မြောက်ဦးတွင် စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် စစ်ဘေးရှောင်ကလေးငယ် ၃ ဦးအပါအဝင် ၄ ဦးသေဆုံး

ဓါတု

(မဇ္ဈိမ)။ ။ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့တွင် စစ်ကောင်စီတပ်၏ပစ်ခတ်မှုများကြောင့် ဓမ္မာရုံအတွင်းရှိ စစ်ဘေးရှောင်ကလေးငယ် သုံးဦးအပါအဝင် စုစုပေါင်း လေးဦးသေဆုံးပြီး လေးဦး ဒဏ်ရာရကြောင်း ဒေသခံများထံ သိရသည်။

ယမန်နေ့ ဒီဇင်ဘာလ ၂၆ ရက် ည ၇ နာရီခန့်တွင် စစ်ကောင်စီတပ်က ပစ်ခတ်ရာ ၅၁ နှစ်အရွယ် ဒေါ်စိန်ဝါနု ဆိုသူနှင့် ကလေးငယ် သုံးဦးတို့ ထိမှန်သေဆုံးခြင်း ဖြစ်သည်။

“မနေ့က တညလုံးတော့ ထိတွေ့တိုက်ပွဲဖြစ်တယ်။ စစ်ကောင်စီ လက်နက်ကြီးနဲ့ပစ်လို့ ဘုရားပေါ်စစ်ရှောင်စခန်းမှာကျပြီး ခလေးငယ်တွေထိခိုက်ဒဏ်ရာရ သေဆုံးတာတွေရှိပါတယ်။ ဒီနေ့မနက်ပိုင်းတော့ ငြိမ်နေတယ်၊ မြို့မှာကျန်ခဲ့တဲ့လူတွေကတော့ ထွက်သွားဖို့ လုပ်နေကြတယ်”ဟုမြောက်ဦးမြို့ခံ တဦးက မဇ္စျိမကိုပြောသည်။

စစ်ကောင်စီတပ်သည် ဘုရားပေါ် ဘုန်းကြီးကျောင်းဝန်းထဲရှိ ဓမ္မာရုံအတွင်း ခေတ္တခိုလှုံနေသောစစ်ဘေးရှောင်ပြည်သူများအား ယမန်နေ့ ဒီဇင်ဘာလ ၂၆ ရက် ည ၇ နာရီတွင် လက်နက်ကြီးများအပြင် ဝေဟင်မှ ဒရုန်းဖြင့် လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ရက္ခိုင့်တပ်တော်(AA)မှ ယနေ့နံနက်အစောပ်ိုင်းတွင် ထုတ်ပြန်ထားသည်။

အဆိုပါမြောက်ဦးမြို့တွင် ယမန်နေ့က နှစ်ဖက်တိုက်ပွဲပြင်းထန်နေသော်လည်း စစ်ကောင်စီတပ်သည် စစ်ရေးပစ်မှတ်မဟုတ်သည့် မြို့ပေါ်ရပ်ကွက်များကိုပါ ပစ်မှတ်ထားတိုက်ခိုက်နေကြောင်း ဒေသခံများကဆိုသည်။

စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ခမရ (၃၇၇)နှင့် မြောက်ဦးမြို့ အခြေစိုက် အမှတ်(၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်-စကခ(၉) တို့က မြောက်ဦးမြို့အား ယမန်နေ့ဒီဇင်ဘာလ ၂၆ ရက် နံနက် ၁၀ နာရီ မိနစ် ၃၀ အချိန်ခန့်မှစ၍ ည ၁၀ နာရီကျော်သည်အထိ လက်နက်ကြီးများဖြင့်လည်း တနေကုန်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း AA ၏ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

လေကြောင်းပစ်ခတ်မှုအပြင် အဆိုပါလက်နက်ကြီးများ ပစ်ခတ်မှုများအနက် ကျည်တလုံးသည် ဆင်ချဆိပ်ရပ်ကွက်သို့ ကျရောက်ပေါက်ကွဲခဲ့သဖြင့် စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးမောင်ဘုမှာ လမ်းပေါ်တွင်သေဆုံးခဲ့ကြောင်း ဒေသခံများထံသိရသည်။

ထို့ကြောင့် မြောက်ဦးမြို့အား စစ်ကောင်စီမှ သုံးရက်တာကာလအတွင်း အရပ်သားများရှိရာရပ်ကွက်နှင့် ကျေးရွာများသို့ နေ့စဥ်ပစ်ခတ်တိုက်ခိုက်နေမှုကြောင့် မြောက်ဦးဒေသခံ ကိုးဦး သေဆုံးခဲ့ရကာ ၁၆ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း AA မှ တဆက်တည်းထုတ်ပြန်ထားသည်။

စစ်ကောင်စီ၏ပစ်ခတ်မှုများကြောင့် မြောက်ဦးမြို့တွင် နေအိမ်အဆောက်အအုံ အလုံး ၂၀ ထက်မနည်းပျက်စီးခဲ့၍ ပြီးခဲ့သည့်ဒီဇင်ဘာ ၂၅ ရက် နံနက် ၆ နာရီဝန်းကျင်က စစ်ကောင်စီ၏ မြောက်ဦးမြို့အခြေစိုက်( ၅၄၀ )တပ်ရင်းနှင့် ( ၃၇၇ )တပ်ရင်းတို့က ပစ်ခတ်ခဲ့သည့် လက်နက်ကြီး ကျည်သည် မြောက်ဦးယဉ်ကျေးမှု ပြတိုက်ကို ထိမှန်ပြီးအဆောက်အအုံနှင့် ရှေးဟောင်းကျောက်စာများ ပျက်စီးခဲ့ကြောင်း ဒေသခံများ၏ပြောကြားချက်အရ သိရသည်။

စာတည်း- သန့်ဇော်(သန်လျင်)