2023 Year in Review ၂၀၂၃ နှစ်ကုန်ခါနီး မြန်မာပြည်: မြင်ကွင်းကျယ်၊ ဦးစားပေးရမည့် အရာများ၊ စိန်ခေါ်မှုများနှင့် ရှေ့ဆက်ရမည့် ခရီး  (အပိုင်း ၂)

အီဂေါဗလာဇီဗစ်

(မဇ္ဈိမ)

၂၀၂၁ အာဏာသိမ်းကတည်းက ဖြတ်သန်းခဲ့ပုံအဆင့်ဆင့်

၂၀၂၁ ဖေဖော်ဝါရီလ အာဏာသိမ်းကတည်းက ပြည်သူလူထုရဲ့ စစ်တပ်ကို ဆန့်ကျင်အာခံမှုတွေကို ကြည့်ရင် အဆင့်များစွာ ရှိခဲ့ပါတယ်။
စစ်တပ်ဟာ တနိုင်ငံလုံး လက်နက်မပါဘဲ ဆန့်ကျင်ကြတဲ့ ပြည်သူပေါင်း မြောက်မြားစွာပါဝင်တဲ့ အကြမ်းမဖက် ဆန့်ကျင်ဆန္ဒပြပွဲတွေကို နှိုးဆွလိုက်သလို ဖြစ်ခဲ့ပြီး ဒီအံတုမှုတွေက လပေါင်းများစွာ ကြာမြင့်ခဲ့ပါတယ်။ စစ်တပ်ဟာ ဆန္ဒပြမှုတွေနဲ့ အကြမ်းမဖက် အာဏာဖီဆန်မှု CDM တွေကို ရက်စက်စွာ နှိမ်နင်းပြီး ရပ်တန့်ဖို့ ကြိုးစားခဲ့ပါတယ်။ အဲဒီလို ရက်စက်မှုတွေကြောင့် စစ်အုပ်စုက မထင်မှတ်ထားတာတွေ ဖြစ်လာခဲ့ပါတယ်။ ကြမ်းကြုတ်တဲ့ နှိမ်နင်းမှုတွေကြောင့် ပြည်သူတွေဟာ လက်နက်ကိုင်လမ်းစဉ်ကို ရွေးခဲ့ကြရပါတယ်။ တဆက်တည်းမှာပဲ အာခံမှု ပုံစံမျိုးစုံကို ဆက်လက်ဆောင်ရွက်ပြီး တဖြည်းဖြည်းနဲ့ လက်နက်ကိုင် တော်လှန်ရေးကို အားကောင်း လာစေခဲ့ပါတယ်။ ဒီလမ်းကြောင်းနှစ်ခုစလုံးက ညီတူမျှတူ အရေးပါတဲ့ လုပ်ငန်းတွေဖြစ်ကြပါတယ်။ နှစ်ခုစလုံးကို အားပေးထောက်ခံသူတွေ ရှိကြပါတယ်။ စစ်တပ်နဲ့ တပ်က ကျူးလွန်ထားတဲ့ ရာဇဝတ်မှုတွေကို တိုက်ထုတ်ပစ်ဖို့ ထက်သန်တဲ့ ပြည်သူတွေရဲ့ ဒေါသကလည်း ဆက်လက် တွန်းလှန်ကြရေးဘက်ကို အားပေးပါတယ်။ မြန်မာပြည်သူတွေရဲ့ လူစွမ်းကောင်းဆန်ဆန် နိုးကြား ကြံ့ခိုင်မှုက တော်လှန်ရေးကို ဆက်သယ်သွားခဲ့ပါတယ်။

ပြည်သူတွေရဲ့ ခိုင်မာတဲ့ သန္နိဌာန်နဲ့ တော်လှန်မှုက မလျော့ဘဲ အားကောင်းလာလေလေ စစ်အာဏာပိုင်တွေဘက်ကလည်း အကြမ်းဖက်မှုတွေနဲ့ ရိုင်းစိုင်းယုတ်မာမှုတွေကို အရှိန်တင်လေလေ ဖြစ်လာပါတယ်။ စစ်တပ်ဟာ အရပ်ဘက်ပြည်သူတွေကို ကြမ်းတမ်းစွာ စစ်အင်္ဂါစုံနဲ့ တိုက်ပွဲဆင်နွှဲ ခဲ့ပါတယ်။ မြန်မာပြည်သူတွေဟာ ဘယ်လောက် ဒုက္ခခံစားရပြီး ကြေကွဲနာကျင်ရပေမယ့် လက်မမြှောက်ခဲ့ကြပါဘူး။ သူရဲကောင်းဆန်ဆန်ပဲ  ဆက်လက် ခုခံပြီး တင်းခံနေခဲ့ကြပါတယ်။

