NLD ပါတီ နာယကကြီး သူရဦးတင်ဦး၏ ကျန်းမာရေး တိုးတက်

ပုံအညွှန်း- NLD ပါတီ နာယကကြီး သူရဦးတင်ဦးကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရန်ကုန်ရှိ သူရဦးတင်ဦး၏ နေအိမ်သို့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့ လာရောက်တွေ့ဆုံစဉ် (Photo- AFP)

ပုံအညွှန်း- NLD ပါတီ နာယကကြီး သူရဦးတင်ဦးကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရန်ကုန်ရှိ သူရဦးတင်ဦး၏ နေအိမ်သို့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့ လာရောက်တွေ့ဆုံစဉ် (Photo- AFP)

(မဇ္ဈိမ)

ရန်ကုန်ပြည်သူ့ဆေးရုံကြီး အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူနေသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ နာယကကြီး သူရဦးတင်ဦး၏ ကျန်းမာရေးတိုးတက်လာကြောင်း ဦးတင်ဦးနှင့် နီးစပ်သူများက ‌ယနေ့ (မေ ၃၁ ရက်) မွန်းလွဲပိုင်းတွင် မဇ္ဈိမကို ပြောသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်ကိုလည်း ထမ်းဆောင်ခဲ့ဖူးသည့် သူရဦးတင်ဦး၏ ကျန်းမာရေးမှာ အနည်းငယ်ချို့ယွင်းလာသဖြင့် မေ ၂၉ ရက်ညပိုင်းတွင် ရန်ကုန်ပြည်သူ့ ‌ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရသည်။

ယင်းနောက် မေ ၃၀ ရက်နေ့တွင် အထူးကြပ်မတ် ကုသဆောင်သို့ ‌ပြောင်းရွှေ့ကာ ကုသမှုခံယူနေခြင်း ဖြစ်သည်။

“ဘဘတော်တော်သက်သာလာပြီ။ လောလောဆယ်တော့ အထူးကြပ်မတ်ကုသဆောင်မှာပဲ ရှိသေးတယ်။ မနေ့ကထက်စာရင် တော်တော်သက်သာလာပြီ”ဟု ဦးတင်ဦးနှင့် နီးစပ်သူတဦးက မေ ၃၁ ရက် မွန်းလွဲပိုင်းတွင် ‌ပြောသည်။

၁၉၈၉ ခုနစ် ဒီဇင်ဘာလအထိ တနှစ်ကြာ NLD ပါတီ ဥက္ကဌအဖြစ် ထမ်းဆောင်ခဲ့သော သူရဦးတင်ဦးသည် ၂၀၁၇ ခုနှစ်တွင် ရန်ကင်းနေအိမ်ရှိ ရေချိုးခန်း၌ ချော်လဲသည့်ဒဏ်ကြောင့် ပုံမှန်ကျန်းမာရေး စောင့်ရှောက်မှုများကို ခံယူနေရသည်။

မေ ၃၀ ရက် ညပိုင်းတွင် ကုသမှုခံယူနေသည့် ဦးတင်ဦးမှာ ကွယ်လွန်သွားသည်ဟု လူမှုကွန်ရက်စာမျက်နှာအချို့တွင် သတင်းများ ပျံ့နှံ့ခဲ့သေးသည်။

သူရဦးတင်ဦးမှာ ၁၉၇၄ ခုနှစ် မတ်လမှ ၁၉၇၆ ခုနှစ် မတ်လအထိ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် တာဝန်ကို ထမ်းဆောင်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ NLD ပါတီကို ဦးဆောင်တည်ထောင်သူများတွင် တဦး အပါအဝင် ဖြစ်သည်။

စာတည်း။ ။ နောင်နောင်