အစ္စရေးနှင့် ပါလက်စတိုင်း ဆိုတာ ဘာတွေလဲ၊ သူတို့ ဘာကြောင့် တိုက်ခိုက်နေကြသလဲ

VOX    

အစ္စရေးသည် ကမ္ဘာ့တခုတည်းသော ဂျူးနိုင်ငံ ဖြစ်ပြီး မြေထဲပင်လယ်၏ အရှေ့ဘက်တွင် တည်ရှိသည်။ ပါလက်စတိုင်းများသည် လက်ရှိ အစ္စရေးထိန်းချုပ်သော နယ်မြေ ဇာတိဖြစ်သည့် အာရပ်များဖြစ်ပြီး ၎င်းတို့သည် နယ်မြေကို ပါလက်စတိုင်းဟု ရည်ညွှန်းကာ အဆိုပါ တူညီသည့် နယ်မြေ၏ အားလုံး သို့မဟုတ် တစိတ်တပိုင်းတွင် ထိုအမည်ဖြင့် နိုင်ငံတခု ထူထောင်ရန် ဆန္ဒရှိသည်။ အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခသည် မည်သည့်နယ်မြေကို မည်သူက ရသည်နှင့် ယင်းကို မည်သို့မည်ပုံ ထိန်းချုပ်သလဲ ဆိုသည်နှင့် ပတ်သက်သည်။

နယ်မြေသည် နှစ်ပေါင်းထောင်ချီကြာကတည်းက ၎င်းတို့၏ မြေဖြစ်ကြောင်း ဂျူးများရော၊ အာရပ် မွတ်စလင်များရောက အပြိုင်ပြောဆိုနေကြသော်လည်း လက်ရှိ နိုင်ငံရေး ပဋိပက္ခသည် ၂၀ ရာစု အစပိုင်းက စတင်သည်။ ဥရောပတွင် ဖိစီးနှိပ်စက်မှုကြောင့် ထွက်ပြေးလာကြသည့် ဂျူးလူမျိုးများသည် အော်တိုမန် အင်ပါယာနှင့် နောက်ပိုင်း ဗြိတိသျှ အင်ပါယာရှိ ထိုစဉ်က အာရပ်နှင့် မွတ်စလင် အများစု နယ်မြေတခု ဖြစ်သော နေရာတွင် ဇာတိဒေသနိုင်ငံတခု ထူထောင်ချင်ခဲ့သည်။

ယင်းကို အာရပ်များက ဆန့်ကျင်ခဲ့ပြီး နယ်မြေသည် အမှန်အားဖြင့် ၎င်းတို့မြေအဖြစ် ရှုမြင်ခဲ့သည်။ အုပ်စု(အစုအဖွဲ့) တခုစီကို နယ်မြေ၏ တစိတ်တပိုင်းစီ ပေးမည့် ကုလသမဂ္ဂ၏ အစောပိုင်း အစီအစဉ်တရပ် အထမမြောက် မအောင်မမြင် ဖြစ်ခဲ့ပြီး နယ်မြေနှင့်ပတ်သက်ပြီး အစ္စရေးနှင့် ဝန်းကျင်အာရပ်နိုင်ငံများ နှစ်တချို့ကြာ စစ်ပွဲများ တိုက်ခဲ့ကြသည်။ ယနေ့အချိန်ကာလ ပုံသဏ္ဍာန်များက ၁၉၄၈ ခုနှစ်တွင် တကြိမ်၊ ထို့နောက် ၁၉၆၇ ခုနှစ်တွင် တကြိမ်၊ ဖြစ်ခဲ့သည့် စစ်ပွဲနှစ်ခု၏ ရလဒ်များကို အဓိကအားဖြင့် ထင်ဟပ်နေသည်။