အဲဒီ အဆင့်မှာတော့ စစ်တပ်က အသာစီးရနေတယ်။ အဆမတန်သာလွန်တဲ့ အရင်းအမြစ်တွေနဲ့ စစ်‌ရေး အင်အားကို ထိန်းချုပ်ထားနိုင်ပြီး စနစ်ကျတဲ့ စိတ်ရှည်ရှည်နဲ့ အခွင့်ကောင်းကိုစောင့်ပြီး ပြည်သူတွေအပေါ် ရက်စက်တဲ့ အမှုတွေ ကျူးလွန်တဲ့ နေရာမှာ သာခဲ့တယ်။ ကိုယ့်တိုင်းပြည်အပေါ် ကိုယ်ကျူးလွန်တဲ့ ပြစ်မှုတွေကြောင့် အပျက်အစီး အဆုံးအရှုံး မြောက်မြားစွာရှိခဲ့ပြီးတော့ တိုင်းပြည်ဟာ စီးပွားရေး နာလံမထူနိုင်လောက်အောင် ထိုးဆင်းသွားခဲ့ပါတယ်။ စစ်တပ်ဟာ တော်လှန်ရေးသမားတွေကို နှိမ်နင်းနိုင်ပြီး သူတို့ အုပ်စိုးမှု ကြာကြာခံမယ်လို့ မိုက်မိုက်မဲမဲအမြော်အမြင် မရှိဘဲ တွက်ချက်ခဲ့ကြတာပါ။ လူတွေဟာ နောက်ဆုတ်သွားမယ် တိုင်းပြည်ကို သူတို့လက်ထဲ ပြန်ထိန်းနိုင်မယ်လို့ ထင်ခဲ့ကြပါတယ်။

ဒါလိုဖြစ်လာဖို့ကို မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းတွေနဲ့ တခြားအာဆီယံနိုင်ငံတွေ၊ ကုလအေဂျင်စီတွေနဲ့ INGO တွေက အလိုရှိခဲ့ကြတယ်။ ဒါ့ကြောင့်မို့လို့ပဲ သူတို့ဟာ စစ်တပ်ကနေ ဒီ ယုတ်ရင့်တဲ့ အလုပ်ကို ပြီးစီးအောင် လုပ်နိုင်ချိန်အထိ ထိုင်စောင့်နေခဲ့ကြပါတယ်။ စစ်တပ်ဟာ သူ့အာဏာကို ပြန်စုစည်းလို့ မရမချင်း စောင့်ကြည့်နေမယ်၊ စစ်တပ်ဟာလျှင် အဖြေဖြစ်တယ် ဆိုတဲ့ မူနဲ့ ထိုင်စောင့်နေကြပါတယ်။ တိုင်းပြည်ကို ပြန်ပြီး ထိန်းချုပ်နိုင်ပြီဆိုတာနဲ့ အာဏာရထားတဲ့သူတွေနဲ့ အတူ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ၊ စီးပွားရေးတွေ ပြန်လုပ်ကြပြီး အာဏာရှင်လိုပဲ နေရာပြန်ယူကြဖို့ပါ။

