နွေဦးတော်လှန်ရေးနေ့စဉ်မှတ်စု (၁၂ ဖေဖော်ဝါရီ ၂၀၂၄) 

အမျိုးသားညီညွတ်ရေးအစိုးရ 

  • အာဏာရှင် စနစ်ချုပ်ငြိမ်းရေး နှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး ပန်းတိုင်ကို မသွေဖည်သည့်  လုပ်ဆောင်ချက်များ သဘောတူညီချက်များကို ညီညီညွတ်ညွတ် ထောက်ခံအားပေးရမည်ဖြစ်ကြာင်း အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက (၇၇)နှစ်မြောက် ပင်လုံစာချုပ်ချုပ်ဆိုခြင်းနေ့ အခမ်းအနားတွင် ပြောသည်။ 
  • ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့ အခြေစိုက် အကြမ်းဖက် စစ်တပ်၏ ခလရ ၇၃ တပ် ရင်း အပါအဝင် စစ်တပ်စခန်းများကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်သား ၇၀ ခန့် သေဆုံးပြီး တပ်ရင်း အတွင်းရှိ အဆောက်အအုံများ၊ အရေးကြီးစာရွက်စာတမ်းများနှင့် ခဲယမ်းများကို သိမ်း ဆည်း ဖျက်ဆီးနိုင်ခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ 
  • ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ပဲခူးရိုးမအတွင်းရှိ မင်းလှဆည်ပေါ်ရှိ ရှင်းလင်း ဆောင်စခန်း နှင့် တာဝါတိုင် စစ်တပ်စခန်းတို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၅ ဦး သေဆုံးပြီး ဒုတပ်ကြပ် တစ်ဦးကို လက်နက်နှင့်အတူ အရှင်ဖမ်းမိခဲ့ကြောင်း သာယာ ဝတီခရိုင်တပ်ရင်း ၃၈၀၂ မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဇော်ကြီး၏ ပြောဆိုချက်ကို ကိုးကားပြီး ရန်ကုန်ခေတ်သစ်သတင်းဌာနတွင် ဖော်ပြထားသည်။ 
  • ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ မင်းလှဆည်ပေါ်ရှိ ရှင်းလင်းဆောင် စခန်းသိမ်း တိုက်ပွဲအတွင်း သေ နတ်ဒဏ်ရာများဖြင့် အရှင်ဖမ်းမိသော ဒုတပ်ကြပ် ၁ ဦး ဖေဖော်ဝါရီ ၁၂ ရက်၊ နံနက်ပိုင်းက ဆေး ကုသမှုခံယူနေစဉ် သေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူတစ်ဦးက ပြော သည်။ 
  • မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်တွင် စစ်ကောင်စီ လက်အောက်ခံ ပျူစောထီးအဖွဲ့ဝင် လေးဦး လက်နက်များနှင့်အတူ အလင်းဝင်လာကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)  အမှတ်(၁) စစ်ဒေသ မကွေးတိုင်းကွပ်ကဲရေးရုံးက ယမန်နေ့က ထုတ်ပြန်သည်။ 

