ယာဉ်စစ်အဖွဲ့၏ ပစ်ခတ်မှုကြောင့် သူနာပြုဝန်ထမ်း ကျည်ဆန်ထိမှန်ဒဏ်ရာရ

ပုံစာ – မန္တလေးမြို့တွင်းလမ်းမကြီးတခုတွင် တွေ့ရသည့် ယာဉ်စစ်အဖွဲ့။

007

(မဇ္ဈိမ)။ ။ မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်တွင် မော်တော်ယာဉ်တားဆီးစစ်ဆေးရေးအဖွဲ့(ယာဉ်စစ်အဖွဲ့)က သေနတ်ဖြင့် ပစ်ခတ်သဖြင့် သူနာပြုဝန်ထမ်း အမျိုးသမီးတဦး ကျည်ဆန်ထိမှန်ဒဏ်ရာရခဲ့သည့်ဖြစ်စဉ်တခု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

မဟာအောင်မြေမြို့နယ် ၃၆ လမ်းနှင့် ၇၃ လမ်းထောင့်တွင် ယမန်နေ့ ဒီဇင်ဘာ ၂၆ ရက် နေ့လယ် ၁၂ နာရီကျော်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“ဆိုင်ကယ်တစီးကို သူတို့(ယာဉ်စစ်အဖွဲ့)က လှမ်းတားတယ်၊ အဲဒီဆိုင်ကယ်က မရပ်ပေးဘဲနောက်ပြန်လှည့်ပြေးတာကို သူတို့ထဲကတယောက်က နောက်ကနေ သေနတ်နဲ့လိုက်ပစ်တယ်၊ အဲဒီမှာ တခြားတယောက်ကို ထိတာပဲ၊ ဆိုင်ကယ်ရော လူရော ဘိုင်းကနဲ လဲကျသွားတာတွေ့လိုက်တယ်” ဟု အခင်းဖြစ်စဉ်မြင်တွေ့လိုက်ရသည့် အမည်မဖော်လိုသူတဦးက ပြောသည်။

သေနတ်ထိမှန်ဒဏ်ရာရသူသည် အသက် ၂၅ နှစ်အရွယ်အမျိုးသမီးဖြစ်ပြီး၊ ဒဏ်ရာအခြေအနေနှင့်ပတ်သက်၍ အနီးကပ်ကြည့်ရှုခွင့်မရခဲ့သဖြင့် မသိခဲ့ရကြောင်း၊ ၎င်းအား ပရဟိတလူနာတင်ယာဉ်ဖြင့် မန္တလေး ဆေးရုံကြီးသို့ခေါ်ဆောင်သွားသည်ကို တွေ့ရကြောင်း မျက်မြင်သတင်းရင်းမြစ်တချို့၏ပြောပြချက်အရ သိရသည်။

“လဲကျသွားတဲ့ကောင်မလေးကို သူတို့ဖာသာပဲ ဆေးရုံကားခေါ်ပြီးဆေးရုံပို့လိုက်တယ်၊ ထိတာတော့ ရင်ဘတ်ထိတာပဲ၊ သေလားရှင်လားလည်းမသိနိုင်ဘူးလေ၊ သူတို့ဝန်ထမ်းအချင်းချင်းဆိုတော့ သူတို့ဟာသူတို့ ဖြေရှင်းကြမယ်ထင်တယ်” ဟု အခင်းဖြစ်စဉ်တွေ့ရှိခဲ့သည့် ဒေသခံ တဦးက ပြောသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ စစ်ကောင်စီ၏ဝါဒဖြန့်ချိရေး တယ်လီဂရမ်ချန်နယ်များတွင်၊ ဒဏ်ရာရအမျိုးသမီးသည် အသက် ၂၅ နှစ်အရွယ်ဖြစ်ကြောင်း၊ မန္တလေးဗဟိုအမျိုးသမီးဆေးရုံကြီးမှ အဆောင်နေသူနာပြုဝန်ထမ်းဖြစ် ကြောင်း၊ ကျောင်းကိစ္စဖြင့်အပြင်သွားရင်း အခင်းဖြစ်နေရာတွင် ပစ်ခတ်ခံလိုက်ရခြင်းဖြစ်ကြောင်း၊ ပစ်ခတ်မှု ဖြစ်စဉ်အတွင်း ရင်ဘတ်ကိုကျည်စထိမှန်ခြင်းမျှသာဖြစ်ကြောင်း၊ စိုးရိမ်စရာမရှိသည့် ဖူးရောင်ဒဏ်ရာတချက် သာ ရရှိထားကြောင်း ဆိုထားပြီး၊ အဆိုပါအမျိုးသမီး၏နာမည်ကိုတော့ ထုတ်ဖော်ထားခြင်း မရှိပေ။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း၊ မန္တလေးမြို့တွင် မော်တော်ယာဉ်တားဆီးစစ်ဆေးရေးအဖွဲ့(ယာဉ်စစ်အဖွဲ့)များအတွင်း ရဲ ၊ စစ်သား နှင့် အရပ်ဝတ်လက်နက်ကိုင်များ ပူးပေါင်းပါဝင်လာသည်ကို တွေ့ရသည်။

လက်လှမ်းမီသလောက် ရရှိထားသည့်အချက်အလက်အရ၊ ယာဉ်စစ်အဖွဲ့ကတားဆီးစဉ်၊ မရပ်ပေးသဖြင့် သေနတ်ဖြင့်ပစ်ခတ်ဖမ်းဆီးသည့်ဖြစ်စဉ် အကြိမ် ၂၀ ထက်မနည်းရှိထားပြီး၊ ထိုအထဲမှ ၁၀ ဦးထက်မနည်းသောပြည်သူများ ဒဏ်ရာရသေဆုံးသည်အထိ ဖြစ်ခဲ့ရသည်။

စာတည်း – သန့်ဇော်(သန်လျင်)