ဒါပေမဲ့ သူတို့ထင်သလို မဖြစ်လာခဲ့ပါဘူး။ မြန်မာပြည်သူတွေဟာ ပိုပြီးနက်ရှိုင်းတဲ့သန္နိဌာန်နဲ့ ကြံ့ကြံ့ခံ ရုန်းကန်နိုင်စွမ်း ရှိပါတယ်။ ပြည်သူတွေရဲ့ တော်လှန်ရေးဟာ မညှိုးနွမ်းသွားခဲ့ဘူး။ အတွေ့အကြုံကနေ သင်ယူလာနိုင်ခဲ့ကြတယ်။ လိုအပ်တဲ့ အရင်းအမြစ်တွေကို စုစည်းနိုင်ခဲ့ကြတယ်။ တော်လှန်ရေးဘက်က စစ်အင်အားကို တဖြည်းဖြည်းနဲ့ စုစည်းလာနိုင်ခဲ့ကြတယ်။ ယူကရိန်းက ဆန့်ကျင်ခုခံတဲ့  စစ်ပွဲဗွီဒီယိုတွေကနေ လေ့လာနေတဲ့ တပ်တွေတောင် ရှိလာခဲ့တယ်။ လုပ်ငန်းပိုင်းဆိုင်ရာမှာ သုံးတဲ့ ဒရုန်းတွေကို ပြင်ဆင်ပြီး တိုက်ပွဲအတွက် ဖြည့်စွက်သုံးလာခဲ့ကြတယ်။ ဒါဟာတော်တော် ထိရောက်လာခဲ့ပြီး သင်ယူမှုကို ထိရောက်အောင် အသုံးချနိုင်လိုက်တဲ့အခါ အင်အားတွေ ဖြစ်လာတာကိုတွေ့ရတယ်။

ဒီလို တိုးတက်လာတာတွေဟာ အထက်မှာ ပြောခဲ့တဲ့ အနုတ်ပြနေတဲ့ အင်အားချိန်ခွင်လျှာဆီကို ရောက်သွားစေတယ်။ တဖြည်းဖြည်းနဲ့ တော်လှန်ရေးဟာ တစစ အင်အား ကောင်းသထက်ကောင်း လာတယ်။ ပိုပြီး ညီညွတ်မှုကို တည်ဆောက်လာနိုင်ကြတယ်။ စစ်ယူနီဖောင်းဝတ်ထားတဲ့ လူသတ်ဂိုဏ်းလို စစ်တပ်ရဲ့ ရန်ကနေ  ပြည်သူတွေ သူ့ဘာသာ ခုခံကာကွယ်ဖို့လုပ်နေရတဲ့ ဖြစ်စဉ်ထဲ တခြားနိုင်ငံတွေနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေ အနေနဲ့ ဘယ်သူကမှ ဝင်ပါဖို့ အဆင်သင့် မဖြစ်ခဲ့ကြတာကြောင့် ဒီတိုးတက်မှုတွေဟာ နှေးကွေး ခဲ့ရတယ်။
နောက်ဆုံးတော့ ငန်းနက်ဟာ မြန်မာပြည်မှာ ပေါ်လာခဲ့ပါတယ်။ ညီနောင်သုံးဖော် ‌မြောက်ပိုင်း မဟာမိတ်တပ်တွေဟာ ဂျာမန်လို“Blitzkrieg” လို့ခေါ်တဲ့ မိုးကြိုးပစ်သလို  တိုက်ခိုက်လာခဲ့တဲ့ တပ်တွေ ဖြစ်လာခဲ့တယ်။ ဒီ စစ်တပ်က အသာစီးရနေတဲ့ မျှခြေကို မိုးကြိုးခခဲ့တယ်။ တော်လှန်ရေးဘက်က အင်အားသာလာပြီဆိုတဲ့ အချိုးအကွေ့ ဆီကို ရောက်အောင် ထိုးဖောက်လာနိုင်ခဲ့ကြတယ်။ စစ်ဆင်ရေး ၁၀၂၇ ဟာ မျက်နှာစာ နှစ်ခုမှာ ဖွင့်ထားတယ်။ စစ်တပ်ဟာ အားကုန်သုံးပြီး တပ်တွေ ဖြန့်ချထားရတာ ခြေကုန်လက်ပန်း ကျနေတဲ့ လက်ရှိအချိန်မှာ အော်ပရေးရှင်း ၁၀၂၇ က ရှမ်းပြည်နယ် မြောက်ပိုင်းနဲ့ ရခိုင်လို့ခေါ်တဲ့ အာရကန်မြေပေါ်မှာ စစ်မျက်နှာ နှစ်ဖက် ဖွင့်ထားတာပါ။

အခြားသော တော်လှန်ရေးအဖွဲ့တွေကလည်း ဒီစစ်ဆင်ရေးမှာ ပူးပေါင်းပါဝင်နေကြပြီး တပြိုင်နက်တည်း ညှိနှိုင်းဆောင်ရွက်ပြီး တိုက်ခိုက်တဲ့ စစ်ဆင်ရေးမျိုးဖြစ်တာကြောင့် စစ်တပ်ဟာ ရှေ့တန်း အခြေစိုက်စခန်းများစွာကို ဆုံးရှုံးရတာ စွန့်ခွာရတာတွေကြုံနေရပြီး ခံစစ်အသွင်ဘက် ကူးပြောင်းလာနေပါတယ်။