တော်လှန်ရေးလှုပ်ရှားမှုများ 

  • စစ်ကိုင်းတိုင်း ၊ တမူးမြို့နယ်က အောင်ဇေယျ စစ်ကောင်စီတပ်စခန်းကို နှစ်ရက်ကြာ ထိုးစစ်ဆင် တိုက်ခိုက်ပြီးနောက် ဖေဖော်ဝါရီ ၁၀ ရက်တွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း ကူကီး အမျိုးသား တပ်မ တော် (မြန်မာပြည်) KNA(Burma) ထံမှ သိရသည်။ 
  • စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်တွင် စစ်တပ်က လူငယ်များကို ဦးတည် ဖမ်းဆီးမှုများ လုပ်ဆောင် နေသဖြင့် ယနေ့ ဖေဖော်ဝါရီ ၁၂ ရက်တွင်  မြို့ပေါ်တွင် အသွားအလာ မရှိဘဲ ခြောက်ကပ် နေ ကြောင်း မြို့ခံများထံမှ သိရသည်။ 
  • စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် စစ်ကောင်စီတပ်များက လုံခြုံရေး တင်းကျပ် နေသည့်ကြားမှ စစ်အာဏာရှင် အမြစ်ဖြတ်ရေး ယနေ့ ဖေဖော်ဝါရီ ၁၂ ရက် တွင် လူထု သပိတ်ချီတက်ကြောင်း သိရှိရသည်။ 
  • စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွာ – မန္တလေးလမ်းမကြီးပေါ်ရှိ စစ်ကောင်စီတပ်စခန်းက လူငယ်များအား စစ်ဆေး ဖမ်းဆီးမှုများ ပြုလုပ်နေ၍ သတိထားသွားလာကြရန် ​ပြည်သူ့ကာကွယ်ရေးအဖွဲ့များက သတိပေးသည်။ 
  • စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ရှိ စိန်ကုန်းတိုးချဲ့ ရပ်ကွက်ရှိ စသုံးလုံးရုံးကို ဖေဖော်ဝါရီ ၁၁ ရက်၊ ည ၇ နာရီ မိနစ် ၄၀ ခန့်က လက်ပစ်ဗုံး၂ လုံး ပစ်သွင်း တိုက်ခိုက်မှု အဆောက်အဦး ထိခိုက် ပျက်စီး ခဲ့ကြောင်း အာဏာရှင်စနစ် တိုက်ဖျက်ရေး ပြည်သူ့တပ်ဖွဲ့ (PAFD) မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ 
  • စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်က ထပ်မံ စစ်ကြောင်းထိုး လာသော ကြောင့် ကျေးရွာ ၉ ရွာကျော်မှ ပြည်သူ ၃၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင် နေရကြောင်း ရေဦး အခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) ၏ ပြောဆိုချက်ကို ကိုးကားပြီး ရန်ကုန်ခေတ်သစ် မီဒီယာတွင် ဖော်ပြထားသည်။ 
  • တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်၊ ကော့ရဲကြီးကျေးရွာသား ၂ ဦးကို ဖေဖော်ဝါရီ ၁၁ ရက်၊ နံနနက် ၇ နာရီခန့်က အကြမ်းဖက် စစ်တပ် လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ဝင်က ပစ်ခတ်ရာ ပြည်သူ ၁ ဦး သေဆုံးခဲ့ကြောင်း ဒေသခံပြည်သူများက ပြောသည်။ 
  • မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ မုပ္ပလင်လမ်းဆုံ စစ်ဆေးရေးဂိတ် နှင့် စစ်တောင်းတံတားထိပ်ရှိ စစ်ကောင်စီ ဂိတ်တို့ကို ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF)က သတင်းထုတ်ပြန်သည်။ 
  • ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့ကို ဖေဖော်ဝါရီ ၁၀ ရက်၊ နံနက်ပိုင်းက အကြမ်းဖက် စစ်ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီး များဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် ဘာသာရေး အဆောက်အအုံ ၇ လုံး နှင့် ပြည်သူ့နေအိမ် အလုံး ၅၀ နီးပါး ထိခိုက်ပျက်စီးခဲ့ရကြောင်း PNLA က ထုတ်ပြန်သည်။ 
  • ရှမ်းပြည်နယ် အခြေစိုက်၊ အမှတ် ၁၀၀၈တပ်ရင်း -SSRY တပ်ခွဲ ၁ Eagle Force တပ်ဖွဲ့က ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျရောက်သည့် ၇၇ ကြိမ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုကြောင်း အဆိုပါ တပ်ဖွဲ့က ထုတ်ပြန်ထားသည်။ 
  • တိုင်းရင်းသားပါတီ ၁၂ ခုဖြင့် ဖွဲစည်းထားသည့် ဖက်ဒရယ်ဖော်ဆောင်ရေး ပြည်သူ့ ကိုယ်စားလှယ်များ ကော်မတီ (PRCF)က ရေးဆွဲသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုဖွဲစည်းပုံအခြေခံဥပဒေ (နောက်ဆုံးမူကြမ်း)ကို ယနေ့ ဖေဖော်ဝါရီ ၁၂ ရက်တွင် ထုတ်ပြန်လိုက်သည်။ 
  • အကြမ်းဖက် စစ်ကောင်စီက ပြည်သူ့ စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီးနောက် လူငယ် လူရွယ်များ ကို စစ်တပ်ထဲသို့ ခေါ်သွင်းရန် ပြင်ဆင်နေချိန် စစ်အာဏာရှင် တော်လှန်ရေး တပ်ဖွဲ့များကလည်း တော်လှန်ရေးရဲဘော်သစ်များကို အပြိုင်အဆိုင် ခေါ်ယူနေကြောင်း သိရှိရသည်။ 

