အာဏာသိမ်း ၃ နှစ်အတွင်း နလန်မထူနိုင်တော့သည့် မြန်မာ့စီးပွားရေး

ကိုခေတ်

၂၀၂၀ ခုနှစ်ကတော့ ကမ္ဘာ့ ကပ်ရောဂါ ကိုဗစ်အပြီးမှာ မြန်မြန်ဆန်ဆန်နဲ့ စီးပွားရေးတိုးတက်လာ လိမ့်မယ်လို့ ခန့်မှန်းထားကြပေမယ့် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ်က အာဏာသိမ်းလိုက်တာကြောင့် အခုချိန် နလန်မထနိုင်သေးတဲ့ အခြေအနေမှာပဲ ရှိနေသေးပါတယ်။ 

အာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲအကျိုးဆက်တွေအဖြစ် ရင်းနှီးမြှုပ်မှုတွေ ထွက်သွားတာ၊ စီးပွား ရေးပိတ်ဆို့ခံရတာတွေအပါအဝင် စစ်ဗိုလ်ချုပ်တွေရဲ့ စီမံခန့်ခွဲမှု အလွဲတွေကြောင့် မြန်မာ စီးပွားရေးဟာ အထိနာခဲ့ပါတယ်။  

၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှစလို့ ၂၀၂၂ခုနှစ်အထိ မှုဝါဒအမှားတွေ စီမံခန့်ခွဲမှု အလွဲတွေနဲ့  တင်းကျပ်လိုက်တဲ့ အုပ်ချုပ်မှုတွေရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေဟာ  ၂၀၂၃ ခုနှစ် အရောက် မှာတော့ သိသိသာသာ ခံစားလာရတာဖြစ်ပါတယ်။ 

တော်လှန်ရေးအင်အားစုတွေဆီ ငွေကြေးစီးဆင်းမှုတွေ မရောက်အောင်နဲ့ စစ်ကောင်စီလက်ထဲ ဒေါ်လာငွေလိုအပ်ချက်ကြောင့် နိုင်ငံခြားငွေကြေးလဲလှယ်မှုတွေကို ကန့်သတ် ထိန်းချုပ်လို က် တာဟာလည်း  ပြည်တွင်းလည်ပတ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေကို  ထိခိုက်ရပ်ဆိုင်း‌ သွားစေ ခဲ့သလို ငွေကြေးကမောက်ကမဖြစ်ပြီး လိုအပ်ချက်မြင့်တက်လာခဲ့စေပါတယ်။ 

၂၀၂၃ ခုနှစ် နှစ်စပိုင်းမှာ ကျဆင်းနေတဲ့ စီးပွားရေးနဲ့ ရပ်ဆိုင်းနေတဲ့ လုပ်ငန်းတွေကို ပြန်လည်ပတ်ဖို့ ကြိုးပမ်းလာခဲ့ပေမယ့်လည်း နှစ်ကုန်တဲ့ အထိ ထူးခြားတိုးတက်လာမှု မရှိတာကို တွေ့မြင် ရပါတယ်။   

အထူးသဖြင့် စီးပွားရေးကဏ္ဍမှာ ဦးဆောင်နေခဲ့တဲ့ ကုန်သည်စက်မှု အသင်းချုပ်၊ မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်၊ အထည်ချုပ်လုပ်ငန်းရှင်များအသင်း၊ စက်သုံးဆီ အသင်း နှင့် စားသုံးဆီ လုပ်ငန်းရှင်များအသင်းတွေကနေ  စီးပွားရေးပြန်လည်ပတ်လာစေဖို့ ကြိုးပမ်း ဆောင်ရွက် လာခဲ့ပါတယ်။ 

 ဒါပေမယ့် စစ်ကောင်စီရဲ့ စီးပွားရေးမူဝါဒဟာ တော်လှန်ရေး အင်အားစုတွေ အပေါ် ဖိနှိပ်မှုကိုသာ ဦးတည်နေတာကြောင့် မူဝါဒနဲ့ စီမံခန့်ခွဲမှုအလွဲတွေက စီးပွားရေးအပေါ် များစွာ သက်ရောက်ခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်တွေ ကြိုးစားသလောက် အရာမထင်တာကိုလည်း တွေ့ရပါတယ်။နိုင်ငံတကာ စီးပွားရေးပိတ်ဆို့မုတွေဟာလည်း မြန်မာ့စီးပွားလည်ပတ်ဖို့အတွက် အတားအဆီးတွေ လည်း ဖြစ်ခဲ့ပါတယ်။ 

