နွေဦးတော်လှန်ရေးနေ့စဉ်မှတ်စု ( ၅ဇန်နဝါရီ၂၀၂၄ ) 

အမျိုးသားညီညွတ်ရေးအစိုးရ 

  • ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ စစ်ဒေသခွဲ ၂ တောင်ငူအခြေစိုက် တပ်ရင်း ၃၅၀၁ တပ်ခွဲ ၁ ၏ ထိန်းချုပ် နယ်မြေ အတွင်း၌ အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) ပညာရေးဝန်ကြီးဋ္ဌာန (MOE) နှင့် တောင်ငူ မြို့ နယ်ပညာရေးကော်မတီတို့နှင့်ချိတ်ဆက်၍ ကြားကာလပြည့်သူ့ အခြေပြုစာသင် ကျောင်း ပေါင်းစုံ ဆုပေးပွဲနှင့် စုံညီပွဲတော်အခမ်းအနားကို ဇန်နဝါရီလ ၃ ရက်နေ့က အောင်မြင်စွာ ကျင်းပခဲ့ကြောင်း သိရသည်။ 
  • ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ သံဘိုကျေးရွာ စစ်တပ်စခန်းတွင် ဖမ်းဆီးရရှိသည့် ဒုတိယဗိုလ်မှူးကြီး သက်အောင် သည် ပြည်သူ့ကာကွယ်ရေးတပ်၏ လက်ထဲသို့ ရောက်ရှိမှ အသက်အန္တရာယ်ကင်းရှင်းပြီဟု စိတ်လက်ပေါ့ပါးသွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောဆိုလိုက်သည်။ 
  • အကြမ်းဖက်စစ်ကောင်စီအတွက် ယခုနှစ်သည် နောက်ဆုံးနှစ်ဖြစ်လိမ့်မည်ဟု ဇန်နဝါရီ ၄ ရက်နေ့ က ပြုလုပ်ခဲ့သည့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့ အုပ်ချုပ်ရေး ဖော်ဆောင်မှုဗဟို ကော်မတီ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောသည်။ 
  • စစ်အုပ်စုလက်အောက်ခံ တပ်မှုးတပ်သားများနှင့် ရဲတပ်ဖွဲ့ဝင်များကို အချိန်မီ ပြည်သူဘက်က ရပ်တည်ရန် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က တိုက်တွန်း အသိပေး နှိုးဆော်ပေးထားသည်။ 
  • တနှစ်တာအတွင်း အာဏာသိမ်း အကြမ်းဖက်စစ်အုပ်စုက အရပ်သားပြည်သူ ၅ ယောက်နှင့် အထက် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ၈၆ ခုထိ ကျူးလွန်ခဲ့ပြီး စစ်ကိုင်းတိုင်း၌ အများဆုံး ဖြစ်ပွားခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ပြောသည်။ 

တော်လှန်ရေး လှုပ်ရှားမှုများ 

  • တရုတ်နိုင်ငံဘက်ခြမ်းသို့ မြန်မာဘက်မှ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲပြီး ၅ ဦးဒဏ်ရာ ရရှိမှု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြင်းပြင်းထန်ထန် ရှုတ်ချ ကန့်ကွက်ကြောင်း တရုတ်နိုင်ငံ ခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Wang Wenbin က ဇန်နဝါရီလ ၄ ရက်နေ့တွင် ထုတ် ဖော်ပြောဆိုသည်။ 
  • လက်ပံတောင်းတောင် ဒေသတွင် ပြည်သူအများ စုပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်တိုက်ပွဲ လှုပ်ရှားမှုပြုလုပ်ခဲ့ကြသည်။ 
  • ယင်းမာပင်မြို့နယ်တွင် နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး လူထုသပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇန်နဝါရီ ၅ ရက်နေ့တွင် စစ်အာဏာရှင် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။ 
  • တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်အတွင်းမှ စစ်ကောင်စီလက်အောက်ခံ ခမရ(၄၀၉) တပ်ရင်းအား ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုတွင် ဒေါနစစ်ကြောင်းမှ အမျိုးသမီးစစ်သည်တော်များ ပထမဆုံး အနေဖြင့် ပူး ပေါင်းပါဝင်ခဲ့ကြောင်း သတင်းရရှိသည်။ 
  • စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ညောင်ပင်ဖြူရဲစခန်းမှ ထွက်လာသော စစ်ကောင်စီတပ်သားများကို ပြောက်ကျား ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မုံရွာခရိုင်တပ်ရင်း ၄ -Chindwin Attack Force မှ တာဝန် ရှိသူတစ်ဦးက ပြောသည်။ 
  • စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်​ဒေသတွင် သပိတ်ကော်မတီဝင်များနှင့် ဒေသခံကျောင်းသားပြည်သူများ ပူးပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်တိုက်ပွဲ လှုပ်ရှားမှုကို ယနေ့(ဇန်နဝါရီ ၅) နံနက် ချီတက်ဆန္ဒပြခဲ့ကြသည်။ 