တိုင်းရင်းသားလက်နက်ကိုင်များ 

  • ရခိုင်ပြည်နယ်ရှိ စစ်ကောင်စီစခန်းများကို လက်နက်ချ အညံ့ခံရန် ‌ပြောကြားထားပြီး လက်နက်ချ အညံ့မခံသည့် စစ်စခန်းတိုင်းကို တိုက်ခိုက်မည်ဟု AA က ထုတ်ပြန်သည်။ 
  • ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ကို AA က သိမ်းပိုက်ပြီးနောက် စစ်တပ် ခမရ ၃၇၇ နှင့် ခမရ ၃၇၈ တို့မှ သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းဓာတ်ပုံများကို ထုတ်ပြန်လိုက်သည်။ 
  • ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ အပေါက်၀ ကျေးရွာအနီးတွင် စစ်ကောင်စီ စစ်သင်္ဘော ၃ စီးကို AA က နစ်မြှုပ်လိုက်ကြောင်း ဓာတ်ပုံ သက်သေများနှင့်တကွ ထုတ်ပြန်လိုက်သည်။ 
  • ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်တွင် သတင်းထောက်ဟောင်း ကိုဖိုးသီဟနှင့် ကိုကျော်ဇံဝေ (ခေါ်) ကိုရင်ဆို့ အပါအဝင် အရပ်သား ၉ ဦးကို စစ်ကောင်စီတပ်က သတ်ဖြတ်လိုက်ကြောင်း ဖေဖော်ဝါရီ ၁၁ ရက်တွင်  ရက္ခိုင့်တပ်တော် AA က အတည်ပြု သတင်းထုတ်ပြန်သည်။ 
  • ဖေဖော်ဝါရီ ၈ ရက်တွင် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ ရေ‌ကြောင်း တိုက်ပွဲတွင် စစ်သင်္ဘော သုံးစင်းကို လက်နက်ချရန် သုံးကြိမ် အ‌ကြောင်းကြားခဲ့ပြီးရေကူးလွတ်‌မြောက်လာသူများစွာကို ကယ်တင် ထားသည်ဟု AA က ဖေဖော်ဝါရီ ၁၁ ရက် ညပိုင်းတွင် ထုတ်ပြန်သည်။ 
  • ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ နှင့် ရန်ကုန်- စစ်တွေ ကားလမ်းမရှိ ကစ္ဆပနဒီ တံတားကို စစ်ကောင်စီက ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင် ဂျက်တိုက်လေယာဉ် တစ်စီးနှင့် လာရောက် ဗုံးကြဲခဲ့ကြောင်း ကျောက်တော် ဒေသခံများက ပြောသည်။ 
  • ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်ရှိ ဆင်ဘိုမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က သိမ်းပိုက်ထိန်းချုပ်လိုက်ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ 
  • ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ နန့်တိမ် ဒေသသို့ ထိုးစစ်ဆင်လာသည့် စစ်ကြောင်းကို ဖေဖော်ဝါရီ ၁၁ ရက်၊ နံနက် ၇ နာရီခန့်တွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်များခဲ့ပြီး သေဆုံးသူများအတွင်း အရာရှိ ပါဝင်ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ 
  • ကိုးကန့်တော်လှန်ရေး အိမ်ပြန်ခရီးနှင့်အတူ တအာင်းလူထုများ၏ နိုင်ငံရေးမျှော်မှန်းချက် အကောင်အတည်ဖော်နိုင်ပြီ ဖြစ်သည်ဟု တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ဒုဗိုလ်ချုပ်ကြီး တာအိုက်ဘုန်းက ပြောသည်။ 