စစ်တပ်ရဲ့ တိုက်စစ် အခြမ်း


၂၀၂၃ အကုန်မှာတွေ့ရတဲ့ ဒီအခြေအနေဟာ တိုက်ပွဲ နောက်တဆင့်ကို တက်လှမ်းလာတာ ဖြစ်ပါတယ်။ စစ်တပ်ဟာ ခံစစ်ဘက်ကိုရွှေ့ပြီး အရှုံးမခံနိုင်လို့ တိုက်နေရတဲ့အ နေအထားဖြစ်လာတယ်။ တော်လှန်ရေးဘက်က အရှိန်ရလာပြီး ထိုးစစ်နဲ့ ဖိအားပေးတာကို ပိုပြီး ထိန်းထားနိုင်တယ်။ စစ်တပ်ဟာ တဖြည်းဖြည်းနဲ့ အကျဘက်ကို ရောက်လာတယ်။ တော်လှန်ရေးသမားတွေကတော့ အတက်ဘက်ကို ရွေ့လာခဲ့တယ်။ စစ်တပ်ဟာ သူမဖြေရှင်းနိုင်တော့တဲ့ ပျော့ကွက်တွေရှိနေပြီ။

မြန်မာနိုင်ငံရဲ့ မြို့နယ်ပေါင်း ၃၃၀မှာ ၂၂၁ ခုက လက်နက်ကိုင် ပဋိပက္ခတွေဖြစ်ပွားနေပြီး နိုင်ငံရဲ့ နယ်မြေ ၆၇ ရာခိုင်နှုန်းကို လွှမ်းခြုံထားတယ်။ ဒါဟာ အားနည်းလာတဲ့ စစ်တပ်တခုအနေနဲ့ ကိုင်တွယ်ဖို့ မဖြစ်နိုင်လောက်အောင် ကျယ်ပြန့်တယ်။
တပ်ရဲ့ အဆိုးဆုံး အားနည်းချက်ကတော့ စစ်သားအင်အားလျော့လာတာဖြစ်ပြီး တိုင်းပြည် တနံတလျားမှာ တပ်တွေ ခပ်ပါးပါး နဲ့ အလွန်အကျွံ ဖြန့်ထားရတာတဲ့ အခြေအနေမှာ တပ်သားသစ်ကို စုဆောင်းနိုင်တဲ့ စွမ်းရည်လည်း မရှိတော့ပါဘူး။ တပ်ကထွက်ပြေးတာတွေနဲ့ ဘက်ပြောင်းတာတွေက ပြန်များလာပြန်ပါတယ်။ မင်းအောင်လှိုင်က လက်မခံသေးတဲ့ အမှန်တရားကို အောက်ခြေက စစ်သည်တွေနဲ့ အရာရှိတွေက ကောင်းကောင်း သိပါတယ်။ လမ်းတွေဟာ စစ်တပ်က ကားတန်းတွေအတွက် မလုံခြုံတော့ဘူး။ EROs ထိန်းချုပ်နယ်မြေတွေကို စီးနင်းဖို့ လုပ်လိုက်တဲ့အခါတိုင်းမှာ မြေပြင်တိုက်ပွဲအတွင်း စစ်တပ်ဘက်က စစ်သားတွေ သေရတာ၊ ဒဏ်ရာရတာနဲ့ အပြင်းအထန် ပြန်တိုက်တာကို ခံရတာနဲ့ အဆုံးသတ်တယ်။

အားနည်းလာတဲ့ တပ်တွေရဲ့ ရှေ့တန်းစခန်း ကတုတ်ကျင်းတွေထဲက စစ်သားတွေရဲ့ အရိုးတွေထဲကို ကြောက်စိတ်တွေဟာ စိမ့်ဝင်လာပြီဖြစ်တယ်။ စိုးရိမ်စိတ်တွေဟာ နေပြည်တော်မှာနေထိုင်တဲ့ သူတွေဆီကို ရောက်တဲ့အထိ ပျံ့နှံ့လာနေပြီ။ စိတ်ဓာတ်ကျဆင်းနေတာတွေနဲ့ ပျက်ယွင်းလာတဲ့ စိတ်အားလျော့စရာ အခြေအနေတွေကြောင့် မကြာခင်မှာပဲ စကစဟာ ပြိုကွဲတော့မှာ ဖြစ်ပါတယ်။

