လက်နက်အပြည့်အစုံဖြင့် CDM ပြုလုပ်လာသည့် ဒုတပ်ကြပ်ကို ကျပ်သိန်း ၁၀၀ ချီးမြှင့်

ပုံအညွှန်း-CDM ဝင်လာသည့် ဒုတပ်ကြပ် နှင့် ပုလဲ(ပအဖ) တာဝန်ခံ၊ ပုံ-ပုလဲ(ပအဖ)

လွှမ်းမိုး

ချင်းပြည်နယ်၊ တီးတိန်မြို့အခြေစိုက် ခလရ(၂၆၉)မှ ဒုတပ်ကြပ်ဝေလင်းသည် ပြည်သူ့အုပ်ချုပ် ရေးအဖွဲ့များနှင့်ချိတ်ဆက်ကာ လက်နက်အပြည့်အစုံဖြင့် CDM ပြုလုပ်လာသဖြင့် ကျပ် သိန်း ၁၀၀ ချီးမြှင့် ခဲ့ကြောင်း ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

ဒုတပ်ကြပ်ဝေလင်းသည် ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့်ချိတ်ဆက် ၍ CDM ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ပုလဲမြို့နယ်(ပ.အ.ဖ)ထံမှ သိရသည်။

“အရင်က တီးတိန်ဘက်မှာ CDM လုပ်ခဲ့တဲ့ တပ်သားတဦးနဲ့ချိတ်ဆက်ပြီး လုံခြုံရေးတာဝန်ကျတဲ့အချိန်မှာ ထွက်ပြေးခဲ့တာ ဖြစ်ပါတယ်။ သေနတ်ရောပါလာတဲ့အတွက် တပတ်ကျော်လောက်ကတည်းက ကြိုတင် ချိတ်ဆက်ပြီး ထွက်လာခဲ့ရတာဖြစ်ပါတယ်။ ထွက်လာတဲ့လမ်းကြောင်းမှာလည်း ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့တွေ၊ ကာကွယ်ရေးအဖွဲ့တွေရဲ့အကူအညီနဲ့ အဆင်ပြေချောမွေ့ခဲ့တယ်။ ရောက်တော့လည်း ဝိုင်းဝန်း ကြိုဆိုကြတဲ့ အတွက်ဝမ်းမြောက်မိတယ်” ဟု CDM ဒုတပ်ကြပ်ဝေလင်းက ဆိုသည်။

ဒုတပ်ကြပ်ဝေလင်းသည် MA3 တလက်၊ ကျည်ဘောက် ငါးခု၊ ကျည် ၁၅၀ တောင့်၊ ၄၀ မမ ဗုံးသီး ၁၀ လုံး နှင့် လက်ပစ်ဗုံးတလုံးတို့ဖြင့် CDM ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း ပုလဲ(ပ.အ.ဖ) ထံမှ သိရသည်။

ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေဖြင့် CDM ဝင်ရောက်လာသည့်ဒုတပ်ကြပ်ကို ကျပ်သိန်း ၁၀၀ ဆုချီးမြှင့်ခဲ့ပြီး နေရေးထိုင်ရေးကအစ စီစဉ်ပေးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် အမြန်ဆုံး ပြည်သူ့ရင်ခွင်ခိုလုံပြီး CDM ပြုလုပ်ကြရန်နှင့် CDM ပြုလုပ် လာသူများကိုလည်း နေရေးထိုင်ရေး အဆင်ပြေချောမွေ့အောင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပုလဲမြို့နယ် ပ.အ.ဖ က တိုက်တွန်းထားသည်။

ဇွန်လအတွင်းကလည်း တီးတိန်အခြေစိုက် ခလရ(၂၆၉)မှ တပ်သားတဦး လက်နက်အပြည့်အစုံဖြင့် ပုလဲ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့်ချိတ်ဆက်ကာ CDM ပြုလုပ်ခဲ့ကြောင်း ပုလဲမြို့နယ် (ပအဖ) တာဝန်ခံ ကိုဇော်ထက်ထံမှ သိရသည်။

စာတည်း။ ။စောဖေ