အထူးသဖြင့် ၁၉၆၇ စစ်ပွဲက ယနေ့ကာလ ပဋိပက္ခအတွက် အရေးပါပြီး ထိုစစ်ပွဲအပြီးတွင် အစ္စရေးသည် အနောက်ဘက်ကမ်းနှင့် ဂါဇာကမ်းမြှောင်တို့ကို ထိန်းချုပ်နိုင်ခဲ့သည်။ ထိုနယ်မြေနှစ်ခုသည် ပါလက်စတိုင်း အများအပြား နေထိုင်ရာ နေရာများဖြစ်သည်။

ယနေ့အချိန်တွင် အနောက်ဘက်ကမ်းဒေသသည် အမည်ခံအားဖြင့် ပါလက်စတိုင်း အာဏာပိုင်အဖွဲ့က ထိန်းချုပ်သည် ဆိုသော်လည်း ယင်းသည် အစ္စရေး၏ သိမ်းပိုက်မှုအောက် ကျရောက်နေသည်။ ယင်းသည် အစ္စရေး စစ်သားများ၏ ပုံစံသွင်ပြင်အားဖြင့် ဖြစ်ပြီး အစ္စရေးစစ်သားများက အစ္စရေး “အခြေချနေထိုင်သူများ” နှင့် ပါလက်စတိုင်း လှုပ်ရှားသွားလာမှုနှင့် လုပ်ဆောင်မှုများအပေါ် လုံခြုံရေးဆိုင်ရာ ကန့်သတ်မှုများကို အာဏာတည်စေသည်။ ဂျူးများက အနောက်ဘက်ကမ်းဒေသတွင် လူအစုများကို အမြဲချဲ့ထွင်တည်ဆောက်နေပြီး ယင်းက စင်စစ်အားဖြင့် နယ်မြေတွင် ပါလက်စတိုင်းများကို ပိတ်ပင်ရာရောက်သည်။ ဂါဇာကို အစ္စလမ္မစ် စစ်သွေးကြွအဖွဲ့တခုဖြစ်သည့် ဟားမတ်စ်တို့က ထိန်းချုပ်သည်။ ၂၀၀၇ ခုနှစ်က ဟားမတ်စ် ထိန်းချုပ်ပြီးနောက်ပိုင်း ဂါဇာသည် အစ္စရေး၏ ပိတ်ဆို့မှုအောက် ရောက်ရှိနေခဲ့သည်။ အခြေအနေက “အမိုးမဲ့ အကျဉ်းထောင်” တခုနှင့်ပင်တူနေသည်ဟု လူ့အခွင့်အရေး အဖွဲ့များက ခိုင်းနှိုင်းရသည့်အထိ ပိတ်ဆို့မှုအခြေအနေက တင်းကျပ်လွန်းသည်။

လက်ရှိတွင် အစ္စရေးသည် ဟားမတ်စ်နှင့် စစ်ဖြစ်နေသည်။ ၂၀၂၃ ၊ အောက်တိုဘာ ၇ ရက်က ဟားမတ်စ်နှင့် အခြား အစွန်းရောက်အဖွဲ့တခုဖြစ်သည့် ပါလက်စတိုင်း အစ္စလမ္မစ် ဂျီဟတ်မှ စစ်သွေးကြွများက တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ရာ အစ္စရေးနိုင်ငံသား ၁,၄၀၀ ကျော် သေဆုံးပြီး လူ ၂၄၀ ကျော် ဓားစာခံဖမ်းခံခဲ့ရသည့် ကြောက်မက်ဖွယ် ရမ်းကားမွှေနှောက်မှုတခုနောက်ပိုင်း ပေါ်ပေါက်လာသည့် ပဋိပက္ခတခုဖြစ်သည်။ အစ္စရေးက လက်တုံ့ပြန်ပြီး ဂါဇာကမ်းမြှောင်ကို ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်ရင်း မြေပြင် ကျူးကျော်ဝင်ရောက်တိုက်ခိုက်ရာ ပါလက်စတိုင်း သောင်းချီ သေဆုံး၊ ဒဏ်ရာရရှိသည်။