နောက်ပြီး စစ်တပ်ရဲ့ အားနည်းချက်တွေ ထပ်ရှိနေပါသေးတယ်။ တပ်ရဲ့ အုပ်ချုပ်နိုင်စွမ်းဟာ တိုင်းပြည်နဲ့ နေရာတော်တော်များများမှာ ပျက်ယွင်းနေပါပြီ။ စစ်တပ်က မအုပ်ချုပ်နိုင်တော့တဲ့နေရာဟာ တိုင်းပြည်နယ်မြေရဲ့ ၄၃ ရာခိုင်နှုန်းရှိပါတယ်။

ဒါက ဘာကို ပြနေသလဲဆိုရင် စစ်တပ်က နယ်မြေတွေကို လုံးဝ မအုပ်ချုပ်နိုင် ၊ ထိန်းချုပ်မထားနိုင်ဘူးဆိုတာကို ပြနေပါတယ်။ ဒါတောင် တော်လှန်ရေးတပ်တွေဘက်က နယ်မြေတွေကို သေသေချာချာ အပြည့်အဝ အုပ်ချုပ်နေနိုင်သေးတာ မဟုတ်ပါ။ စကစလက်ထဲမှာ ငွေမာတွေ နည်းလာတာ၊ ငွေကြေးဖောင်းပွမှုနှုန်းက ခုန်တက်လာတာ၊ စီးပွားရေးက ဇောက်ထိုးကျဆင်းနေတာက ပြည်သူတွေကို အလွန် နစ်နာစေတယ်။ ဒါပေမဲ့ တချိန်တည်းမှာပဲ စစ်တပ်ရဲ့ အခြေအနေကို တုံ့ပြန်နိုင်မှု စွမ်းရည်ကိုလည်း နိမ့်ပါးစေတယ်။

အခြားတဖက်မှာတော့ ပူးပေါင်းဆောင်ရွက်နေကြတဲ့ တော်လှန်ရေးသမားတပ်ဖွဲ့တွေကတော့ အချိုးအကွေ့ တစ်ခုကို ရောက်လာပြီး အင်အားပိုကြီးလာခဲ့တယ်။
အစောပိုင်းမှာ NUG က ခုခံကာကွယ်ရေးစစ်ကို ကြေညာခဲ့စဉ်က‌ ဗမာတော်လှန်ရေးတပ်တွေမှာ လက်နက်မရှိ၊ ခဲယမ်းမရှိ၊ စစ်ရေးအတွေ့အကြုံမရှိ၊  တပ်ကိုစနစ်တကျအုပ်ချုပ်ဖို့ အမိန့်စီးဆင်းပုံ စနစ်မရှိသေး။ EROs ကတော့ပိုပြီး အခြေအနေကောင်းတဲ့ အနေအထားမှာရှိတယ်။ လက်နက်နဲ့ ခဲယမ်းမီးကျောက်မှာတော့ ရုန်းကန်နေရဆဲပါ။ သူတို့မှာလည်း စစ်သားတွေ အများကြီးမရှိဘူး။ နယ်မြေခပ်သေးသေးတွေမှာပဲ လှုပ်ရှားခဲ့ကြရတယ်။ ဒါတွေဟာ ခုတော့ ပြောင်းလဲသွားခဲ့ပြီ။