တိုင်းရင်းသား လက်နက်ကိုင်များ  

  • ရှမ်းပြည်နယ်၊ ဟိုပန်မြို့ကို UWSA “၀” တပ်ဖွဲ့က ဝင်ရောက် နေရာယူပြီး ၀ တပ်ဖွဲ့ အလံလွှင့် တင်ပြီး တစ်မြို့လုံးကို ထိန်းချုပ်ကာ မြောက်ပိုင်း ညီနောင် မဟာမိတ် ၃ ဖွဲ့နှင့်အတူ ရှိနေကြောင်း ရန်ကုန်ခေတ်သစ် သတင်းတွင်ဖော်ပြထားသည်။ 
  • ရှမ်းပြည်နယ်မြောက်ပိုင်း၊ ပန်လုံ၊ ဟိုပန်၊ တာကော်အတ်၊ မန့်မန်းဆိုင်နှင့် မော်ဖဒေသများတွင် စစ်ကောင်စီ၏ အကာအကွယ်ယူ ထွက်ပြေးလွတ်မြောက်သွားသော ကျားဖြန့် အွန်လိုင်းလုပ်ကိုင်သူ များနှင့် မူးယစ်ဆေးဝါးရောင်းဝယ်သူများကို လိုက်လံဖမ်းဆီး နယ်မြေရှင်းလင်းရေးလုပ်မည်ဟု ညီနောင် ၃ ဖွဲ့က ကြေညာသည်။ 
  • ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့အား အလုံးစုံသိမ်းပိုက်နိုင်ရန် စစ်ကောင်စီ၏ ကွတ်ခိုင် ဗျူဟာကုန်း တခုသာ ကျန်ရှိပြီး တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်( PSLF/TNLA) က ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိကြောင်း ကွတ်ခိုင်ဒေသခံများထံက သိရသည်။ 
  • ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့ကို ပူးပေါင်းတပ်က ထိန်းချုပ်ထားပြီး မြို့ပြင်တွင် နောက်ဆုံး ကျန်ရှိနေသည့် အမှတ်(၁၆) ခြေလျင်တပ်မဟာကို ယခု ဇန်နဝါရီလ ပထမအပတ်တွင် အရှိန်မြှင့် ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA ) ပြောရေးဆိုခွင့်ရှိသူ ရဲဘော် ဟိန်းဇင်က မဇ္ဈိမကို ပြောသည်။ 
  • ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့ရှိ စစ်ကောင်စီ၏ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်မှ စစ်ကောင်စီတပ်သားအများစုသည် ဇန်နဝါရီလ ၃ ရက် ညနေပိုင်းက မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)ထံ လက်နက်ချလိုက်ပြီဖြစ်ကြောင်း MNDAA နှင့် နီးစပ်သူများက အတည်ပြုသည်။ 
  • ကရင်အမျိုးသားအစည်းအရုံး(KNU)ဖာပွန်ခရိုင် တပ်မဟာ(၅)နယ်မြေတွင် ယမန်နှစ်က တိုက်ပွဲပေါင်း ၁၈၀၀ကျော် ဖြစ်ပွားခဲ့သည်ဟု တပ်မဟာ(၅)က သတင်းထုတ်ပြန်သည်။ 
  •  