၂၀၂၃ ခုနှစ်  ဇန်နဝါရီလအစပိုင်းကတော့  ၂၀၂၀ခုနှစ် ကိုဗစ်ကာလကတည်းက ပိတ်ထားခဲ့တဲ့ တရုတ်-မြန်မာ နယ်စပ်မူဆယ်မြို့ရှိ ဆင်ဖြူဂိတ် နဲ့ နန်းတော်ဂိတ်တို့ကို ပြန်လည်ဖွင့်လှစ်ခဲ့ပေး ခဲ့ပါတယ်။အဲဒီ ဂိတ်တွေရဲ့ နေ့စဉ် ကုန်သွယ်နိုင်မှု တန်ဖိုးဟာ  အမေရိကန်ဒေါ်လာ(၅)သန်းနဲ့ အထက်မှာ ရှိခဲ့တယ်လို့  စစ်ကောင်စီ စီးပွားကူးသန်းဝန်ကြီးဌာနရဲ့ အချက်အလက် တွေအရ သိရပါတယ်။ 

 ဒါပေမယ့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှ စတင်ကာ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးမှာ ပြန်လည် ပိတ်သွားခဲပါတယ်။ ။ နယ်စပ်ကုန်သွယ်ရေးကဏ္ဍကနေ  အဓိက နိုင်ငံခြားငွေ အရှာဖွေ ပေးနိုင် ဆုံး မူဆယ် နဲ့ ချင်းရွှေဟော်ဂိတ်‌တို့ဟာ   ၁၀၂၇ စစ်ဆင်ရေးကြောင့် တိုက်ပွဲတွေဖြ စ် ပေါ်လာပြီး ပြန်လည်ပိတ်သွားခဲ့တာဖြစ်ပါတယ်။ 

ထိုင်းနိုင်ငံနှင့် ချိက်ဆက်နေနဲ့  နယ်စပ်ကုန်သွယ်ရေးဖြစ်တဲ့ မြဝတီနယ်စပ်ကုန်သွယ်ရေး မှာလည်း မကြာခဏ လမ်း ပိတ်ထားရမှုကြောင့် ကုန်ဈေးနှုန်းအပေါ် အကျိုးသက်ရောက်မှု ရှိလာခဲ့ပါတယ်။ ရေထွက်ကုန် အဓိကတင်ပို့ရာ ထီးခေးနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းသာ အဓိက သွားလာနေ ကြပြီး ထိုင်းကုန်စည်တင်သွင်းမှု လျော့ကျလာခဲ့ပါတယ်။ 

ဒါအပြင် တော်လှန်ရေးအင်အားစုတွေရဲ့ တွန်းလှန်စစ်ဟာ အားကောင်းလာခဲ့ပြီး စစ်ကောင်စီရဲ့ မြို့တွေ စခန်းတွေနဲ့ နယ်စပ်တစ်လျှောက်မြို့တွေ စခန်းတွေ သိမ်းပိုက်နိုင်မှုဟာ စစ်ကောင်စီအပေါ် စီးပွားရေးထိုးနှက်ချက်တစ်ခုလည်း ဖြစ်လာခဲ့ပါတယ်။  

လက်ရှိအခြေအနေအရ စစ်ကောင်စီရဲ့ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေအားလုံးကို တော်လှန်ရေးအင်အားစုတွေက သိမ်းပိုက် ထားနိုင်ပြီး ရှမ်းအရှေ့ပိုင်းတခုသာ စစ်ကောင်စီရဲ့ နယ်စပ်ကုန်သွယ်မှုသာကျန် တော့တယ်လို့ ဆိုရမှာပါ။ 