တော်လှန်ရေးတပ်ဖွဲ့တွေ ‌အောင်မြင်လိုက်တဲ့ တိုက်ပွဲတစ်ခုစီတိုင်းမှာ လက်နက်နဲ့ ခဲယမ်းမီးကျောက်တွေ ထပ်သိမ်းလို့ ရပြန်တယ်။ နယ်မြေတွေ ထပ်ကျယ်လာပြန်တယ်။ နယ်ခြားထွက်ပေါက်တွေနဲ့ ကုန်သွယ်ရေး အတွက် အရေးကြီးတဲ့ လမ်းတွေကို ထိန်းချုပ်လို့ ရလာပြန်တယ်။ အခွန်အကောက် ကောက်ယူဖို့ အုပ်ချုပ်နိုင်စွမ်းတွေ တိုးမြင့်လာပြန်တယ်။
ဒီလို တဖက်ကို ထိုးနှက်လာနိုင်တဲ့အခြေအနေတွေကြောင့် စစ်တိုက်ဖို့လိုနေတဲ့ အရင်းအမြစ် တွေကိုလည်း ရလာနိုင်တဲ့ အစွမ်းအစတွေ တိုးလာပါတယ်။ ပူးပေါင်းတပ်ဖွဲ့တွေ စစ်ဆင်ရေးကာလထဲ နိုင်လိုက်တဲ့ တိုက်ပွဲတိုင်းမှာ နောက်ထပ်ပူးပေါင်းဆောင်ရွက်ဖို့ ဆန္ဒတွေလည်း တိုးပွားလာကြပါတယ်။ လက်တွဲ ဆောင်ရွက်ရာကနေ ရတဲ့ အောင်ပွဲတွေဟာ အချင်းချင်းယုံကြည်မှုတွေကိုလည်း ဖြစ်စေပါတယ်။ စစ်ရေးနဲ့ နိုင်ငံရေး မဟာမိတ်တွေကို ပိုပြီး ခိုင်မာလာစေပါတယ်။

စစ်ဆင်ရေး ၁၀၂၇ ကရတဲ့ အောင်ပွဲတွေကနေ ဖြစ်လာတဲ့ နောက်ထပ်အရေးကြီးတဲ့ အပြောင်းအလဲ တစ်ခုကိုလည်း ပြောချင်ပါသေးတယ်။ ခုတိုက်နေတဲ့ စစ်ပွဲမှာ အောင်နိုင်မည့်သူဟာ ဘယ်သူဖြစ်မလဲဆိုတာကို တွေးကြတဲ့နေရာမှာ အမြင်တွေ ပြောင်းလဲလာကြတာပါ။

စစ်တပ်ကို ဆန့်ကျင်နေကြတဲ့ မဟာမိတ်အင်အားစုတွေဟာ အနိုင်ရ နိုင်သူတွေဆိုတဲ့ ပုံရိပ်ဘက်ကို ပြောင်းလဲလာနေပါတယ်။ ဒါ့ကြောင့်လည်း မဟာမိတ်စုဖွဲ့တာက လိုလားအပ်တယ်လို့ ထင်မြင်ယူဆနိုင်ကြတဲ့ စိတ်ကူးစိတ်သန်းဖြစ်လာတယ်။ EAOs တွေကြားထဲမှာ၊ EAOs တွေနဲ့ နိုင်ငံရေးအင်အားစုတွေကြားထဲမှာ အရင်က ခြံစည်းရုံးခွထိုင် နေခဲ့တဲ့သူတွေနဲ့ တပ်နဲ့ မကောင်းတတ်လို့ ဆက်ဆံနေရတဲ့သူတွေမှာတောင် အနေအထားတွေ ပြောင်းလဲလာတာကို တွေ့နေရပါတယ်။ဒီလို ပြောင်းလဲလာသူတွေဟာလည်း ရွေးချယ်စရာတွေ ဘာရှိသလဲလို့ ပြန်ချိန်ဆနေကြပုံ ပေါ်ပါတယ်။ သူတို့ဟာလည်း ရှုံးမယ့်ဘက်မှာ နောက်ဆုံးအချိန်ထိ ဖက်တွယ်နေကြတဲ့ လူတွေအဖြစ် အမြင်ခံချင်ကြမှာမဟုတ်ပါဘူး။

