ငါန်းဇွန် ထန်းတပင်ရွာကို စစ်ကောင်စီစစ်ကြောင်းထိုး၊ ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်

ဓါတု

မန္တလေးတိုင်း၊ငါန်းဇွန်မြို့နယ်၊ထန်းတပင်ကျေးရွာကို စစ်ကောင်စီတပ်က ဝင်ရောက်စစ်ကြောင်းထိုးနေပြီး အရပ်သားနှစ်ဦးအား PDFဟု စွပ်စွဲကာ ဖမ်းဆီးထားကြောင်း ဒေသခံများထံသိရသည်။

ထန်းတပင်ကျေးရွာမှ ကိုအောင်မြင့်ထွန်း(ခ)ကိုထွန်းတောက်နှင့် ကိုကျော်မင်းသူတို့ကို ယမန်နေ့ ဒီဇင်ဘာလ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီက ဖမ်းဆီးခြင်းဟုသိရသည်။ ၎င်းတို့နှစ်ဦးသည် PDF များမဟုတ်ကြောင်း ဒေသခံများနှင့် ငါန်းဇွန်မြို့နယ်ပကဖက ပြောသည်။

ငါန်းဇွန်မြို့နယ်ပကဖမှ တာဝန်ရှိသူတဦးက ” ဖမ်းသွားတဲ့ နှစ်ယောက်ကလည်း PDF တွေမဟုတ်ဘူး။ရိုးရိုးအရပ်သားတွေ” ဟု ဆိုသည်။

စစ်ကောင်စီနှင့်ပျူစောထီးပူးပေါင်းတပ်ဖွဲ့သည် ကိုအောင်မြင့်ထွန်းနှင့် ကိုကျော်မင်းသူအပြင် ထန်းတပင်ကျေးရွာမှ ကလေးငယ်များ၊ သက်ကြီးရွယ်အိုများအပါအဝင် ဒေသခံ ၅၀ ကျော်အား ဖမ်းဆီးရိုက်နှက်စစ်ဆေးခဲ့ကြောင်း သိရသည်။ကိုအောင်မြင့်ထွန်းတို့နှစ်ဦးကို ပြန်မလွှတ်ဘဲ ငါန်းဇွန်မြို့ပေါ် သို့ပို့ဆောင်လိုက်ပြီး ကျန်သူများကို ယင်းနေ့ ညနေ ၆ နာရီတွင် ပြန်လွှတ်ပေးခဲ့ကြောင်း ဒေသခံတဦးကမဇ္စျိမကို​ပြောသည်။

“မနေ့မနက်က ရွာထဲမွေးကင်းစကလေးရော၊မီးနေသည်တွေ၊သက်ကြီးပိုင်းတွေရောအကုန်နီးပါး ဖမ်းတာ။ ရိုက်နှက်တာတွေလည်းရှိတယ်။ညနေမိုးချုပ်ကျပြန်လွှတ်ပေးလိုက်တယ်။ရွာသူရွာသားတွေကို PDF လည်းမဟုတ်ဘဲ PDF လို့စွပ်စွဲပြီး အတင်းဝန်ခံခိုင်းပြီးရိုက်နှက်တာပါ။ရွာသားနှစ်ယောက်ကိုတော့ ဆက်ဖမ်းထားတာ”ဟု၎င်းကပြောသည်။

ထို့အပြင် ရွာထဲရှိနေအိမ်များမှ မြေပဲဆီပုံးများ၊ဆန်အိတ်များနှင့်ထော်လာဂျီတစီးကိုလည်း စစ်ကောင်စီတပ်ဖွဲ့က ယူဆောင်သွားကြောင်းသိရသည်။

လတ်တလောတွင် စစ်ကောင်စီက တပ်စွဲထား၍ ထန်းတပင်ကျေးရွာမှ ဒေသခံများသည် ယနေ့ ဒီဇင်ဘာလ ၂၈ရက် နံနက်မှစ၍ ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရသည်။ထန်းတပင်ကျေးရွာတွင် အိမ်ခြေ ၂၅၇ လုံးနှင့် လူဦးရေ ၁,၀၀၀ခန့်ရှိသည်။

ထန်းတပင်ကျေးရွာအနီးတဝိုက်တွင် စစ်ကောင်စီစစ်ကြောင်းအချို့ ပြောက်ကျားတိုက်ခိုက်ခံရမှုများရှိခြင်းကြောင့် ဒေသခံများအား ကာကွယ်ရေးတပ်ဖွဲ့ဝင်များဟု စွပ်စွဲဖမ်းဆီးခြင်းဖြစ်ကြောင်း ငါန်းဇွန်မြို့နယ်ပကဖက ပြောသည်။

ထန်းတပင်ကျေးရွာအနီးတွင် ပြီးခဲ့သည့်အောက်တိုဘာလ ၂၄ ရက်နေ့ကလည်း ကာကွယ်ရေးတပ်ဖွဲ့၏ တိုက်ခိုက်ခံရပြီးနောက် ဒေသခံသားအဖနှစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးသတ်ဖြတ်ခဲ့‌ကြောင်းသိရသည်။

စာတည်း – အေးချမ်း