ကောင်စီစစ်ကြောင်းသည် တပတ်အတွင်း နေအိမ် ၁၂ လုံး၊ ကား ၂ စီး နှင့် စပါးတင်း ၁,၀၀၀ နီးပါးကို မီးရှို့ဖျက်ဆီးသွားကြောင်း ဒီပဲယင်းညီနောင်များအဖွဲ့ ထံမှသိရသည်။

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ ကန်သာယာကန်တွင် စစ်ကောင်စီခန့် စစ်ကိုင်းတိုင်းဝန်ကြီးချုပ် တက်ရောက်သော လမ်းလျှောက်ပွဲကို ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း Golden Eagle Force – Monywa ထံက သိရသည်။

စစ်ကိုင်းတိုင်း မုံရွာမြို့နယ် တစ်နေရာတွင် ယနေ့ (ဒီဇင်ဘာ ၂၄) နံနက်၌ လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီမှ ဦးဆောင်၍ ပြည်သူလူထု ရာချီစုဝေးပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ် တိုက်ပွဲဆင်နွှဲခဲ့ကြသည်။

မုံရွာမြို့နယ် တစ်နေရာတွင် မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီမှ ဦးဆောင်ပြီး စစ်ကြောင်း နှစ်ခုဖြင့် ပြည်သူလူထုရာချီစုဝေး ချီတက်ခဲ့ကြကာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချု ပ်ငြိမ်းရေး အတွက် လူထုသပိတ်တိုက်ပွဲဆင်နွှဲခဲ့ကြသည်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ မြောက်ခြမ်းတွင် “နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး” လူထုသပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် စစ်အာဏာရှင် ချေမှုန်းရေး ချီတက် ဆန္ဒပြကြောင်း သိရသည်။

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ရှိ စေတီရွာနှင့် အောင်ဇေယျရွာကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် နေ့စဥ် ဗုံးကျဲပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်း အနောက်တောလေးရွာတွင် ကင်းပုန်းဝပ်ရန်လာသော စစ်ကောင်စီတပ်ဖွဲ့အား ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ခြောက်ဦးသေဆုံးသွားကြောင်း Chinland Defense Force – Kalay Kabaw Gangaw က ယနေ့ ဒီဇင်ဘာလ ၂၃ရက်တွင် သတင်းထုတ်ပြန်သည်။

တနင်္သာရီတိုင်း၊ မြိတ်အခြေစိုက် Dawei Watch သတင်းဌာနမှ သတင်းထောက်နှစ်ဦးကို စစ်ကောင်စီ က အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် စွဲချက်တင် အမှုဖွင့်အရေးယူရန် ပြင်ဆင်နေကြောင်း မိသားစုဝင်များထံမှ သိရသည်။

ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် မှော်လှည်သပိတ်နှင့် ဆိုင်းတောင်သပိတ်အင်အားစုတို့ စုပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုသပိတ် ယနေ့ (ဒီဇင်ဘာ ၂၄) နံနက်က ချီတက် ဆန္ဒပြခဲ့ကြသည်။

စစ်ကောင်စီတပ်များ ထောက်ပို့နှင့် စစ်ကူလာနိုင်သော တောင်ငူ-လိပ်သိုလ်- လွိုင်ကော်လမ်းပေါ်ရှိ ကျောက်တိုင်ချောင်းကူးတံတားကို မိုင်းခွဲ ရှင်းလင်းလိုက်ကြောင်း People Defense Force-Thandaung က တရားဝင် သတင်းထုတ်ပြန်သည်။

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ရှိ ညောင်တိုပျူစောထီးကျေးရွာအား ဒရုန်းဖြင့် ဗုံးသီးအလုံး ၂၀ကျော် ချ တိုက်ခိုက်ခဲ့ရာ စစ်ဗိုလ်တစ်ဦးအပါအဝင် နှစ်ဦးသေဆုံးကြောင်း မြင်းခြံမြို့နယ် ပြည်သူ့ ကာကွယ် ရေးအဖွဲ့ တာဝန်ရှိသူက ပြောသည်။

တောင်ကိုရီးယားနိုင်ငံ ဘူဆန်၊ဂင်မဲမြို့တွင်အဆိုတော် လင်းလင်း ရိုက်ကူးထားသော The Way musical film ပွဲ ပြုလုပ်ခဲ့ပြီး လက်မှတ်အစောင်ရေ ၄၂၀ ရောင်းချခဲ့ရကြောင်း သိရှိရသည်။

တိုင်းရင်းသား လက်နက်ကိုင်များ

ပလက်ဝမြို့နယ်၊ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ဆမီးမြို့မ ရဲစခန်းက ရဲ ၄ ဦး ချင်း ကာကွယ် ရေး တပ်ဖွဲ့ထံ လက်နက် နှင့် တကွ အလင်းဝင်လာကြောင်း ပလက်ဝ ကိုယ်ပိုင် အုပ်ချုပ် သောခရိုင်ကောင်စီက အသိပေး ထုတ်ပြန်သည်။

ရှမ်းပြည်မြောက်ပိုင်း၊ တအာင်းပြည်နယ် တပ်မဟာ (၃)စစ်ဒေသ၊ မန်တုံမြို့ရှိ အကြမ်းဖက် စစ်အုပ်စု ဗျုဟာမှူးအခြေချ ကွပ်ကဲနေတဲ့ တပ်စခန်းတွေကို တအာင်းတပ်မတော် PSLF/TNLA က အလုံးစုံ ဝင်ရောက်ချေမှုန်းခဲ့ပြီးနောက် လေးရက်အကြာမှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ကြောင်း TNLAက ထုတ်ပြန်သည်။