လတ်တလောဖြစ်လာနိုင်သော အခင်းအကျင်း နှစ်ခု

မြန်မာစစ်တပ်ဟာ သေလောက်တဲ့ ဒဏ်ရာရထားတဲ့ သားရဲ တစ်ကောင်လို ဖြစ်‌နေပါတယ်။ အရိုင်း တိရိစ္ဆာန်ကောင်ဟာ ‌ဒေါသနဲ့ သဲသဲကွဲကွဲ မမြင်နိုင်တော့ဘဲ သူ့ကိုယ်ကို ဒဏ်ရာအနာတရဖြစ်အောင် ထပ်ထပ်လုပ်နေပါတယ်။
စစ်မြေပြင် တိုက်ပွဲတွေမှာ အနိုင်ရတဲ့ တိုက်ပွဲရယ်လို့ ထပ်မရှိနေတော့ပါဘူး။ ဆုံးရှုံးပြီးတဲ့ နယ်မြေ‌တွေကိုလည်း ပြန်လည်သိမ်းပိုက်နိုင်တာ မရှိပါ။ လာမယ့် ရက်သတ္တပတ်‌ တွေ၊ လ‌တွေမှာ နယ်မြေ‌တွေကို  သူ့ဘက်က နောက်ထပ် ထပ်မံဆုံးရှုံးရဖွယ် ရှိနေပါတယ်။ ဒါပေမဲ့ မြန်မာစစ်တပ်ဟာ ပြည်သူတွေ စားဝတ်နေရေး ဒုက္ခရောက်ပြီး လိုအပ်ချက်ကြီးမားတဲ့ ကပ်ဘေး‌တွေ ပေါ်ပေါက်လာအောင် လုပ်ဆောင်နိုင်နေဆဲ ဖြစ်ပါတယ်။
ဒါတွေက  အနာဂတ်မြန်မာပြည်အရေးမှာ ယခုအချိန်ကစပြီး  ဖြစ်လာနိုင်တဲ့ အခင်းအကျင်း နှစ်ခုဆီကို တွန်းပို့နေပါတယ်။ အခုကစ ဒီနှစ်ခုထဲမှာ ဘယ်လမ်းက တကယ် ဖြစ်လာမယ်ဆိုတာကို ကြိုတင် မခန့်မှန်းနိုင်‌ သေးပါဘူး။

ပထမ ဖြစ်နိုင်ခြေက စကစဟာ နောက်ထပ် ခြောက်လကနေ ရှစ်လအတွင်းပြိုကျသွားနိုင်တာပါ။  ဒါပေမဲ့ ဒုတိယ ဖြစ်နိုင်ခြေတစ်ခုလည်း ရှိနေပါသေးတယ်။ အဲဒီတစ်ခုက စကစ အ‌ေနနဲ့ ဆုံးရှုံးခဲ့ပြီး ရှမ်းပြည်မြောက်ပိုင်း၊ စစ်ကိုင်းရှိ နယ်မြေများ၊ ချင်းနဲ့ ကရင်နီတို့မှာရှိတဲ့  တော်လှန်ရေးသမား တွေ လက်အောက်ကျရောက်ခဲ့ပြီးဖြစ်တဲ့ နယ်မြေများ၊  ရခိုင့်တပ်တော် (AA)  နှင့် ကရင်အမျိုးသား အစည်းအရုံး( KNU )တို့ကိုပေးလိုက်ရတဲ့ နယ်မြေ‌ တွေကို လက်လျှော့လိုက်ပြီး ပြည်သူကို ရက်စက်မယ့်အကြံနဲ့  လူသားပေါင်းများစွာကို ညှဥ်းပန်းနှိပ်စက်တာကိုလည်း လုပ်လာနိုင်ပါတယ်။ ကရင်နီ၊ကရင်၊ ချင်းနဲ့ ရခိုင်ပြည်နယ်၊ စစ်ကိုင်းနဲ့ မကွေးတို့မှာ ပြည်သူလူထုဘဝကို များစွာ ဖျက်ဆီးပစ်ပြီး စစ်ပွဲတွင် မအောင်နိုင်တာကို ရှုံးမဲ မဲလာနိုင်ပါတယ်။ စစ်ပွဲအောင်နိုင်ပြီး နယ်မြေပြန်လည် ရရှိဆိုတာထက် မြို့ပြရော ကျေးလက်မှာပါ အရပ်သား ပြည်သူ‌တွေ အတိဒုက္ခ ရောက်စေအောင်လုပ်ဖို့ ဖြစ်ပါတယ်။

