နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု ( ၂၀ ဒီဇင်ဘာ၂၀၂၃)

အမျိုးသားညီညွတ်ရေးအစိုးရ
ဘဏ္ဍာရေး တိုက်စစ်တွင် ပါဝင်ခဲ့ ပြည်ပရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများကို အမျိုးသား ညီညွတ်ရေးအစိုးရ ( NUG) က အထူးကျေးဇူးတင် မှတ်တမ်းတင်ဂုဏ်ပြုကြာင်း ထုတ်ပြန်သည်။
မွန်ပြည်နယ်၊ ရေးမြို့နယ်အခြေစိုက်၊ ရေးပြောက်ကျားတပ် (YGF) မှ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) တောင်ပိုင်းစစ်ဒေသ ၊ စစ်ဒေသခွဲ (၃)လက်အောက်ရှိ ဒေါနစစ်ကြောင်း၏ ချေမှုန်းရေး တပ်ခွဲ (၃)မှာ တရားဝင် တာဝန်ထမ်းဆောင်သွားမည်ဟု Ye Guerrilla Force – ရေးပြောက်ကျားတပ်မှ အသိပေးထားသည်။
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်းက ကျေးရွာတစ်ရွာတွင် မီးဘေးသင့်အိမ်ခြေပေါင်း ၃၂၃ အိမ်ကို ဒီဇင်ဘာ ၁၉ ရက်မှာ ထောက်ပံ့ကူညီမှုများပြုလုပ်ပေးခဲ့ကြောင်း ခင်ဦးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ထံမှ သိရသည်။
စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်‌တော်နှင့် အမျိုးသားညီညွတ်ရေးအစိုးရ ၊ တရား​ရေးဝန်ကြီးဌာန ၊ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦး တို့အကြား တွေ့ဆုံဆွေးနွေးမှုကို ဒီဇင်ဘာ ၁၉ ရက် မွန်းလွဲ ၂ နာရီမှာ ဗီဒီယိုကွန်ဖရင့်ကတဆင့် ပြုလုပ်ခဲ့ကြသည်။
အမျိုးသားညီညွတ်ရေးအစိုးရ ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့ နှင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတို့က ပြည်သူ့လုံခြုံရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ကို ဒီဇင်ဘာ ၁၉ ရက် နံနက် ၁၀ နာရီတွင် ပြုလုပ်ခဲ့ကြသည်။
မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ ၏ ၁၀၂၇ စစ်ဆင်ရေးကြောင့် နွေဦးတော်လှန်ရေးနှင့် အမျိုးသား ညီညွတ်ရေးအစိုးရ NUG အပေါ်တွင် နိုင်ငံတကာ၏ အာရုံစိုက်မှုနှင့် စောင့်ကြည့်မှုများ ရလာဟု NUG ယာယီသမ္မတနှင့်ဝန်ကြီးချုပ်တို့က ပြောကြားလိုက်သည်။
ကုလသမဂ္ဂတွင် မြန်မာနိုင်ငံကိုယ်စားပြုခွင့်အတွက် အာဏာသိမ်းစစ်ကောင်စီ၏ ကြိုးပမ်းမှု တတိယအကြိမ်မြောက်ကျရှုံးခဲ့ပြီး ပြည်သူလူထုနှင့် တသားတည်းရပ်တည်သည့် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ဆက်လက်ကိုယ်စားပြုခွင့်ရရှိခဲ့ကြောင်း သိရသည်။
တော်လှန်ရေး လှုပ်ရှားမှုများ
မြန်မာနိုင်ငံက လူသားချင်းစာနာမှုဆိုင်ရာ အကူအညီလိုအပ်သူများ၏ အခြေအနေများ ပိုမိုဆိုးရွား လာသည့် အပေါ် ဂျာမနီသံရုံးနှင့် ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) ကတာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီသံရုံးက ထုတ်ပြန်သည်။
မကွေးတိုင်း၊ ထီးလင်းမြို့နယ် ရေမျက်နီကျေးရွာရှိ လူနေအိမ်များတွင် အင်အား ၁၀၀ ကျော်ဖြင့် တပ်ဖြန့်ကာ တပ်စွဲနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ချောင်းမြောင်းပစ်ခတ်ခဲ့ရာ တပ်ရင်းမှူး တဦးအပါအဝင် သုံးဦးသေဆုံးသွားကြောင်း Yaw Revolution Army-ထီးလင်းအဖွဲ့က ဒီဇင်ဘာလ ၁၈ ရက်တွင် သတင်းထုတ်ပြန်သည်။
မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်ကောင်စီထောက်ပို့စစ်ကြောင်းကို ပီပါမိုင်းဖြင့် မိုင်းဆွဲတိုက်ခိုက် ခဲ့ရာ ထိခိုက်သေဆုံးမှုများရှိကြောင်း မြိုင်မြို့နယ် ပြည်သူ့ကာ​ကွယ်ရေးတပ်ဖွဲ့က သတင်းထုတ် ပြန်သည်။
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် စစ်ကြောင်းထိုးပြီး ကျောက်ရစ်ရဲစခန်း ပြန်လာသည့် စစ်ကောင်စီ တပ်အား မောင်းသူမဲ့လေယာဥ်ငယ်များဖြင့် ဗုံးသီးအလုံး ၅၀နီးပါးချ တိုက်ခိုက်ခဲ့ ကြောင်း စစ်ကိုင်း ခရိုင်အမှတ်(၄)တပ်ရင်း- Myaung Special People Defence Force-MSPDF အဖွဲ့က သတင်း ထုတ်ပြန်သည်။
စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့သိမ်းတိုက်ပွဲစတင်သည့် နိုဝင်ဘာ၈ရက်မှ ယမန်နေ့(ဒီဇင်ဘာ ၁၉ရက်) အထိ ၄၁ရက်အတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့မှု အကြိမ်ရေ (၁၅၀)ကျော်ရှိ လာပြီဟု တော်လှန်ရေးအင်အားစုများက ယနေ့ သတင်းထုတ်ပြန်သည်။
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် စစ်ကောင်စီတပ်က ကျေးရွာများအား စစ်ကြောင်းထိုးနေစဉ် မြို့ပေါ်ကျန်ရှိသည့် စစ်ကောင်စီတပ်အား ဒေသတွင်းတော်လှန်ရေးအင်အားစုများက သွားရောက် တိုက်ခိုက်ခဲ့ကြောင်း ၎င်းအဖွဲ့များက ပြောသည်။
ထီးချိုင့်မြို့တွင် ယနေ့(ဒီဇင်ဘာ ၁၉) တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က ပေါင် ၅၀၀ ဗုံး နှစ်လုံးအပါအဝင် ဂျက်ဖိုက်တာ ၆ စင်းဖြင့် ဗုံး ၁၂ လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း ပြည်သူကာကွယ် ရေးထောက်ပို့ရဲဘော်များကပြောသည်။
တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ဝင်းဝရဲစခန်းမှ ရဲတပ်သား ၁ ဦး G-3 သေနတ် ယူဆောင် လာပြီး အလင်းဝင်လာသောကြောင့် ဆုငွေ ၃၅ သိန်း ချီးမြှင့်ခဲ့ကြောင်း ပုတီးတစ်လုံး ပြောက်ကျား တပ်ဖွဲ့ထံမှ သိရသည်။
တိုင်းရင်းသား လက်နက်ကိုင်များ
ချင်းပြည်နယ်၌ ဖက်ဒရယ်ဒီမိုကရေစီနှင့် ချင်းလူမျိုးများ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးအတွက် စစ်ရေးဆိုင်ရာတွင် အချိတ်အဆက်ရှိရှိ ပူးပေါင်းဆောင်ရွက်ရန် ဖွဲ့စည်းထားသော ချင်းလဲန်း ပူးပေါင်းကာကွယ်ရေးကော်မတီ (CJDC) ကို သတ္တမအကြိမ်အစည်းအဝေးတွင် ဖျက်သိမ်းခဲ့ ကြောင်း သိရသည်။
ချင်းပြည်နယ် မတူပီမြို့နယ် ထယ်ဘွေးတပ်စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သားများ စခန်းစွန့်ထွက်ခွာထွက်ပြေးသွားကြောင်း ချင်းဒေသကာကွယ်ရေးတပ်(CDF)- မတူပီက အသိပေး ထုတ်ပြန်သည်။
စစ်ကောင်စီသည် စစ်ရေးအရအဓိက ယှဉ်ပြိုင်တိုက်ခိုက်လျက်ရှိသည့် အဖွဲ့အစည်းများအား နိုင်ငံရေး အောက်လုံးသုံးကာ ထိုးနှက်တိုက်ခိုက်လေ့ရှိသည့်အတိုင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော်(ULA/AA)အား သတင်းတု သတင်းမှားများလုပ်ကြံဖန်တီး တိုက်ခိုက်လာကြောင်း AAက သတင်းထုတ်ပြန်သည်။