ဒီလိုအခြေအနေတွေကြောင့်လဲ ကမ္ဘာ့ဘဏ်က  မြန်မာနိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုနှုန်းဟာ ၂၀၂၄ ခုနှစ် မတ်လအထိ တစ်နှစ်အတွင်း (၁)ရာခိုင်နှုန်း သာ တိုးတက်မယ်လို့ ခန့်မှန်းထားတာဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ်က မြန်မာ့စီးပွားရေးတိုးတက်မှုနှုန်းဟာ (၄)ရာခိုင်နှုန်း ရှိခဲ့ပြီး ၂၀၂၃ ခုနှစ် အတွင်း ကျဆင်းသွားတဲ့ အခြေအနေကို ညွန်းဆိုနေပါတယ်။ 

 မြန်မာနိုင်ငံရဲ့ စီးပွားရေးပမာဏဟာ၂၀၁၉ ခုနှစ် နဲ့ နှိုင်းယဉ်ပါက ၁၀ ရာခိုင်နှုန်း ဆက်လက်နှိမ့်ကျ နေတာကြောင့် အရှေ့အာရှ ဒေသမှာ ကမ္ဘာ့ကပ် ရောဂါမတိုင်မီ ရှိခဲ့တဲ့  စီးပွားရေးအခြေအနေကို ပြန်မရောက်သေးတဲ့ တစ်ခုတည်းသော နိုင်ငံအဖြစ် ဆက်လက်တည်ရှိနေတာလို့ ကမ္ဘာ့ဘဏ်က ထုတ်ပြန်ခဲ့ပါတယ်။  

လက်ရှိ စစ်ကောင်စီရဲ့ စီမံခန့်ခွဲမှု နှင့် ပေါ်လစီအမှားတွေကြောင့် ၂၀၂၄ ခုနှစ်မှာ ပိုမိုပြင်းထန်တဲ့ စီးပွားရေးကျဆင်းမှုဖိအားအောက်ကို ရောက်ရှိသွားနိုင်ပါတယ်။ ဒါကြောင့်  ၂၀၂၄ ခုနှစ် မြန်မာ့ စီးပွားရေးမှာ မျော်လင့်ဖွယ်ရာ အခြေအနေ နည်းပါးပြီး အချိန်မှီ ကုစားနိုင်သည့်တိုင် ၂၀၂၁ ခုနှစ်မှ စတင်ကာ ထိခိုက်လာတဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို ဆက်ခံစားရဖွယ် ရှိနေပါသေးတယ်။ 

လက်ရှိ စစ်ကောင်စီရဲ့ စစ်ရေးစီးပွားရေး စတဲ့ အထွေထွေရှုံးနိမ့်မှုတွေကြောင့် တရုတ်နဲ့ ထိုင်းနိုင်ငံ တို့ကို ချိက်ဆက်ထားတဲ့  နယ်စပ်ကုန်သွယ်ရေးဟာ ပုံမှန်အခြေအနေကို ပြန်ရောက်ဖို့ ခက်ခဲနေ အုန်းမှာဖြစ်လို့ မြန်မာ့စီးပွားရေးဟာ နှေးကွေးနေအုံးမယ်လို့ ဆိုနိုင်ပါတယ်။ 

လက်ရှိအခြေအနေမှာလည်း လုပ်ငန်းအများစုဟာ လည်ပတ်ရုံသာ လည်ပတ်နေကြပြီး အနာဂတ် မျော်လင့် စရာမရှိတာ အလုပ်အကိုင်ရှားပါးပြီး အခွင့်အလမ်းနည်းပါးတာတွေ အရင်ကထက် ပိုမိုများပြားလာပါတယ်။ အဲဒါကြောင့်ပဲ လူငယ်တွေအများစုဟာ မြန်မာနိုင်ငံက ထွက်ခွာပြီး ရရာနိုင်ငံတွေမှာ အလုပ်သွားလုပ်ကိုင်ကြတာတွေကို တွေ့လာရတာပါ။ ဒီအခြေအနေဟာ မြန်မာစီးပွားရေးကို ထင်ဟတ်စေပါတယ်။ဒါကြောင့်ပဲ မြန်မာ့စီးပွားရေးဟာ မရေရာမသေချာ မှုတွေနဲ့ ပြည့်နှက်နေပြီး စစ်ခေါင်းဆောင်မင်းအောင်လှိုင် အာဏာသိမ်းပြီး ၃ နှစ်အလွန်မှာတော့ နလန်မထူနိုင်တော့မယ့် အခြေအနေကို ရောက်နေပြီလို့ ဆိုရမှာပဲဖြစ်ပါတယ်။