စစ်တပ်ဟာ နယ်စွန်နယ်ဖျားကို လက်လွှတ်ရတာကို ပြန်မသိမ်းဘဲ လက်လျှော့လိုက်ပြီး မြို့ပြရပ်ရွာတွေနဲ့ မြေပြန့်ဒေသတွေမှာ ခံတပ်စခန်း‌တွေ တည်ဆောက်လာနိုင်ပါတယ်။ ကြားခံနယ်တွေမှာ လည်း အရပ်သားပစ်မှတ်‌ တွေကို ထိခိုက်ပျက်စီးစေမှုတွေ တိုးမြှင့်ဆောင်ရွက် နိုင်ပါတယ်။ ဒီဒေသတွေမှာ မြေပြင်ကိုရော ဝေဟင်ကပါ အင်အား သုံးလာနိုင်ပါတယ်။ ရုရှားတပ်တွေ လုပ်ခဲ့တဲ့ ပုံစံအတိုင်း  အရှေ့ယူကရိန်းဘက်မှာ ခြေကုတ်စခန်းများ မြဲမြံစွာထားစေပြီး ယူကရိန်း အနောက်ပိုင်းမှာ အရပ်သားပစ်မှတ်‌ တွေကို မနားတမ်းရှာဖွေပြီး လက်နက်ထိမှန်စေတဲ့နည်းကို မြန်မာစစ်တပ်က ပုံတူယူနိုင်ပါတယ်။ ယူကရိန်းကို သိမ်းယူဖို့ကြိုးစားတဲ့ စစ်ဆင်ရေးတွေမှာ ရုရှား‌ တွေဟာ အများကြီး အခြေအနေမကောင်းလှပါဘူး။ ဒါပေမဲ့ ထိုးစစ်ကနေ ခံစစ်ကို ပြောင်းလာချိန်မှာတောင် အရပ်သားပစ်မှတ်ကို တမင်ဒုက္ခပေးကြပါတယ်။ လက်နက်ကြီးတွေ၊ လောင်ချာတွေနဲ့ ဒရုန်းတွေသုံးပြီးတော့ အရပ်သားပစ်မှတ်တွေကို တရစပ်ပစ်ကြရာမှာ ယူကရိန်းတွေက ပြန်၍ ထိုးစစ်ဆင်နိုင်လိမ့်မယ်လို့ မျှော်လင့်ထားခဲ့ကြပေမယ့် ဖြစ်မလာဘဲ ပြည်သူတွေ အဆုံးအရှုံး များလွန်းတဲ့အတွက်ကြောင့် ယူကရိန်းတပ်‌တွေဟာ စိတ်ဓာတ်ကျပြီး နှေးကွေး သွားခဲ့ပါတယ်။
ဒီလို အဖြစ်အပျက်မျိုးဟာ မြန်မာပြည်မှာလည်း ဖြစ််နိုင်ပါတယ်။ တကယ်လို့  ဖြစ်ပေါ်လာခဲ့ရင်လည်း စကစဟာ တိုင်းပြည်ကို ပြန်ပြီး ထိန်းချုပ်နိုင်တဲ့ အထိ‌ တော့ ဖြစ်လာနိုင်မှာ မဟုတ်ပါ။ ဒါပေမဲ့ ဒီအခြေအနေမှာ  ရှေ့မတိုးနောက်မဆုတ်သာ ပိတ်မိတဲ့ အခြေအနေတစ်ခုကို ရောက်ရှိသွားနိုင်ပါတယ်။ တော်လှန်ရေးဘက်မှာ ပါဝင်သူတိုင်း ထိုးစစ်တစ်ခုကို လုပ်တိုင်းလုပ်တိုင်း ထိခိုက်နိုင်ခြေကို အသေအချာ တွက်ချက်ပြီးမှ ဆောင်ရွက်ရဲတဲ့  အနေအထားမျိုးကို ရောက်ရှိသွားနိုင်ပြီး ပြည်သူကို ငဲ့ရတာတွေ ဖြစ်လာနိုင်ပါတယ်။ အရပ်သား ပျက်စီးဆုံးရှုံးမှု ဘယ်လောက်အထိ ထွက်ပေါ်လာနိုင်သလဲဆိုတဲ့ အချက်ကို အမြဲတမ်းထည့်တွက်နေကြရပါမယ်။ တကယ်လို့ ဒီအခြေအနေမျိုး ဖြစ်လာခဲ့ရင် လက်ရှိရထားတဲ့ အောင်မြင်မှုတွေရှိနေပေမယ့် စစ်ဘေး အထိအခိုက်တွေကြောင့် တဖက်မှာလည်း စိတ်အားတက်နိုင်ဖို့ ခက်ခဲကြပါလိမ့်မယ်။

စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

အပိုင်း(၁) – https://bur.mizzima.com/2023/12/26/10429

အပိုင်း (၂) – https://bur.mizzima.com/2023/12/27/10442

အပိုင်း (၃) – https://bur.mizzima.com/2023/12/28/10562

အပိုင်း (၄) − https://bur.mizzima.com/2023/12/29/10685

အပိုင်း (၅) − https://bur.mizzima.com/2023/12/30/10798