ရှမ်းမြောက် မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်ကို အပြည့်အဝမဟုတ်သည့်တိုင် အတိုင်းအတာ တစ်ခု အထိသို့ ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်းညီနောင်မဟာမိတ် ၃ဖွဲ့က ထုတ်ပြန်လိုက်ပြီး အလုံးစုံထိန်းချုပ်နိုင်ရေးအတွက်လည်း ဆက်လက် ဆောင်ရွက်လျက်ရှိသည်ဟု အသိပေးသည်။
ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင်ရှိ စစ်ကောင်စီတပ်စခန်းမိုလိုကျိုး(ဖဲထာ) နှင့် စော်ထာအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် မဟာမိတ်တပ်ဖွဲ့များအပြီး တိုင်သိမ်းယူနိုင်ခဲ့ရာ စစ်ကောင်စီ ရုပ်အလောင်း ၇၀ကို အသေတွေ့ရှိ သည်ဟု KNU/KNLA တပ်မဟာ(၅)က သတင်းထုတ်ပြန်သည်။
စစ်ကောင်စီ
အသက်မပြည့်သေးသည့် စစ်သည်များကို နှုတ်ထွက်ခွင့်ပြုပြီး မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းမှုအနေဖြင့် စုစုပေါင်း ၁၀၅၇ ဦးရှိပြီဖြစ်ကြောင်း စစ်ကောင်စီ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ပြောကြားသည်။
၂၀၁၅ခုနှစ်ကစတင်ပြီး ယခု၂၀၂၃ခုနှစ်အထိအတွင်း ရန်ကုန်က ( ကုတင်-၅၀၀ )အထူးကု ဆေးရုံကြီးတွင် အသည်းအစားထိုးခွဲစိတ်မှု အကြိမ်ပေါင်း (၃၅) ကြိမ်အထိအောင် မြင်စွာကုသ နိုင်ခဲ့ကြောင်း စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနကနေသိရသည်။
မြန်မာနိုင်ငံကို နိုင်ငံခြားခရီးသွား စိတ်ဝင်စားမှုတွေမြင့်တက်လာစေရန်အတွက် ဗီဇာဖြေ လျှော့မှုများ တိုးမြှင့်ခွင့်ပြုပေးရန် သုံးသပ် နေကြောင်း စစ်ကောင်စီ ဟိုတယ်နှင့်ခရီးသွား လာရေးဝန်ကြီးဌာနက သိရသည်။
ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း တရားမဝင်ကုန်သွယ်ရေး လုပ်ငန်းများ မရှိစေရေး အတွက် အထူးအလေးထား ကြပ်မတ်ဆောင်ရွက်သွားရမည်ဖြစ်သကဲ့သို လိုင်စင်မဲ့ မော်တော်ယာဉ် နှင့် မော်တော်ဆိုင်ကယ်များကိုလည်း စဉ်ဆက်မပြတ် စစ်ဆေး ဖော်ထုတ်ပြီး ဥပဒေနှင့် အညီ အရေးယူဆောင်ရွက်နိုင်ရေး လုပ်ဆောင်သွားရမည်ဟု နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ကပြောသည်။
ငြိမ်းချမ်းရေးအကျိုးဆောင်ပါတီက နိုင်ငံရေးပါတီတည်ထောင်ခွင့်ပြုပေးရန် ဒီဇင်ဘာလ ၁၉ ရက်က လျှောက်ထားလာခဲ့ကြောင်း စစ်ကောင်စီ၏ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဒီဇင်ဘာလ ၂၀ ရက်နေ့မှာ ကြေညာသည်။
ဒီဇင်ဘာ၂၀ သုံးသပ်ချက်
မြန်မာနိုင်ငံတွင် သတင်းအတု သတင်းအမှား ထုတ်လုပ်မှု အများဆုံးအဖွဲ့အစည်းကို ပြပါဆိုလျှင် စစ်အုပ်စုကို ပြရမည်ဖြစ်သည်။ယင်းစစ်အုပ်စုသည် ၎င်းပိုင်မီဒီယာသတင်းစာများမှတဆင့် ပေါ်ပေါ်တင်တင် လိမ်ညာဝါဒဖြန့်သကဲ့သို့ စစ်တပ်ထောက်ခံလော်ဘီအုပ်စုနှင့် လူမှုကွန်ရက် အကောင့်တု ထောင်ချီနှင့်လည်း သတင်းတုသတင်းမှား များကို ရည်ရွယ်ချက်ရှိရှိ ထုတ်လုပ် ဖြန့်ချိနေသည့် အဖွဲ့အစည်းဖြစ်သည်။
စစ်ကောင်စီ၏ ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်ကို ညီနောင်မဟာမိတ်အဖွဲ့က ထိန်းချုပ် လိုက်ပြန်သည့်အတွက် စစ်ကောင်စီ၏ နယ်စပ်ကုန်သွယ်ရေးဇုန်များ အားလုံးနီးပါး ထိန်းချုပ် သိမ်းပိုက် ခံနေရသည်ဟု ဆိုရမည်ဖြစ်သည်။