ရှမ်းမြောက် မန်တုံ(ရူကော)မြို့ မြို့သိမ်းတိုက်ပွဲဆင်နွှဲရာ၌ စစ်ကောင်စီတပ်ထံမှ ဟောင်ဝစ်ဇာ အမြောက် ၂လက် အပါအဝင်လက်နက်ခဲယမ်းများ၊ မိုင်းများရရှိခဲ့ကြောင်း တအာင်းတပ်မတော် (TNLA)က ထုတ်ပြန်ထားပြီး စစ်မြေပြင်၌ သတင်းရယူနေသည့် ဒေသအခြေစိုက် ရွှေဖီမြေက သိမ်းဆည်းရရှိသည့် လက်နက်ခဲယမ်းများ၏ ဓာတ်ပုံကို ယနေ့ နေ့လယ်ပိုင်း၌ ဖော်ပြခဲ့သည်။

“မဖြစ်နိုင်သည်မှာမရှိ” ဟူတဲ့စကားက ၁၀၂၇ စစ်ဆင်ရေးကြောင့် တော်လှန်ရေးအဖွဲ့အစည်းများနှင့် စစ်ကောင်စီကို တော်လှန်နေကြသူတိုင်းအတွက် ယုံကြည်မှုခွန်အားကို ပိုမိုရရှိစေကြောင်း ညီနောင်မဟာမိတ်(၃)ဖွဲ့က ပြောဆိုလိုက်သည်။

ရက္ခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်နှင့် ချင်းပြည်နယ် ပလက်၀မြို့နယ်တို့တွင် ရက္ခိုင့်တပ်တော်(AA) နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့‌ကြောင်း ညီနောင်မဟာမိတ် သုံးဖွဲ့က သတင်း ထုတ်ပြန်သည်။

ရခိုင်ပြည်နယ်၊မြောက်ဦးမြို့မရဲစခန်းကို ရက္ခိုင့်တပ်တော်(AA)က ယနေ့နံနက်အ​စောပိုင်းတွင် စီးနင်းတိုက်ခိုက်နေပြီး စစ်ကောင်စီတပ်ရင်းနှစ်ခုက မြောက်ဦးမြို့ထဲသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ရာ အရပ်သားငါးဦးထိခိုက်ဒဏ်ရာရရှိထားကြောင်း ​ဒေသခံအချို့က​ပြောသည်။

ပဲခူးတိုင်း၊ မုန်းမြို့ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် ၆ ရက်ဆက် ပစ်ခတ် တိုက်ခိုက်ရာ ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ်များ ထိခိုက်ပျက်စီးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

စစ်ကောင်စီ

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်နှင့် ကျောက်တန်းမြို့နယ်တို့တွင် တရားမဝင် စက်သုံးဆီ ဒီဇယ်ဆီနှင့် ဓါတ်ဆီ စုစုပေါင်း ၈၅၆၅ ဂါလန် ဖမ်းဆီးရမိခဲ့ကြောင်း ယနေ့ထုတ်စစ်ကောင်စီ သတင်းစာတွင် ဖော်ပြထားသည်။

(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် နေပြည်တော် MSME ထုတ်ကုန်ပြပွဲ၊ ပြိုင်ပွဲနှင့် ဈေးရောင်းပွဲတော်အခမ်းအနားကို ပြည်ထောင်စုနယ်မြေ နေပြည်တော် ပျဉ်းမနားမြို့နယ် အောင်မင်္ဂလာရပ်ကွက်ရှိ အောင်မင်္ဂလာ ကားဝင်းဟောင်း၌ ကျင်းပကြောင်း စစ်ကောင်စီ သတင်းများတွင် ဖော်ပြထားသည်။

ယနေ့ငြိမ်းချမ်းရေး ကြိုးပမ်းဆောင်ရွက်နေခြင်းသည် မိမိတို့၏ သားစဉ် မြေးဆက်လူငယ်များ အတွက် တည်ငြိမ်သည့်အနာဂတ်နှင့် ဖွံ့ဖြိုးတိုးတက်ပြီး ကမ္ဘာ့အဆင့်မီ နိုင်ငံတစ်ခုဖြစ်အောင် လက်ဆင့်ကမ်းအမွေပေးနိုင်ရန် အမျိုးသားရေးတာဝန်အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပြောသည်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၄ ခုနှစ် (၇၆) နှစ်မြောက် လွတ်လပ်ရေး နေ့ အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ အသက်(၂၅)နှစ်အောက် ဘောလုံး(အမျိုးသမီး)ပြိုင်ပွဲ ဗိုလ်လုပွဲ နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း၌ ကျင်းပရာ စစ်ကောင်စီဝင်များ တက်ရောက်ကြည့်ရှုအားပေးပြီး ဆုများပေးအပ်ချီးမြှင့်ကြကြောင်း သိရသည်။

ဒီဇင်ဘာ၂၄ သုံးသပ်ချက်

မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့နှင့် စစ်ကောင်စီ ဆွေးနွေးမည်ဟု သတင်းများထွက်လာသော်လည်း ရခိုင်ပြည်နယ်တွင် တိုက်ပွဲများပြင်းထန်နေသလို ရှမ်းမြောက်တွင်လည်း တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေဆဲဖြစ်သည်။

စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်၌ ပွဲတော်များ တစ်ခုပြီးတစ်ခုပြုလုပ်ကာ စစ်စခန်းများ မြို့များ အသိမ်းခံရသည့် သတင်းများတွင် အာရုံမရောက်အောင် စစ်တပ်က ရည်ရွယ်ချက်ရှိရှိ လုပ်နေသည်ဟု ယူဆရဖွယ်ရှိနေသည်။