ရေဦးမြို့အဝင် စစ်​ကောင်စီတပ် စစ်ဆေးရေးဂိတ် ဒရုန်းဖြင့် တိုက်ခိုက်ခံရ

008

(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ ရေဦးမြို့အဝင်ရှိ ရွှေကျီးမင်း စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်ကို ဒီဇင်ဘာ ၂၆ရက်၊ ညနေ ၅နာရီက ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ကြောင်း ရွှေဘိုခရိုင် အမှတ်( ၁၄ )တပ်ရင်း တာဝန်ရှိသူက ပြောသည်။

အင်အား ၂၀ကျော်ရှိသည့် ရွှေကျီးမင်းဂိတ်ကို ဗုံးသီး သုံးလုံးချတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ရှစ်ဦးခန့် ဒဏ်ရာရရှိခဲ့​ပြီး သေဆုံးသူရှိ မရှိကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

“ရေဦးမြို့အဝင်ဂိတ်ဖြစ်တဲ့ ရွှေကျီးမင်းဂိတ်မှာ စကစတပ်သားတွေ Jammer လာရောက်တပ်ဆင်မယ်လို့ သတင်းရရှိတဲ့အတွက် ကျွန်တော်တို့ ရွှေဘိုခရိုင် အမှတ်(၁၄)တပ်ရင်းက Fixed Wings Droneနဲ့ တိုက်ခိုက်ခဲ့တယ်။”ဟု ရွှေဘိုခရိုင် အမှတ်( ၁၄ )တပ်ရင်း တာဝန်ရှိသူကပြောသည်။

ထိုသို့ တိုက်ခိုက်ခံရပြီးနောက် ရွှေကျီးမင်းဂိတ်တွင် ယနေ့ ဒီဇင်ဘာ ၂၇ရက်၊ နံနက် ၆နာရီခန့်၌ စစ်ကောင်စီတပ်ဖွဲ့ အင်အား ၁၅ဦးခန့် ထပ်မံရောက်ရှိနေ​ပြီး အစစ်အဆေးတင်းကျပ်နေကြောင်း သိရသည်။

အဆိုပါရွှေကျီးမင်းဂိတ်သည် ရေဦးမြို့ကို ဖြတ်သန်းသွားလာနေသည့် ခရီးသည်တင်ကားများနှင့် ခရီးသွားပြည်သူများကို အနိုင်ကျင့် စစ်ဆေးဖမ်းဆီး ငွေတောင်းနေသော ဂိတ်ဖြစ်​ပြီး ရေဦးမြို့နယ် အနောက်ခြမ်းကျေးရွာများတွင် စစ်ကြောင်းထိုးရာ၌လည်း ပူးပေါင်းပါဝင်ခဲ့သော အဖွဲ့ဖြစ်ကြောင်းသိရသည်။

စာတည်း – သန့်ဇော်(သန်လျင်)