စစ်ကောင်စီ  

  • တိုက်ပွဲများ မြို့ပြနေရာများအထိ ဆင်နွှဲလာကြပြီး ရှေ့တန်းနယ်မြေ ပိုမိုကျယ်ပြန့်လာကြောင်း စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယမန်နေ့ ဇန်နဝါရီလ ၄ ရက်နေ့က ဝန်ခံပြောဆိုသည်။ 
  • မြို့ပြတိုက်ပွဲများဖြစ်ပွားလာပြီး ရှေ့တန်းနယ်မြေများ ပိုမိုကျယ်ပြန့်လာသဖြင့် စစ်သား ဇနီး၊ မယားများကို အရေးကြုံပါက စစ်တိုက်ခိုင်းမည့်စကား အာဏာသိမ်းစစ်ခေါင်းဆောင်က ပြောဆိုသည်။ 
  • တနင်္သာရီတိုင်း၊ မြိတ်နှင့် ထားဝယ် အကျဉ်းထောင်တို့မှ လွတ်ငြိမ်းဖြင့် လွတ်မြောက်လာသည့် အကျဉ်းသား ၁၇၁ ဦး အနက် နိုင်ငံရေးအကျဉ်းသား ခြောက်ဦးသာ ပါဝင်ကြောင်း ပြန်လည် လွတ်မြောက်သော အကျဉ်းသား မိသားစုဝင်များထံမှ သိရသည်။ 
  • ဇန်နဝါရီ ၅ ရက်နေ့တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း အမေရိကန်ဒေါ်လာ ၁၆ သန်း ရောင်းချပေးမည်ဟု ထုတ်ပြန်သည်။ 
  • ရွေးကောက်တွင် မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီများနှင့် စစ်ကောင်စီ ဥက္ကဋ္ဌ တို့ နေပြည်တော်၌ ယခု ရက်ပိုင်း တွေ့ဆုံရန်ရှိနေကြောင်း သိရသည်။ 
  • နယ်ချဲ့အင်အားကြီး နိုင်ငံများက ၎င်းတို့၏ အကျိုးစီးပွားအတွက် နိုင်ငံငယ်လေးပေါ် နည်းလမ်းမျိုးစုံသုံးပြီး ခြယ်လှယ်နေကြကြောင်း စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။ 

ဇန်နဝါရီ သုံးသပ်ချက် 

  • ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ကောင်စီ၏ အင်အားအကြီးမားဆုံးဟုဆိုရမည့် လောက်ကိုင် ဒကစ မှစစ်ကောင်စီတပ်သားများသည် လက်နက်ချအညံ့ခံလိုက်ခြင်းကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ကောင်စီ၏ တပ်များ လားရှို့းမြို့တွင်သာကျန်တော့သည်ဟု ဆိုရမည်ဖြစ်သည်။ ယင်းလားရှိုးမြို့သိမ်း လိုက်နိုင်ပါက ရှမ်းမြောက်တစ်ခွင် အကြမ်းဖက်စစ်တပ်လက်အောက်မှ လွတ်မြောက်ပြီးဟုဆိုနိုင်သည်။ 
  • ဟိုပန်မြို့သိမ်းတိုက်ပွဲအတွင်း ဝတပ်ဖွဲ့ဝင်အများအပြားကို တွေ့ရပြီး ယင်းမြို့ကိုလည်း ဝ တပ်မှ ထိန်းချုပ်ထားသည်ဟု သတင်းများက ဖော်ပြထားသည်။စစ်အာဏာရှင်တော်လှန်ရေးအတွင်း ဝ တပ်ဖွဲ့များ ပါဝင်လာခြင်းသည် ထူးခြားမှုဟု ဆိုရမည်ဖြစ်သည်။