ကျယ်ပြန့်သော ပဋိပက္ခနှင့်ပတ်သက်၍ ယခင်က အစ္စရေးရော၊ ပါလက်စတိုင်း အာဏာပိုင်တို့ရော ထောက်ခံချက်ပေးပြီး နိုင်ငံတကာက ထောက်ခံသော နိုင်ငံရေးဖြေရှင်းနည်းလမ်းမှာ “နှစ်ပြည်ထောင် ဖြေရှင်းနည်းလမ်း” ဖြစ်သည်။ ထိုနည်းလမ်းအရ အနောက်ဘက်ကမ်း၏ အများစုနှင့် ဂါဇာတွင် ပါလက်စတိုင်းကို လွတ်လပ်သော နိုင်ငံတခုအဖြစ် ထူထောင်စေမည် ဖြစ်ပြီး နယ်မြေ၏ ကျန်နေရာများကို အစ္စရေးအတွက် ထားရှိမည် ဖြစ်သည်။ ထို နှစ်ပြည်ထောင် အစီအစဉ်က သီအိုရီအားဖြင့် ရှင်းလင်းသော်လည်း ယင်းကို လက်တွေ့အားဖြင့် မည်သို့ ဖြစ်မြောက်အောင် လုပ်မည်လဲ ဆိုသည်နှင့်ပတ်သက်ပြီး နှစ်ဖက်စလုံးက နက်နက်ရှိုင်းရှိုင်း သဘောကွဲနေကြဆဲဖြစ်သည်။ ထို့ပြင် နှစ်ဖက်စလုံးရှိ ဩဇာညောင်းသော အုပ်စုအဖွဲ့များက ယင်းကို လုံးလုံးလျားလျား ဆန့်ကျင်သည်။

နှစ်ပြည်ထောင် ဖြေရှင်းနည်းလမ်းတခုအစား အခြားရွေးချယ်စရာ နည်းလမ်းက “တပြည်ထောင် ဖြေရှင်းနည်း” ဖြစ်သည်။ ယင်းတွင် နယ်မြေ၏ နေရာအားလုံးသည် အစ္စရေးပြည်ကြီး၊ ပါလက်စတိုင်းပြည်ကြီး သို့မဟုတ် အမည်သစ်တခုဖြင့် မျှဝေရှိသည့် နိုင်ငံအမျိုးအစားတခုခု ဖြစ်လာမည် ဖြစ်သည်။ ခြုံငုံ၍ ပြောရပါက ထိုရလဒ်များက နှစ်ပြည်ထောင် (နှစ်နိုင်ငံ) ထက် လက်ရှိတွင် ပို၍ပင် ဖြစ်နိုင်ခြေနည်းသည့်ပုံ ရှိသည် ဖြစ်သည့်အတွက် များမကြာမီ အချိန်တခုခုတွင် တရားဝင် ဖြေရှင်းနည်းလမ်းတခုခု ဖြစ်လာမည်လား အပေါ် တွေးကြည့်ရန် ခက်ခဲစေသည်။

အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုနှင့် နောက်ဆက်တွဲဖြစ်သော ဂါဇာစစ်ပွဲ နောက်ပိုင်းတွင် ပဋိပက္ခ၏ ရှေ့ရေးအလားအလာကို ကြိုတင် ခန့်မှန်းရန်က ပိုလို့ပင် ခက်ခဲနေသည်။ စစ်ပွဲက ဒေသအတွက် ထိုမျှလောက် အဓိက ဂယက်ရိုက်ခတ်မှုများနှင့်အတူ ဖြစ်သည့် ဤကဲ့သို့ အဓိက ဖြစ်ပေါ်မှုအခြေအနေတခုပင် ဖြစ်သည်။ ယင်းက မိမိတို့ သိရှိသည့် အစ္စရေး-ပါလက်စတိုင်း ဆက်ဆံရေး၏ သဘောသဘာဝကို ပြောင်းလဲနိုင်သည်။

(ကိုလူအေး ဘာသာပြန်သည်)