စစ်ကောင်စီ 

  • လက်ရှိကာလတွင် ပြည်တွင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့ နဲ့ ပြည်တွင်း၊ ပြည်ပမှ အဖျက်သမားများသည် မိမိတို့ နိုင်ငံအကျိုးကို မလိုလားသော ပြည်ပအင်အားကြီး နိုင်ငံအချို့၏ သွေးထိုးမြှောက်ပင့်အားပေးမှုတို့ဖြင့် ဆူပူအကြမ်းဖက်မှုမျိုးစုံနှင့် တိုက်ပွဲများ ဖော်ဆောင်လျက် ရှိကြောင်း စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်က ယနေ့ ကျရောက်သည့် ၇၇ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြထားသည်။ 
  • စစ်ကောင်စီက ဖေဖော်ဝါရီ (၁၁) ရက်စွဲဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့စည်းကမ်းထိန်းသိမ်းရေး ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကို ထုတ်ပြန်လိုက်သည်။ 
  • အကြမ်းဖက်စစ်ကောင်စီက ပြည်သူတိုင်း မဖြစ်မနေ စစ်မှုထမ်းရမည့် ပြည်သူ့စစ်မှုထမ်း ဥပေဒ ကို ပြဋ္ဌာန်းကျင့်သုံးရခြင်းသည် PDF နှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို တိုက်ဖျက်ရန် ဖြစ်ကြောင်း အကြမ်းဖက် စစ်ကောင်စီပြောခွင့်ရ ဇော်မင်းထွန်းက ယနေ့ထုတ် စစ်ကောင်စီ သတင်းစာများတွင် ထုတ်ဖော်ပြောဆိုသည်။ 
  • တနင်္သာရီတိုင်းတွင် လေယာဉ်လက်မှတ်ဝယ်ယူခြင်းနှင့် လေယာဉ်စီးခြင်းများအတွက် မြို့နယ်၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး ထောက်ခံချက်ပါရှိမှ ရောင်းချပေးရန် နှင့် လေဆိပ်သို့ အုပ်ချုပ်ရေးမှူး ထောက်ခံချက် ယူဆောင်ရန် စစ်တပ်က လျှို့ဝှက် ညွှန်ကြားချက်တစ်ရပ်ကို ထုတ်ပြန်လိုက်ကြောင်း သိရသည်။ 
  • မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ ဆိပ်ကမ်းလုပ်ငန်းများနှင့်ရေကြောင်းပြ လုပ်ငန်းများတွင် ပိုမိုကောင်းမွန်သည့် ဝန်ဆောင်မှုများ ပေးနိုင်စေရေးအတွက် စုစုပေါင်းအမေရိကန်ဒေါ်လာ ၂၀.၆၇ သန်း အကုန်အကျခံကာ တည်ဆောက်ထားသည့် ခေတ်မီ ရေယာဉ်အသစ် (၈) စီး လုပ်ငန်းခွင်သို့ စတင်ဝင်ရောက်ပြီဖြစ်ကြောင်း စစ်ကောင်စီ ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေးဝန်ကြီး  ဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြောသည်။ 
  • ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံကထွက်ရှိသည့် ပဲမျိုးစုံကို ပြည်ပနိုင်ငံအသီးသီးသို့  တင်ပို့ရာ  အမေရိကန်ဒေါ်လာသန်း ၁၁၀၀ ကျော်ရရှိကြောင်း စစ်ကောင်စီ လက်အောက်ခံ စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ 
  • ပြီးခဲ့သည့် ဇန်နဝါရီလတွင် ပြည်ပသို့ လုပ်သားစေလွှတ်မှုစာရင်း ပေးပို့ခြင်းမရှိသည့် အေဂျင်စီ (၃၀) ကျော်ရှိကြောင်း စစ်ကောင်စီ လက်အောက်ခံ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၏ ပေးပို့ထားသည့်စာရင်းများအရ သိရသည်။ 
  • ရေအောက်ကေဘယ်ဆက်ကြောင်း သွယ်တန်းရန်တိုင်းတာနေ၍  သတ်မှတ်ဧရိယာအတွင်း သင်္ဘောစက်လှေ၊ ငါးဖမ်းလှေစသည့် ရေယာဉ်များမဖြတ်သန်းရန် နှင့် ငါးမဖမ်းရန် စစ်ကောင်စီ လက်အောက်ခံ ငါးလုပ်ငန်းဦးစီးဌာနမှ သတိပေးချက် ထုတ်ပြန်လိုက်သည်။ 
  • မန္တလေးမြို့တွင် ယနေ့ နံနက်ပိုင်းက လက်နက်ကိုင်များပါဝင်သော အမည်မသိလူတစုက ရခိုင်မုန်းတီးရေး နှင့် လူမျိုးရေးပဋိပက္ခဖြစ်စေရန်လှုံ့ဆော်သည့်စာများ လိုက်ကပ်သွားကြောင်း ဒေသခံများထံမှ သိရသည်။ 

ဖေဖော်ဝါရီ၁၂ သုံးသပ်ချက် 

  • အာဏာသိမ်းစစ်တပ်သည် ရခိုင်ဒေသတွင် မထိန်းချုပ်နိုင်တော့ဘဲ စစ်ရေးရှုံးနိမ့်မှုများနှင့် မြို့များစွာကို လက်လွတ်ဆုံးရှုံးနေရသလို ထွက်ပြေးတိမ်းရှောင်မှုများ နှင့် သေဆုံးမှု များပြားနေပြီး လက်နက်ခဲယမ်းများလည်း ဆုံးရှုံးမှုများပြားနေသည်။ 
  • စစ်ကောင်စီက တော်လှန်ရေးတပ်များ ထိန်းချုပ်ထားသည့် နယ်မြေဒေသများတွင် ဝင်ထွက် သွားလာမှု ကန့်သတ်ပိတ်ပင်မှုများကို အတင်းအကျပ်လုပ်ဆောင်နေသည်ကို တွေ့ရသည်။