ပုဏ္ဏားကျွန်းမြို့ကို သိမ်းပိုက်နိုင်ပြီဟု AA ကြေညာ၊ AA သိမ်းပိုက်နိုင်သည့် ၇ ခုမြောက်မြို့ ဖြစ်လာ

မဇ္ဈိမ

ရခိုင်ပြည်နယ်၊ စစ်တွေ- ရန်ကုန် အဝေးပြေး ကားလမ်းမပေါ်ရှိ ပုဏ္ဏားကျွန်းမြို့ကို မတ်လ ၄ ရက်နေ့တွင် အပြီးသတ် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ရက္ခိုင့်တပ်တော် (AA) က ယနေ့တွင် တရားဝင်ကြေညာလိုက်သည်။

ပုဏ္ဏားကျွန်းမြို့ရှိ တခုတည်းသော လက်ကျန် စစ်ကောင်စီတပ်ရင်းဖြစ်သည့် ခမရ (၅၅၀) အား ရက္ခိုင့်တပ်တော်မှ စစ်ကောင်စီ၏ ကြည်း၊ ရေ၊ လေ တပ်များပေါင်းပြီး အပြင်းအထန်ခုခံနေသည့်ကြားက အပြီးသတ် တိုက်ခိုက် သိမ်းပိုက် နိုင်ခဲ့ခြင်း ဖြစ်သည်။

ပြည်နယ်အဆင့် စစ်ကောင်စီ ရုံးစိုက်ရာ မြို့တော် စစ်တွေနှင့် မိုင် ၂၀ ခန့်သာ ဝေးကွာသည့် ပုဏ္ဏားကျွန်းမြို့သည် စစ်ကောင်စီကင်းစင် နယ်မြေဖြစ်သွားပြီး AA သိမ်းပိုက်နိုင်သည့် ခုနစ်ခုမြောက် မြို့ဖြစ်လာသည်။

ရက္ခိုင့်တပ်တော် (AA) သည် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ၁၃ ရက်နေ့မှစ၍ ဒေသတွင်းရှိ စစ်ကောင်စီတပ်များကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ လက်ရှိမှာ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပေါက်တောနှင့် ချင်းပြည်နယ် ပလက်ဝမြို့တို့ကို သိမ်းပိုက်ထိန်းချုပ်ထားသည်။

ထို့ပြင် ရခိုင်မြောက်ပိုင်းက ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ရမ်းဗြဲနှင့် ကျောက်ဖြူမြို့တို့တွင် ရက္ခိုင့်တပ်တော်၏ ထိုးစစ်များ ဆက်ရှိနေပြီး တိုက်ပွဲများ ပြင်းထန်နေသည်။

စာတည်း။ ။ နောင်နောင်